သတင်း

သီတဂူဆရာတော် အသည်းနှလုံးထိခိုက်စွာ ဆုတောင်းခဲ့သော ပုဒ်မ ၃၆၁နှင့် ၃၆၂

၁၃၇၉ ခုနှစ် နယုန်လပြည့်နေ့ (၉-၆-၂၀၁၇) မနက်ပိုင်းက သီတဂူဆရာတော်ကြီးအား အောက်မြန်မာပြည် တပည့်ဒကာဒကာမ အပေါင်းတို့က အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ထပ်ဆင့် ပူဇော်ကြပါသည်။

ထိုပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို လည်းတက်ရောက်ပြီး စကားပြောပါသည်။ ထိုပွဲမှာ သီတဂူဆရာတော်ကြီးက အောက်ပါအတိုင်း ၀န်ကြီးနှင့် ပရိသတ်အား အမိန့်ရှိပါသည်။ ဒီကနေ့ (၁၀-၆-၂၀၁၇) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းသားသစ်ကြိုဆိုပွဲမှာလည်း ထက်မိန့်ပါသည်။

သာသနာရေး ၀န်ကြီးဌာနံ စိရံ တိဋ္ဌတု
_______________________________
ဒီကနေ့ ဘုန်းကြီးတို့ မြင်ထားတာတွေက ဒို့ သာသနာရေးဝန်ကြီးဌာန ဒီအတိုင်းပြည်မှာ ကြာကြာကြီး တည်ရှိပါစေ ဆိုတဲ့ ဆုတောင်းကို ဒို့ ဒီကနေ့ အလေးအနက် ဆုတောင်းတယ်။

ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းသည် ခေတ်အားလျော်စွာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် ပြောင်းလဲခြင်း ဘယ်လောက်ကောင်းတယ်၊ ဒါပေမဲ့ Sustainable development material ဘာသာသာသနာအတွက် ဆောင်ရွက်တဲ့ ဒီသာသနာရေးဝန်ကြီးဌာန သာသနာရေးဝန်ကြီးဌာန ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးတယ်၊ သာသနာရေးဝန်ကြီးဌာန မပျောက်ပြတ်သေးသမျှကာလပတ်လုံး ဒီလို သာသနာရေးလုပ်ငန်းတွေဟာ လုပ်နိုင်စရာ ထွန်းကားစရာ ဖြစ်ပါတယ်။

အဲဒီတော့ သာသနာရေးဝန်ကြီးဌာနကို ဘုန်းကြီးတို့က အခု ဆုတောင်းနေတယ်၊ ဒီကနေ့ခေတ်မှာ ပိုပြီးတော့ ဆုတောင်းရပါတယ်၊ သာသနာရေးနှင့် သာသနာရေးဝန်ကြီးဌာန ကြာကြာ တည်ရှိပါစေ၊ ကြာကြာတည်ရုံမကဘဲ သာသနာတော်ကို ထောက်ပံ့ဖို့ ဘက်ဂျက်များများလည်း ရကြပါစေ၊ ဒါလည်း ဆုတောင်းပါတယ် (အားလုံး ရယ်လျက်)။ ဘာ့ကြောင့်လဲဆိုတော့ ဒီကနေ့ခေတ် ဘုန်းကြီးတို့ သတင်းရတယ်၊ ပြည်ပက ဘွဲ့တံဆိပ်တော်လျှောက်ထားတော့ ဘွဲ့မပေးနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ လေယာဉ်လက်မှတ် စရိတ်မရှိလို့တဲ့၊ အဲဒီအသံကြားရင် အားလုံး လှူဖို့ ပြင်ထား။ ပြည်ပမှာ သာသနာပြုတဲ့ ပုဂ္ဂိုလ်တွေ စွမ်းစွမ်းတမံပြုနေကြတာ၊ နိုင်ငံတော်က ဘွဲ့တံဆိပ်တော်ကပ်တဲ့အခါ လေယာဉ်လက်မှတ် အသွားအပြန် လှူရတယ်။ ဒကာကြီး သာသနာရေးဝန်ကြီး များများသာ ဘွဲ့ပေး၊ လေယာဉ်လက်မှတ်အတွက် ဘုန်းကြီးအလှူခံပေးမယ်။ (၀န်ကြီးက တင်ပါးဘုရားလျှောက်)

အဲဒါကြောင့် အားလုံး ဒို့သာသနာရေး ၀န်ကြီးနှင့် ၀န်ကြီးဌာန ကြာကြာကြီးတည်ပါစေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဘုန်းကြီးတို့ တုန်လှုပ်တယ်၊ အသံလေးတွေ သတင်းတစ်ခု ကြားလိုက်ရတယ်၊ ဘာသာရေးကို အခြေခံသော အခြေခံဥပဒေမျိုးကို မဆွဲဘဲ ဖက်ဒယ်စနစ်ကို ခြေခံတဲ့ အခြေခံစည်းမျဉ်း Federal Constitution လာရင် ဘာသာရေးနှင့် သာသနာရေးတွေကို ပါမှပါပါ့မလားလို့ ဘုန်းကြီးတို့ စိတ်ပူမိတယ် ဒကာကြီး။

