ထုတ်ပြန်ကြေညာချက်သတင်း

အမျိုးသားတိုးတက်ရေးပါတီ သဘောထားကြေညာချက်

 

မစ္စတာကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်အစီရင်ခံစာအား လမ်းပြမြေပုံ (Road Map)အဖြစ် သတ်မှတ်ခြင်းအပေါ် ကန့်ကွက်ကြောင်း သဘောထားကြေညာချက် (၂/၂၀၁၇)

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်

၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ရခိုင်ပြည်နယ်အရေးဆိုင်ရာ ကိစ္စရပ်များတွင် အကြောင်းရှာဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဖွဲ့စည်းခြင်းကို ပြင်းထန်စွာကန့်ကွက်ကြောင်းကို ၂၆.၈.၂၀၁၆ ရက်စွဲပါ သဘောထားကြေညာချက်အမှတ် (၃/၂၀၁၆)ဖြင့်လည်းကောင်း၊ အဆိုပါကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအား ၂၅.၈.၂၀၁၆ ရက်စွဲပါ သဘောထားကြေညာချက်အမှတ် (၁/၂၀၁၇)ဖြင့်လည်းကောင်း မိမိတို့ပါတီမှ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၂။ တိုင်းရင်းသားပြည်သူတို့၏ သဘောဆန္ဒအား ရယူခြင်းမရှိဘဲ ပြည်ပနိုင်ငံသားများဦးဆောင်သည့်အဖွဲ့၏ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လမ်းပြမြေပုံ (Road Map)အဖြစ် လက်ခံကျင့်သုံးရန်စီစဉ်နေကြောင်း သိရှိရသဖြင့် များစွာအံ့သြဝမ်းနည်းခြင်း ဖြစ်ရပါသည်။

၃။ မစ္စတာကိုဖီအာနန်၏ အစီရင်ခံစာပါ နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားကိုဦးတည်လျက် ပြည်သူများနှင့် အကြိမ်ကြိမ်ညှိနှိုင်းရေးဆွဲထားသည့် လက်တွေ့ကျင့်သုံးလျက်ရှိသော ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ကို ပြန်လည်ဆန်းစစ်ရန်နှင့် ပြင်ဆင်ရန်ဟူသော ထောက်ပြမှု၊ ထိလွယ်ရှလွယ်သည့် လုပ်ငန်းများကို ဆောင်ရွက်မှုမပြုပါက မြန်မာနိုင်ငံ၏အနာဂတ်အရေးသည် နောက်ပြည်လှည့်၍မရသည့် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့လာနိုင်မည်ဆိုသော အချက်များသည် မိမိတို့နိုင်ငံ၏ အမျိုးသားရေးကို အပြုသဘောမဆောင်သည့် အကြောင်းခြင်းရာများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

၎။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစားအား လမ်းပြမြေပုံ (Road Map)အဖြစ် လက်ခံကျင့်သုံးမည့်အစီအစဉ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့