သတင်း

အတိုက်အခံဆိုရင် အတိုက်ခံကောင်းပီသရမယ်။ ပြည်သူကိုမျက်နှာမူပြီး အနစ်နာခံရပ်တည်နေတဲ့ အတိုက်အခံဖြစ်နေရမယ်(၂-နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး – မဘသနဲ့ ပတ်သက်ပြီး မေးရရင် မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံပျောက်နေတဲ့ကိစ္စပေါ့ဘုရား။ အရင်တုန်းက မဘသက အတိုက်အခံကောင်းအနေနဲ့ ရှိခဲ့တယ်။ အခု မဘသမရှိတော့တဲ့နောက်မှာ၊ နာမည်ပြောင်းပြီးနောက်မှာ အတိုက်အခံပျောက်သလိုဖြစ်နေတယ်။ တခြားရှိတဲ့ပါတီတွေကလည်းပဲ ကောင်းကောင်းအားမကိုးရတော့ အဲဒီအပေါ်မှာ
ဘယ်လိုများ သုံးသပ်ပါသလဲဘုရား။

ဖြေ – ဒီအစိုးရသစ်တက်ခါစတုန်းက ဖေ့ဘုတ်မှာတွေ့ခဲ့ရတာလေးတစ်ခု အကြောင်းပြုပြီး ပြောရမယ်ဆိုရင်တော့ အတိုက်အခံလုပ်လာတဲ့သူကလည်း အစိုးရလုပ်တဲ့အခါမှာ မလုပ်တတ်မကိုင်တတ်၊ အစိုးရလုပ်ခဲ့တဲ့သူကလည်း အတိုက်အခံမလုပ်ခဲ့ဖူးတော့ အတိုက်အခံလည်း မလုပ်တတ်၊ အဲဒီမှာတင် မြန်မာ့နိုင်ငံရေးက အဆိုးဘက်ကို ဦးတည်သွားတာပေါ့။ ပြောရမယ်ဆိုရင်တော့ အရင်အစိုးရရဲ့ ဒီမိုကရေစီလေးဟာ တဖြည်းဖြည်းနောက်ကို ဆုတ်ဆုတ်သွားတာပေါ့။

အဲဒါက တစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းက အတိုက်အခံတွေ အစိုးရဖြစ်လာတော့ အစိုးရအဖြစ် လုပ်နည်းကိုင်နည်း ပုံစံမကျတာတွေရှိသလို အစိုးရဘ၀မှာ မျက်စိလည်လမ်းမှားတာမျိုးလည်း ဖြစ်နေချိန်လေ၊ တစ်ဦးတစ်ယောက်ရဲ့ အမိန့်အာဏာနဲ့ပဲ
တစ်နိုင်ငံလုံး လုပ်ဆောင်နေရတာမျိုးဆိုတော့ မြန်မာ့နိုင်ငံရေးက အဆိုးဘက်ကို ဦးတည်သွားတာပေါ့။ ဒီမိုကရေစီကနေ နောက်ဆုတ်တဲ့ခြေလှမ်းတွေက ပိုမြန်လာတာပေါ့နော်။

ပြောချင်တာက အတိုက်အခံဆိုရင် အတိုက်ခံကောင်းပီသရမယ်၊ ပြည်သူကိုမျက်နှာမူပြီး အနစ်နာခံရပ်တည်နေတဲ့ အတိုက်အခံဖြစ်နေရမယ်။ အစိုးရတိုင်းကလည်းပဲအတိုက်အခံမှန်သမျှရဲ့ စကားကို အလေးထားနေရမယ်။

အစွန်းနှစ်ဖက် လည်း ရှောင်တိမ်းနိုင်ရမယ်၊ အတိုက်အခံတွေရဲ့ စကားကို အလေးထားလွန်းနေတယ်ဆိုရင် ဘာလုပ်လို့
ဘာကိုင်ရမှန်း သိမှာမဟုတ်ဘူး။ အတိုက်အခံတွေဝေဖန်ထောက်ပြတာကို လုံးဝ ဂရုမစိုက်ဘူးဆိုရင်လည်းပဲ အမှားအယွင်းများပြီး ပြည်သူတွေပဲ နစ်နာနိုင်တယ်။

မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်မဆို သူတို့ ထောက်ပြတဲ့အချက်အလက်တွေကို သေချာစိစစ်ပြီး နိုင်ငံအတွက် အကျိုးရှိမယ်ဆိုရင် အတိုက်အခံ အကြံပြုတာတွေ ထောက်ပြတာတွေကိုလည်း လက်ခံပေးဖို့ အစိုးရကို တောင်းဆိုမှသာလျှင် မြန်မာ့နိုင်ငံရေးက အကောင်းဘက်ကို ပြန်ဦးတည်လာနိုင်မှာပါ။

မေး- နိုင်ငံရေးနဲ့ပတ်သက်ရင် သံဃာတော်တွေက မြန်မာ့နိုင်ငံရေးမှာ ဘယ်လို အခန်းကဏ္ဍကနေပါဝင်သင့်ပါသလဲဘုရား။

ဖြေ- ဒါတော့ ပုဂံခေတ်ကတည်းကိုက သံဃာတော်တွေရဲ့ အခန်းကဏ္ဍက ထင်ရှားတာပဲလေ။ အဲဒီခေတ်ကတည်းက အစဉ်အလာကြီးကို အခုတအားမြေလှန်ဖို့ လုံးပန်းနေတာကြီးတွေ့နေရတာပေါ့။

တကယ်တော့ သံဃာတော်တွေဟာအုပ်ချုပ်ရေးဘက်လည်း ၀င်မစွက်ဖက်သလို ဥပဒေပြုရေးလည်း ၀င်မစွက်ဖက်ပါဘူး။ သံဃာတော်တွေ ဆုံးမတာကိုခံယူမယ်။
သံဃာတော်တွေ အကြံပြုတာကို လက်ခံမယ်။ သံဃာတော်တွေ ထောက်ပြတာကို နာခံမယ်ဆိုလို့ရှိရင်မြန်မာ့နိုင်ငံရေးမှာ
သံဃာတော်ရဲ့ အခန်းကဏ္ဍ ပြန်ပြီးမြင့်မားလာမှာပါ။

အခုဟာက အပြုသဘောနဲ့ ဝေဖန်လို့လည်းမရ၊ ထောက်ပြတော့လည်းမကြိုက်၊ အဲဒီ အချိုးမျိုးကြီး ချိုးနေလို့သာ သံဃာတွေရဲ့ အခန်းကဏ္ဍက မှေးမှိန်းသွားတာပေါ့နော့။

သံဃာတော်တွေရဲ့ အခန်းကဏ္ဍမှေးမှိန်တဲ့အပြင် သံဃာတော်တွေကပဲ စစ်အုပ်ချုပ်ရေးကို လိုလားသလို၊ စစ်အာဏာရှင်ဖိတ်ခေါ်သလိုလို အစွပ်အစွဲခံရပြီးတော့ သံဃာတော်တွေကို မုန်းတီးတဲ့စိတ်တွေပိုပြီးတော့ ကြီးထွားသွားတာပေါ့နော်။

အစိုးရကသာ ပြည်သူကို တကယ်မျက်နှာမူမယ်၊ တိုင်းပြည်အကျိုးကို ရှေးရှုမယ်ဆိုရင် သံဃာ့အဖွဲ့အစည်းပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းပဲဖြစ်ဖြစ် မည်သည့်အတိုက်အခံအဖွဲ့အစည်းမဆို အမြဲတမ်းကို လက်ကမ်းကြိုနေရမှာလေ။ အားလုံးကောင်းစားဖို့အတွက်ကတော့ အစိုးရက အတိုက်အခံအားလုံး ဝေဖန်ထောက်ပြသူအားလုံးကို လက်ကမ်းကြိုဖို့ပဲလိုတာပါ။