၃၆၁နှင့် ၃၆၂ ဥပဒေ
__________________
အဲဒီတော့ အဲဒီ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ၃၆၁ နိုင်ငံတော်ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်၏ အများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာ သာသနာအဖြစ် နိုင်ငံတော်က အသိမှတ်ပြုသည်။ ပုဒ်မှ ၃၆၁မှာ၊ ခြေခံဥပဒေကို ပြန်လည်ပြန်လည်၍ ရေးဆွဲတဲ့အခါ အဲဒီအပိုဒ်ကို ပြန်လည်ပါဝင်လာပါစေဆိုတာကို ဘုန်းကြီးအနေနဲ့ အဘိဓဇပူဇော်ပွဲမှာ အလေးအနက် အကြိတ်အနယ် ဆုတောင်းတယ်။

အဲလို ပါလာမှ သာသနာကြာကြာတည်တဲ့အလုပ်နှင့် သာသနာပြန့်ပွားတဲ့အလုပ်တွေကို လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီအချက် ကျန်ခဲ့မယ်ဆိုရင် ဘုန်းကြီးတို့ ရှုံးပြီ။

နောက်တစ်ခုက ပုဒ်မ ၃၆၂ မှာ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာဝင်သာသနာ အစ္စလာမ်ဘာသာဝင်သာသနာ ဟိန္ဒူဘာသာဝင်သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကိုလည်း ဖွဲ့စည်းပုံခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်ရှိနေကြကိုးကွယ်နေကြဘာသာကိုလည်း အသိမှတ်ပြုသည်။

ဒီအချက်လဲ ပြန်ပါလာရမှာ၊ ၃၆၁နှင့် ၃၆၂ ဒီနှစ်ခု မပါဘူးဆိုလို့ရှိရင် ဘာသာမဲ့နိုင်ငံဆိုတဲ့ အဓိပ္ပါယ်ရောက်သွားမှာကို ဘုန်းကြီးတို့ သိပ်စိုးရိမ်တယ်။ ဘာသာတရားတွေကို စနစ်တကျ သင်ကြ ကျင့်ကြမယ်ဆိုရင် သင်ခြင်းကျင့်ခြင်းအကျိုးကျေးဇူးဟာ သိမ်မွေ့ခြင်းနှင့် နုညံ့ခြင်း သိက္ခာတရား ဘာသာတရားတွေကို လက်ကိုင်ထားမယ်ဆိုရင် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်ပါတယ်။

ဆရာတော် အသက်ရှည်ဖို့ချည်း သိပ်ဆုတောင်းမနေနဲ့
____________________________________________
အဲဒါကြောင့် ဆရာတော် အသက်ရှည်ဖို့ချည်း သိပ်ဆုတောင်းမနေနဲ့နော်–
၁။ ဘုရားသာသနာ ဒီတိုင်းပြည်မှာ ကြာကြာ တည်ပါစေ။ ဘာလဲဟေ့ ဆိုလိုက်စမ်း၊ (ပရိသတ်တွေ သံပြိုင်ဆို)။

အဲဒါနဲ့ ဆက်နွယ်ပြီးတော့ …..
၂။ ဘုရားသာသနာတော်ကို စွမ်းစွမ်းတမံ ချီးမြှောက်ထောက်ပံ့ပေးသော သာသနာရေးကြီးဌာနလည်း ကြာကြာတည်ပါစေ။ ဘာလဲဟေ့ ဆိုလိုက်စမ်း၊ (ပရိသတ်တွေ သံပြိုင်ဆို)။

သာသနာရေးဝန်ကြီးဌာန ကြာကြာတည်ဖို့ရန် အတွက် ဘာသာ သာသနာနှင့်ပက်သက်တဲ့ အခြေခံဥပဒေ အပိုဒ် ၃၆၁နှင့် ၃၆၂လည်း နောက်မှလာမည့် အခြေခံဥပဒေထဲမှာ ပြန်လည်၍ပါပါစေဆိုတာကို အသည်းနှလုံးထိခိုက်စွာ ဘုန်းကြီးတို့ ဆုတောင်းပါတယ်။
အဲဒါဆိုလို့ရှိရင် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” အဓိပ္ပါယ်ကို အကုန် ခြုံငုံမိသွားပြီးနဲ့တူပါတယ်။

ဘုန်းကြီးဆုတောင်းချက် ရကြတယ်နော်။
ဗုဒ္ဓသာသနာ ကြာကြာတည်ပါစေ
သာသနာရေးဝန်ကြီးဌာန အသက်ရှည်ရှည် ကြာကြာတည်ပါစေ။
အခြေခံဥပဒေ အပိုဒ် ၃၆၁နှင့် ၃၆၂လည်း နောင်ဥပဒေအသစ်ထဲမှာ ပြည်လည်၍ပါပါစေ။

မှတ်ချက်။ ။ ဖုန်းဖြင့် အသံဖမ်း စာသားအဖြစ်ဖန်တီးတာ ဖြစ်၍ တချို့ အသံမကွဲတာများပါသဖြင့် အဓိပ္ပါယ်ပျက် ပါလာပါက စာအဖြစ်ဖန်တီးသူ အပြစ်သာ ဖြစ်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
10-6-2017

မူရင်းလင့်
https://m.facebook.com/story.php…