ဆောင်းပါး

“အရူးကွက်နင်း၍ မထူးဇာတ်ခင်းနေသော NLD” (၁)

“အရူးကွက်နင်း၍ မထူးဇာတ်ခင်းနေသော NLD” (၁)

သင်္ဃန်းဖြူဆရာတော်

(30.9.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ် (၄၁) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)

===========================

နစကအစိုးရ အာဏာထိန်းထားသည်မှာ ငါးလပင်ကြာမြင့်ခဲ့လေပြီ။ အာဏာထိန်းကာစ၌ ကြေညာခဲ့သော ရွေးကောက်ပွဲကာလ တစ်နှစ်အတွင်းဆိုသည်ကလည်း နှစ်နှစ်အတွင်း ဖြစ်ခဲ့ရပေပြီ။ ယခုကဲ့သို့ပင် တောင်းခြင်းတိုက်ခြင်း၊ ခြောက်ခြင်းမှောက်ခြင်း၊ သတ်ခြင်းဖျက်ခြင်းများ ဆက်လုပ်နေပါမူ နှစ်နှစ်ကာလသည်ပင် လုံလောက်တော့မည် မဟုတ်ပေ။ ထိုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းကာ အလုံးစုံအာဏာသိမ်းခြင်းအဆင့်သို့ ရောက်ရှိသွားပေတော့မည်။ အစိုးရတစ်ရပ်အဖြစ် အုပ်ချုပ်ခွင့်ရရှိစဉ်က ဥပဒေကို မထီမဲ့မြင်ပြုမှုများကြောင့် အစိုးရခေါင်းဆောင်များ အရေးယူခံရရုံမျှသာမကဘဲ ပါတီပါ ဖျက်သိမ်းခံရတော့မည့်အရေးအထိ ထည့်တွက်ထားခဲ့သော NLDသည် ဤအဖြစ်ဆိုးကြီးသို့ ဇွတ်တိုးရန် ကြံစည်အားထုတ်နေပေတော့၏။ NLD၏ အကြံဆိုးများကို ပြည်သူများက ယခုထိ မသိမမြင်နိုင်သေးခြင်းသည်ပင် မြန်မာ့နိုင်ငံရေးအခက် ဖြစ်နေပေတော့၏။

“ရှက်ရမ်းရမ်း၍ ဗွက်ကြမ်းကြမ်းခြင်းမှသည်”

အာဏာထိန်းကာစ၌ NLD၏တုန့်ပြန်မှုများကိုကြည့်လျှင် ရှက်ရမ်းရမ်း၍ ဗွက်ကြမ်းကြမ်းနေရုံမျှသာ ဟု ထင်ရ၏။ ကြေညာချက်များထုတ်သည်၊ လူစုလူဝေးဖြင့် ဆန္ဒပြသည်၊ သံပုံးတီးသည်၊ CRPHဖွဲ့သည်၊ NUGဖွဲ့သည်၊ CDMလုပ်သည်၊ သံပုံးမတီးသည့်အိမ်များကို ရန်ရှာသည်၊ အလံထောင်ခွင့်မပေးသည့် ဘုန်းကြီးကျောင်းတိုက်များကို အကြမ်းဖက်သည်၊ ဤမျှသာဖြစ်သည်။

ဒုတိယအဆင့်၌မူ ရှုံးမဲမဲ၍ မုန်းဖြဲဖြဲသည့်အဆင့်သို့ ရောက်ရှိလာ၏။ မြို့သိမ်းတိုက်ပွဲ ပြည်သိမ်းတိုက်ပွဲဟူ၍လည်းကောင်း၊ နွေးဦးတော်လှန်ရေးဟူ၍လည်းကောင်း အမည်တပ်ထားကာ ရဲစခန်းများဝင်စီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်ဝင်တိုးခြင်း၊ ရဲများကိုသတ်ခြင်း၊ NLDမဟုတ်သူများကို သတ်ခြင်း၊ ဘုန်းတော်ကြီးများကို ရန်ရှာသတ်ဖြတ်ခြင်း၊ ထေရ်ကြီးဝါကြီးများကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ယုတ်မာညစ်ညမ်းစွာ စော်ကားခြင်း၊ သပိတ်မျိုးစုံ သူပုန်ထခြင်းတို့ဖြင့် တိုင်းပြည်မငြိမ်သက်အောင် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးအောင် လုပ်လာခြင်းဖြစ်၏။

