သတင်း

“သိက္ခာဆင့် ကံမြှင့်အခမ်းအနား”

“သိက္ခာဆင့် ကံမြှင့်အခမ်းအနား”

================

စာရေးသူရဲ့ သင်္ကန်းတော်ဆင်မြန်းပွဲ အခမ်းအနားလေးပါ။

အလွယ်ပြောရရင်တော့ သင်္ကန်းဝတ်ပွဲ ကံထပ်ပွဲပေါ့နော်။

22.9.2021 ရက်နေ့ မွန်းလွဲ ၃း၀၀ နာရီမှာ ကျင်းပပါတယ်။

ရွှေတိဂုံတောင်ဘက်မုခ်အနီး မဟာဝိဇယစေတီတော်ကြီးဘေးက ရဟန္တာသိမ်တော်ကြီးမှာ ကျင်းပတာပါ။

ရွာမဆရာတော်ကြီးနှင့်အတူ ဇွဲကပင်ဆရာတော်ကြီး၊ မြစေတီဆရာတော်ကြီး၊ ပန်းတနော်ဆရာတော်ကြီးနှင့် မော်ကျွန်းတိပိဋကဆရာတော်တို့ ကြွရောက်ချီးမြှောက်တော်မူကြပါတယ်။

ကမ္မဝါရွတ်ဖတ်တော်မူတဲ့အခါ ဝိစိတ္တော ဝိစိတ္တံ စသည်ဖြင့် စာရေးသူရဲ့ ရဟန်းဘွဲ့အမည်နာမကို တိုက်ရိုက်သုံးစွဲပြီး ရွတ်ဖတ်တော်မူခဲ့ကြပါတယ်။

သင်္ကန်းဒွိစုံနှင့် ဒုကုဋ်သင်္ကန်းကြီး အလှူရှင်ကတော့ ဦးရန်ကြီးအောင်+ ဒေါ်တင်တင်မော် မိသားစုဖြစ်ပြီး သပိတ်နှင့် ပရိက္ခရာအလှူရှင်ကတော့ ဒေါ်အေးအေးသိန်း ယွန်းဝတီရွှေဆိုင် မိသားစု (မော်လမြိုင်) ဖြစ်ပါတယ်။

အခြေအနေအရပ်ရပ်အရ စီစဉ်တော်မူသော ဆရာတော်ကြီးများရဲ့ ဆန္ဒတော်ကို ဦးထိပ်တင်ကျင်းပခဲ့ရလို့ ပရိသတ်များကို မဖိတ်ကြားနိုင်ခြင်း၊ ကြိုတင်အသိမပေးနိုင်ခြင်း ဖြစ်ပါတယ်။

သိက္ခာထပ် ကံဆောင်အပြီးမှာ ရွှေတိဂုံစေတီရင်ပြင်သို့ ဘုရားဖူးကြွရောက်ခဲ့ပါတယ်။ အလယ်ပစ္စယံမှာ အနေကဇာတင်ပြီး ပတ္တမြားမျက်ရှင် ရုပ်ပွားတော်ရှေ့မှာ ပဗ္ဗာဇနီယ ကမ္မဝါစာများ ရွတ်ဖတ်ခဲ့ကြပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့

ပြည်သူများ အသက်အိုးအိမ်စည်းစိမ် လုံခြုံဖို့ အထူးရည်ရွယ်ပါတယ်။

အမိန့်တော်ပြန်တမ်း အမေးအဖြေလုပ်သူနှင့် ကမ္မဝါကို ဦးဆောင်ရွတ်ဖတ်သူကတော့ ပန်းသုံးဝဆရာတော်နှင့် ထားဝယ်ညီတော်လေးများ ဖြစ်ပါတယ်။

ဝန်းရံအားဖြည့်ရင်း ဘုရားဖူးကုသိုလ်ယူကြသူများက မျိုးချစ်သမဂ္ဂညီတော်လေးများဖြစ်ပြီး ဆီးမီးတစ်ထောင်အလှူရှင်ကတော့ ဒေါက်တာစိန်ရွှေ မိသားစု ဖြစ်ပါတယ်။

