သတင်းအင်တာဗျူး

အမျိုးသားရေးကို မျက်ကွယ်ပြုတဲ့ ဒီမိုကရေစီဆိုတာ အမျိုးသားရေးကိုသစ္စာဖောက်တဲ့ ဒီမိုကရေစီပဲ(၁)

မေး-မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီမိုကရေစီကို အမျိုးသားရေးဝါဒက စိန်ခေါ်မှာ၊ အမျိုးသားရေးဝါဒီတွေက လှုံ့ဆော်မှာလို့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြောခဲ့တာတွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အရှင်ဘုရား ဘာများ ပြောချင်ပါသလဲဘုရား။

ဖြေ- အမျိုးသားရေးသမားတွေက ဒီမိုကရေစီကို အပြည့်အ၀ယုံကြည်ပြီးသား လက်ခံပြီးသားပါနော်။ ဒါပေမယ့် အမျိုးသားရေးသမားတွေ ယုံကြည်လက်ခံထားတဲ့ ဒီမိုကရေစီဟာ အမျိုးသားအကျိုးစီးပွားကို ရှေးရှုတဲ့ ဒီမိုကရေစီဖြစ်ရမယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်လူမျိုး၊ ကိုယ့်သဘာဝနဲ့ လိုက်လျောညီထွေရှိတဲ့ ဒီမိုကရေစီမျိုးဖြစ်ရမယ်။ ပြောရမယ်ဆိုရင်တော့ အမျိုးသားအကျိုးစီးပွားက ပထမ၊ ဒီမိုကရေစီက ဒုတိယဖြစ်နေရမယ်ပေါ့နော်။

ဒါပေမယ့် သူတို့တတွေကျတော့ အဲဒီလိုမဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွားကိုမျက်ကွယ်ပြုပြီးတော့ ဒီမိုကရေစီက ပထမ၊
အမျိုးသားရေးအကျိုးစီးပွားက နောက်မှ ဆိုတဲ့သဘောမျိုး လုပ်လာကြတာပေါ့နော်။ အဲဒါက ဘာနဲ့တူသလဲဆိုတော့
ကိုယ့်အိမ်ကို ဘယ်ကလာမှန်းမသိတဲ့သူတွေကို လက်ခံပြီးတော့ ကိုယ့်သားသမီးတွေနဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့သူတွေကို တန်းတူအခွင့်အရေးပေးပြီးတော့ ထားချင်တဲ့သူနဲ့တူတာပေါ့နော်။ အဲတော့ ဘယ်ကရောက်လာမှန်းမသိတဲ့သူတွေက ဖျံကျတတ်တာတို့၊ ဗိုလ်ကျတတ်တာတို့၊ မကောင်းကြံစည်တတ်တာတို့ကြောင့် ကိုယ့်သားသမီးတွေပဲ နစ်နာတာပဲလေ။ ဒါကြောင့်မို့ အမျိုးသား အကျိုးစီးပွားကို ရှေးရှုတဲ့ ဒီမိုကရေစီဆိုရင် အမျိုးသားရေးသမားတွေက လက်ခံတယ်၊ အမျိုးသားလုံခြုံရေးကို အကာအကွယ်ပေးတဲ့ ဒီမိုကရေစီဆိုရင် အမျိုးသားရေးသမားတွေက အပြည့်အ၀လက်ခံတယ်။ အမျိုးသားရေးကို မျက်ကွယ်ပြုတဲ့ ဒီမိုကရေစီဆိုရင်တော့ ဒါဟာ အမျိုးသားရေးကိုသစ္စာဖောက်တဲ့ ဒီမိုကရေစီလို့ပဲ သတ်မှတ်ရမှာပဲ။

မေး – အမျိုးသားရေးသမားတွေက လှုံ့ဆော်တယ်တို့၊ ဒီမိုကရေစီဆိုတာ အလည်အလတ်ကျတယ်တို့ဆိုတဲ့ စကားတွေနဲ့ပတ်သက်ပြီးရော ဘာများ မှတ်ချက်ပေးချင်ပါသလဲဘုရား။