ယခုနောက်ဆုံး၌မူ အရူးကွက်နင်း၍ မထူးဇာတ်ခင်းလာသည်ကို တွေ့ရ၏။ တုတ်အဆင့် ဓားအဆင့်မဟုတ်တော့ပြီ။ လက်လုပ်သေနတ်၊ လက်လုပ်ဗုံးမှသည် စက်လုပ်သေနတ်၊ စက်လုပ်ဗုံးတည်းဟူသော အစစ်အမှန်လက်နက်မျိုးစုံတို့ဖြင့် သူပုန်ထသည့်အဆင့်သို့ ရောက်ရှိလာလေတော့၏။ ရဲဝန်ထမ်းများကို သတ်ဖြတ်ရုံတင်မကတော့ပေ။ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်များ၊ ကျောင်းဆရာ ဆရာမများကိုပါ ပစ်မှတ်ထား၍ သတ်ဖြတ်လာလေတော့၏။ ထို့အပြင် အမြင်မတူ(ပါတီမတူ)သူများကို ဒလန်(ဓားလှံ)အကြီးစား အမည်တပ်ကာ ချောင်းမြောင်းလုပ်ကြံ သတ်ဖြတ်လာကြလေ၏။ နောက်ပိုင်းတွင်မူ အခြေခံလူတန်းစား အိမ်သာစောင့်နှင့် လမ်းရှင်းပေးသော ယာဉ်ထိန်းများ၊ မီတာလာဖတ်သော စာရေးများကိုပါ သတ်ဖြတ်လာကြသည်ကို တွေ့ရလေ၏။

“ပြည်သူကိုသာ အထိနာစေသော ဗျူဟာများ”

NLDများသည် တို့ပါတီကို မထောက်ခံသူ တို့ရန်သူ၊ တို့ပါတီဝင်မဟုတ်သူ တို့ရန်သူ၊ တို့အစိုးရမထောက်ခံသူ တို့ရန်သူဟု ခံယူထားသည့်အလား NLDကိုမထောက်ခံသူများ၊ NLDပါတီဝင်မဟုတ်သူများ၊ CDMမလုပ်သူများကို CIAနည်း မော့ဆက်နည်းများဖြင့် စနစ်တကျ လုပ်ကြံသတ်ဖြတ်လာသည်ကို တွေ့ရ၏။ ဤကား သတ်ရေးဖြတ်ရေး အကြမ်းဖက်ရေးကဏ္ဍအသွင် သူပုန်ထခြင်းဖြစ်၏။

အခြားတစ်ဖက်တွင်မူ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ စက်ရုံအလုပ်ရုံများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးထောင်ဗုံးခွဲခြင်း၊ ကျောင်းသားကျောင်းသူနှင့် ဆရာ ဆရာမများကို အန္တရာယ်ပြုလာခြင်းတို့အထိ အဖျက်အမှောင့်လုပ်ရပ်များဖြင့် သောင်းကျန်းနေကြသည်ကို တွေ့ရ၏။ CDMလုပ်လည်း အစိုးရမထိ၊ ပြည်သူသာထိ၏။ လက်နက်ကိုင်တိုက်ခိုက်လည်း ပြည်သူသာထိ၏၊ အစိုးရမထိ။ ဆန္ဒပြလည်း ပြည်သူသာထိ၏၊ အစိုးရမထိ။ ဗိုင်းရပ်စ်ပိုးဖြန့်ချိရေးလုပ်လည်း ပြည်သူသာထိ၏၊ အစိုးရမထိ။ အောက်စီဂျင်ဘူးများထိန်းချုပ်၍ အောက်စီဂျင်သပိတ်လုပ်လည်း အစိုးရမထိ၊ ပြည်သူသာထိ၏။ NLDလုပ်သမျှကိုကြည့်လျှင် ပြည်သူအထိနာစေသည့် ဗျူဟာများသာ ဖြစ်နေသည်ကို တွေ့မြင်ရလေ၏။

လက်နက်ကိုင်အချင်းချင်း အပြန်အလှန်ပစ်ခတ်ကြသည့် သေနတ်သေနတ်ချင်း တိုက်ခိုက်ကြသည်ကို မပြောလိုပေ။ သေနတ်မပါသည့် ယာဉ်ထိန်းရဲကို အဘယ့်ကြောင့် ပစ်သတ်ရသနည်း။ ယာဉ်ထိန်းရဲမည်သည် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့ရန် လမ်းရှင်းပေးသူများ မဟုတ်တုံလော။ စာသင်ကျောင်းများ ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားများကို အဘယ့်ကြောင့် ပစ်မှတ်ထားရပါသနည်း၊ ၎င်းတို့သည် အပြစ်ကင်းစင်သည့် မိဘပြည်သူစာရင်းဝင် အရပ်သူအရပ်သားများ မဟုတ်တုံလော။

“နိဂုံ၏ နိဒါန်း”

NLDမှ မျိုးရန်နောင်သိန်းဆိုသူသည် စာသင်ကျောင်းများမဖွင့်နိုင်အောင် ပြည်သူများကို အွန်လိုင်းပေါ်မှ တိုက်ရိုက်ခြိမ်းခြောက်လာသည်ကို တွေ့ရ၏။ “ကလေးတွေကို ကျောင်းမပို့ကြနဲ့၊ ခြေပြတ်လက်ပြတ်ဖြစ်ပြီး အသက်ထွက်ကုန်မယ်”ဟူ၏။ ပညာရေးကို အင်မတန် တန်ဖိုးထားပါသည်ဆိုသော NLDများသည် ၎င်းတို့အာဏာမဲ့သွားသည့်အခါ ပညာရေးသပိတ်ဟုဆိုကာ ကျောင်းမဖွင့်ရေး၊ ကျောင်းမတက်ရေး လှုပ်ရှားလာသည်မှာ ၎င်းတို့၏ ပင်ကိုယ်စိတ်ထားပင်ဖြစ်ကြောင်း သိသာနိုင်ပေသည်။ ပညာရေးကိုလိုလားသော မိဘပြည်သူများကမူ ဓားကိုင်၍ ကျောင်းလိုက်ပို့ခြင်း၊ ကျောင်းကိုဗုံးခွဲမည့်သူကို ဝိုင်းဝန်းဖမ်းဆီးပေးခြင်းများဖြင့် တုန့်ပြန်လာကြသည်ကား NLDဇာတ်သိမ်းရေး နိဒါန်းတစ်ခုပင် ဖြစ်လေတော့၏။