မေး- သံဃာတွေထဲမှာပဲ အမျိုးသားရေးသက်သက်လှုပ်ရှားနေတဲ့ သံဃာတော်တွေလည်းရှိတယ်ပေါ့ဘုရား။ ဆိုတော့
အမျိုးသားရေးကနေ အမျိုးသားနိုင်ငံရေးဆိုတာထိ ကျယ်ကျယ်ပြန့်ပြန့်လျှောက်လှမ်းဖို့ရောလိုအပ်မလားဘုရား

ဖြေ – အများကြီးလိုအပ်တာပေါ့။ အခုလိုအစိုးရမျိုးနဲ့ တွေ့ကြုံတဲ့အခါကျတော့ ပိုပြီး လိုအပ်လာတာပေါ့။ အမျိုးသားနိုင်ငံရေးကို လှုပ်ရှားတယ်ဆိုတဲ့ ဆရာတော်တွေက အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့ ခံတပ်မှူးကြီးတွေပေါ့။

ပရိယတ္တိဝန်ဆောင်၊ ပဋိပတ္တိဝန်ဆောင် ဆရာတော်တွေကတော့ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး တိုးတက်ပြန့်ပွားအောင်လုပ်နေတဲ့ သာသနာပြုဆရာတော်တွေပေါ့နော့်။

အဲဒီတော့ ကြက်ဥမှာ အပေါ်ယံအခွံမာမရှိဘူးဆိုရင် ကြက်ဥအနှစ်ဟာ ပျက်ဆီးသွားနိုင်ပြီး အကျိုးရှိတဲ့အဆင့်ကို မရောက်လာနိုင်သလိုမျိုးပဲ မြန်မာနိုင်ငံရဲ့သာသနာတော်ကို အခုလို ခံတပ်မှူးတွေနဲ့မကာကွယ်ခဲ့တဲ့အတွက်ကြောင့် လူနည်းစုဆိုသူတွေရဲ့ ထိုးဖောက်မှု၊ အနိုင်ကျင့်မှုကို ခံခဲ့ရတာလေ။ ခုခံကာကွယ်ရေး၊ လုံခြုံအောင်ကာကွယ်ရေးဆိုတဲ့ ခံတပ်မှူးတွေအများကြီးလိုအပ်ပါတယ်။

အဲဒီအတွက် အမျိုးသားရေး၊ အမျိုးသားနိုင်ငံရေးကို ရှေးရှုတဲ့သံဃာတော်တွေပေါ်ပေါက်လာတာဟာ တိုင်းပြည် လုံခြုံရေး ၊ ဘာသာသာသနာလုံခြုံရေးအတွက် ကောင်းသောလက္ခဏာဖြစ်တယ်လို့ ပြောရမှာပါ။

မေး- ဒီတစ်ပတ်အတွက်လည်း အမျိုးသားရေးသမားတွေအတွက် သြ၀ါဒလေး မိန့်ကြားပေးပါဦးဘုရား။

ဖြေ – အမျိုးသားရေးသမားတွေကိုပြောချင်တာက ထောက်ကြံ့မှာ ဆရာတော်ကြီးတစ်ပါး အရိုက်အနှက်ခံရတာနဲ့ပတ်သက်ပြီးတော့ အမျိုး ဘာသာ သာသနာရဲ့ အန္တရယ်ဟာ လူမျိုးခြားတွေကသာလျှင်ပေးနိုင်တာမျိုး မဟုတ်တော့ဘဲနဲ့ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေထဲကလည်း ပေးလာနိုင်တယ်ဆိုတာကို သတိထားမိဖို့ပါပဲ။

အဲဒီအတွက် ဥပဒေဘောင်ထဲကနေ ဂရုတစိုက်ကာကွယ်စောင့်ရှောက်တတ်ဖို့ လိုအပ်တယ်။ စိတ်ခံစားမှုကို ရှေ့တန်းမတင်ဘဲဥပဒေဘောင်ထဲကနေ ကာကွယ်စောင့်ရှောက်နိုင်အောင် လေ့လာကြပါလို့ တိုက်တွန်းပါတယ်။

(ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်)