ဖြေ – တကယ်တမ်းကျတော့ ဒီမိုကရေစီကမှ အစွန်းရောက်နေသလား ပြန်မေးရမှာနော်။ ဘာဖြစ်လို့လဲဆိုရင် လူ့အခွင့်အရေးကို ဦးစားပေးလိုက်တဲ့အခါကျတော့ လုံခြုံရေးဘက် အားလျော့သွားတယ်။ တကယ်ထိခိုက်နစ်နာတော့ ပြည်သူတွေ နစ်နာသွားတာလေ။ အင်္ဂလန်ကိုကြည့်ဦးမလား၊ အမေရိကန်ကိုကြည့်ဦးမလား။
ဒါကြောင့်မို့ အမျိုးသားရေးနဲ့ ဒီမိုကရေစီတွဲမှသာလျှင် မဇ္ဈိမပဋိပဒါစစ်မှန်ပါမယ်။ အမျိုးသားရေးကို မျက်ကွယ်ပြုမယ်ဆိုရင် အဲဒီတိုင်းပြည်က အချုပ်အခြာအာဏာပါ ကျဆုံးသွားနိုင်တဲ့ အဆင့်မျိုးကို ရောက်ရှိသွားနိုင်ပါတယ်။

မေး- အာဏရပါတီရဲ့ခေါင်းဆောင်ပိုင်းတွေက ဒီမိုကရေစီစနစ်လို့ပြောနေပေမယ့် မဘသအဖွဲ့ဝင်ဟောင်းတွေလည်းပါတဲ့ မျိုးချစ်ညီညွတ်ရေးပါတီတည်ထောင်ခွင့်ကိုရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်တယ်ပေါ့ဘုရား။ အဲဒီအပေါ်မှာရော အရှင်ဘုရားအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲဘုရား။

ဖြေ – သူတို့ပြောတဲ့ ဒီမိုကရေစီဆိုတာ သူတို့မူ သူတို့ဘောင်ထဲကနေ တစ်စုံတစ်ရာကို ပြိုင်ဘက်ကင်းအောင် အကာအကွယ်ပေးနေတဲ့ စနစ်ကြီးဖြစ်နေတာပေါ့နော်။
တကယ်တမ်းကျတော့ ဒီမိုကရေစီဆိုတာ အတိုက်အခံကို လေးစားရမယ်၊ အတိုက်အခံကို လက်ကမ်းကြိုဆိုရမယ်၊ ဒါမှ ဒီမိုကရေစီအစစ်အမှန်ပေါ့။ အဲတော့အတိုက်အခံကို စင်ပေါ်တက်ခွင့်မရအောင် ထိုးချနေတာဟာ ဒီမိုကရေစီမဟုတ်ဘူး။ ဒါကြောင့် ဒီမိုကရေစီကို ယုံကြည်တယ်ဆိုလို့ရှိရင် အတိုက်အခံပါတီတွေကိုလိုလိုလားလားကို ခွင့်ပြုပေးလိုက်ပါလို့ ပြောချင်ပါတယ်။

မေး- မဘသအဖွဲ့ဝင်ဟောင်းတွေပါလို့ ခွင့်မပြုတာဆိုတဲ့သုံးသပ်ချက်တွေလည်းရှိတယ်ပေါ့ဘုရား။ အမျိုးသားရေးကိစ္စတွေကို အစိုးရက ဖိနှိပ်သလိုဖြစ်နေတဲ့ ကိစ္စတွေကလည်း ဆက်တိုက်ဆိုသလိုဖြစ်နေတယ်ပေါ့ဘုရား။ အရှင်ဘုရားကိုယ်တိုင်လည်းပြောခဲ့ဖူးပါတယ်၊ ဒီအစိုးရလက်ထက်မှာအမျိုးသားရေးဖိနှိပ်မှုက အတင်းကျပ်ဆုံးအခြေအနေကိုရောက်လာတယ်ဆိုတော့ ဒီလိုဖိနှိပ်တာတွေရဲ့ အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်လာနိုင်လဲဘုရား။