ညနေပိုင်းမှာ ဆေးရုံကိုပြန်ရောက်ပါတယ်။

ဆေးရုံပြန်ရောက်ပေမဲ့ ဆေးရုံလို့ မထင်မိဘဲ ကိုယ့်ကျောင်းကိုယ့်ကန် ပြန်ရောက်သလိုမျိုး ခံစားလိုက်ရပါတယ်။

သင်္ကန်းဆိုတာ အရဟတ္တဓဇ (ရဟန္တာတို့ရဲ့ တံခွန်) ဖြစ်လို့ တန်ခိုးကြီးတယ် မဟုတ်ပါလား။

စာရေးသူ သင်္ကန်းမဝတ်ရဘဲ ဖိုးသူတော်ဘဝနဲ့ နေခဲ့ရတာ 2.11.2020 ရက်နေ့မှ 21.9.2021 ရက်နေ့အထိပဲ ဖြစ်ပါတယ်။

ရဟန်းဘဝဆိုတာ အကျင့်က အဓိကကျပေမဲ့ သင်္ကန်းဆိုတာ ရဟန်းဘဝရဲ့ ဝတ်စုံဖြစ်ပါတယ်။

သင်္ကန်းမဝတ်ဘဲ သိက္ခာမချသေးသမျှ ရဟန်းဟာ ရဟန်းပါပဲ။

သင်္ကန်းတော်နှင့် ရဟန်းတော် ခွဲခြားလို့ မရကောင်းပေမဲ့ သင်္ကန်းတစ်ခြား ရဟန်းတစ်ခြားဘဝမျိုးနှင့် နေထိုင်ခဲ့ရတာ နှစ်ကြိမ်ပေါင်း ၁၀၉လ ကျော်ခဲ့ပါတယ်။

ဘာကြောင့် သင်္ကန်းချွတ်ခဲ့ရတာလဲ၊ ဘယ်သူတွေက သင်္ကန်းချွတ်ခိုင်းတာလဲ ဆိုတာထက် သင်္ကန်းနှင့် ခန္ဓာ မခွဲမခွာဘဲ သင်္ကန်းကပ်တဲ့ ရဟန်းမြတ်အဖြစ် ဗုဒ္ဓသာသနာတော်အတွက် ဆက်လက်ရှင်သန်ဖို့က ပိုပြီး အရေးကြီးပါတယ်။

ရံဖန်ရံခါ လောကမှာ အများအကြိုက်ဆိုပေမဲ့ ဘုရားမကြိုက်တဲ့အလုပ်မျိုးလည်း ရှိတတ်ပါတယ်။

ဘုရားအကြိုက်ဆိုပေမဲ့ အများမကြိုက်တာတွေလည်း ရှိတတ်ပါတယ်။

ဘုရားကြိုက်ဖို့က အဓိကလား အများကြိုက်ဖို့က အဓိကလား ဆိုတာ မတွေးကြဘဲ အများကြိုက်အောင် အမှားလိုက်ဆောင်နေကြတဲ့ သိက္ခာကို ရိက္ခာနဲ့ လဲစားတဲ့ ပြိတ္တာတို့ရဲ့ လာဘဂရုက လမ်းစဉ်ကို ထာဝစဉ် ရှောင်ကြဉ်ပြီး အများကြိုက်ရေး မကြိုက်ရေးဆိုတာထက်  ဘုရားကြိုက်ရေးကိုသာ အလေးထား ကျင့်သုံးသွားတော့မယ်ဆိုတာကိုတော့ ပရိသတ်အပေါင်းကို ကြေညာမောင်းခတ်လိုက်ရပါတော့တယ်။

မြန်မာပြည်ကြီး အေးချမ်းပါစေ။

ပြည်သူအားလုံး ဘေးကင်းပါစေ။

ဦးပဉ္စင်း

အရှင်ဝီရသူ

23.9.2021

PM- 01:30