ဖြေ – အဲဒါကတော့ တို့ပြည်သူတွေရဲ့ ထုံးစံအတိုင်းပေါ့၊ ဖိရင်ကြွတတ်တဲ့သဘောရှိတယ်၊ ထိရင် ချတတ်တဲ့သဘောရှိတယ်။
အဆုံးစွန်ထိ ဖိလာပြီဆိုရင်တော့ ဘယ်လောက်ထိ ဖိနိုင်မလဲ၊ ဘယ်အချိန်ထိဖိနှိပ်မလဲဆိုတာပေါ်မှာ မူတည်သွားတာပေါ့။ ဖိလို့ညောင်းလာပြီဆိုတာနဲ့ တစ်ပြိုင်တည်း ကြွတော့မှာပဲလေ။ ကြွတာနဲ့ သူကျဆုံးမှာပဲလေ။

မေး – အခုရက်ပိုင်းမှာ သိသိသာသာဝေဖန်သံတွေမြင့်လာတဲ့ ကုန်ဈေးနှုန်းကိစ္စလည်း မေးချင်ပါတယ်ဘုရား။ ကုန်ဈေးနှုန်းက မိဖိုချောင်သုံးပစ္စည်းတွေလည်း ဈေးတက်တယ်၊ ဆေးကုသစရိတ်တွေလည်း ဈေးတက်တယ်၊ ဆီဈေးတက်၊ ဆန်ဈေးတက်တယ်ပေါ့ဘုရား။ အခုလို ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့ဒဏ်ကို ပြည်သူတွေက ဘယ်လောက်အတိုင်းအတာထိ ခံနေရပြီလို့ အရှင်ဘုရားမြင်ရပါသလဲဘုရား။

ဖြေ – ပြောရမယ်ဆိုရင်တော့ ဘ၀ပျက်တဲ့အဆင့်ထိကိုရောက်နေပြီကြပါပြီ။ ရာဇ၀တ်မှုတွေ ထူပြောလာတာ၊ ဒါကုန်ဈေးနှုန်းကြီးတဲ့ လက္ခဏာတွေပေါ့နော်။ ပုံမှန်တစ်လကို သိန်းတစ်ရာဝင်တဲ့သူက ဆယ်သိန်းတောင်မ၀င်တော့တဲ့ဘ၀၊ ပုံမှန်နေ့စဉ် ငါးထောင်ရှာနိုင်တဲ့သူက သုံးထောင်တောင်မရတော့တဲ့ဘ၀၊ အဲဒီအဆင့်ကို ရောက်နေတာဟာ ကုန်ဈေးနှုန်းတက်တာလဲပါတာပေါ့နော်။ ဦးဇင်းတို့ နဂါးနီစုဗူးအသင်းတောင်မှ သတ်မှတ်ထားတဲ့ရက်တွေမှာ မပေးနိုင်လို့ တချို့ဟာတွေ လျော့ပေါ့ပြီးတော့ ခွင့်ပြုထားရတာတွေရှိတယ်။ တကယ်တမ်းဆိုရင် တစ်နေ့မှ တစ်ထောင်ပဲ စုရတာလေ။
ဒါပေမယ့် လုပ်သားအင်အားတွေ လျှော့ချတဲ့အတွက်ကြောင့် အလုပ်လက်မဲ့ဖြစ်ကုန်တာတွေရော၊ အလုပ်လက်မဲ့ဘ၀မှာပဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဖြစ်ကုန်ကြတာရော … အဲဒီအချက်တွေကြောင့် တစ်နေ့တစ်ထောင်တောင် မစုနိုင်တော့တဲ့ အသင်းသူအသင်းသားတွေကို ဦးဇင်းတို့က နားလည်ပေးနေရတာပေါ့နော်။
ဒါကြောင့်မို့ အောက်ခြေလူတန်းစားကတော့ ဘယ်လောက်ပဲ အရင်းအနှီးထုတ်ပေးပေး တစ်နေ့တစ်ထောင်တောင် မစုနိုင်တော့တဲ့ အခြေအနေကိုရောက်သွားပြီ။ ကျောက်သမားတွေဆိုရင် အိမ်ပေါင်း ဝိုင်းပေါင်နှင့် ဘဝပျက်တဲ့သူတွေဖြစ်သွားပြီ။

မေး – စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပွားလို့ စိုက်ပျိုးမြေပျက်စီးတာ၊ ရေကြီးရေလျှံမှုတွေကြောင့် လမ်းတံတားတွေပျက်ပြီး လမ်းပမ်းဆက်သွယ်ရေးခက်တာကြောင့်၊ နောက် အမေရိကန်ဒေါ်လာဈေးမြင့်
တာကြောင့် သွင်းကုန်ဈေးနှုန်းမြင့်တာတွေကြောင့်လို့ အချက်သုံးချက်ပြောထားတယ်ပေါ့ဘုရား။ အစိုးရရဲ့စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး တာဝန်ခံထားတာမရှိတဲ့အပေါ်မှာလည်း တချို့တွေက ဝေဖန်ပြောဆိုနေကြပါတယ်။ ဆိုတော့ အစိုးရရဲ့ စီပွားရေးနဲ့ပတ်သက်ပြီးအစိုးရရဲ့ကိုင်တွယ်ပုံကိုရော အရှင်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲဘုရား။

ဖြေ – ဒီအစိုးရကတော့ သူများယိုထားတဲ့ ချေးပုံပေါ်ခွထိုင်တဲ့အကျင့်ပါနေတယ်။ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာရင် သူတစ်ပါးကို လက်ညှိုးထိုးတဲ့အကျင့်လည်း ပါနေတယ်။ အတိုက်အခံလုပ်ခဲ့တုန်းက တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့စကားတွေနဲ့ အာဏာရှင်တွေကို တိုက်ခိုက်ခဲ့တာတွေကလည်း ပုံပြင်တွေဖြစ်သွားခဲ့တယ်ပေါ့နော်။ အဲဒါကြောင့် ခုထုတ်ပြန်တဲ့အချက်အလက်တွေဟာ ဆင်ခြေပေးပြီးရှောင်လွှဲတဲ့သဘောပါပဲ။ သဘာဝဘေးဆိုတာက ခဏပန်းပဲလေ၊ ထာဝရမှမဟုတ်တာ။
ကုန်ဈေးနှုန်းတက်တာက ခဏတဖြုတ်လေး တက်တာမဟုတ်ဘူးလေ။ သူတို့တာဝန်ယူတဲ့အချိန်ကနေစပြီး အခုအချိန်ထိ ရွှေဈေးဆိုရင် ဘယ်လောက်ထိတက်ခဲ့ပြီ၊ ဒေါ်လာဆိုရင် မြန်မာကျပ်ငွေဈေးနဲ့ ဘယ်လောက်ထိတက်ခဲ့ပြီ၊ နောက်ဆုံး ဆန်ဈေး၊ ဆီဈေး၊ ကြက်သွန်ဈေးထိ ဘယ်လောက်ထိတက်ခဲ့ပြီဆိုတာကို ကြည့်လို့ရှိရင် သူပြောထားတဲ့ အကြောင်းပြချက်တွေဟာ
ဆင်ခြေအဆင့်ပဲရှိပါတယ်။ တကယ်တော့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ တစ်တိုင်းပြည်လုံး အခုလို ကမောက်ကမမောက်ဖြစ်ကြရတာပါ။ တိုင်းပြည်ကို မအုပ်ချုပ်တတ်တဲ့သူက တိုင်းပြည်ကို အုပ်ချုပ်နေလို့ အခုလို ဒုက္ခကြီးမားကုန်ကြတာပါ။

(ဆက်လက်ဖော်ပြပါမည်။)
ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်