“သပိတ်တုနှင့် NLD”

သပိတ်များကလည်း တောင်လိုပုံလျက်ရှိ၏။ ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာလျှင် ငွေကြေးတန်ဖိုးကျသကဲ့သို့ သပိတ်ဖောင်းပွမှုဖြစ်ပေါ်လာသဖြင့် သပိတ်သိက္ခာကျလျက်ရှိပေ၏။ အမှိုက်သပိတ်၊ ပန်းသပိတ်၊ အသုဘသပိတ်၊ အသုဘဖဲဝိုင်းသပိတ်၊ အရုဏ်ဦးသပိတ်၊ ညသပိတ်၊ အိမ်တွင်းသပိတ်၊ ဟွန်းသပိတ်၊ ပညာရေးသပိတ်၊ ဆေးသပိတ် စသည်အပြင် မစင်သပိတ်ပင် ပါဝင်လေ၏။ မှတ်တမ်းတင်ရလျှင် သပိတ်ပေါင်း ရာကျော်လေ၏။ သပိတ်နှင့်ဆန္ဒ မကွဲပြားကြခြင်းသည်ပင် မြန်မာ့နိုင်ငံရေး၌ သပိတ်သိက္ခာကျခြင်း အကြောင်းတစ်ရပ်ဖြစ်လေ၏။ အခွန်မဆောင်ခြင်း ရုံးမတက်ခြင်း အစိုးရနှင့် လုံးဝ ပတ်သက်မှုမရှိခြင်း လုံးဝ မဆက်ဆံခြင်းမျိုးသည်သာ သပိတ်မှောက်ခြင်း (ပတ္တနိက္ကုဇ္ဇန)အစစ်ဖြစ်လေ၏။ အခြားအရာများကား ဆန္ဒထုတ်ဖော်မှုပုံစံများသာ ဖြစ်လေ၏။ သပိတ်နှင့်ဆန္ဒ မကွဲပြားသူများက မြန်မာ့နိုင်ငံရေးကို ဦးဆောင်နေကြသည်မှာ ရှက်စရာ။ အမှန်အားဖြင့် ယနေ့ခေတ်သည် သပိတ်အလုပ်မဖြစ်တော့သည့် ခေတ်ဖြစ်၏။ တောင်းစရာမလို တိုက်စရာမလို အလိုလိုရမည့် ဒီမိုကရေစီကို တောင်းနေ တိုက်နေလျှင် အချိန်ကြာရုံပင် ရှိပေတော့မည်။ ကိုယ်နာ စိတ်နာ တိုင်းပြည်နာသည်သာ အဖတ်တင်ကျန်ခဲ့တော့မည်ဖြစ်၏။ ဆန္ဒပြပွဲများကလည်း ယခုအထိ ပေါ်ပေါက်နေသေး၏။ လျှပ်တပြက်ဆန္ဒပြပွဲ၊ ပြောက်ကြားဆန္ဒပြပွဲ ဆိုသည်များလည်း ရှိသေး၏။ NLDတို့ သိထားရမည်မှာ ဆန္ဒပြသူများကို ယခင်ကလို သူရဲကောင်းကြီးများအသွင် အထင်ကြီးသည့်ခေတ် မဟုတ်တော့ခြင်းပင်။ ထို့ကြောင့် ဆန္ဒပြသူရဲကောင်းဘွဲ့များကို မျှော်လင့်၍ လုပ်မည်ဆိုလျှင် အသင် မှားနေပြီဟူ၍သာ ပြောရပေတော့မည်။

“လေလိုင်းအစိုးရနှင့် လေပေါ်စီမံကိန်း”

CRPHနှင့် NUGကလည်း အကွက်ဟောင်းကြီးပင်။ ယခင်က CRPP (ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီ)၊ ယခု CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ)၊ ယခင်က NCGUB (အမျိုးသားညွန့်ပေါင်းအစိုးရ) ယခု NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ဤမျှသာ ကွာခြား၏။ အားလုံးသည် အဝေးရောက်အစိုးရ၊ လေလိုင်းကော်မတီများသာ ဖြစ်လေ၏။ ကိုယ်စားပြုဆိုသော်လည်း အမှန်တကယ် ကိုယ်စားပြုသည်မဟုတ် ၎င်းတို့ကို မထောက်ခံ ၎င်းတို့ထဲမပါဝင်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ များစွာကျန်သေး၏။ ညီညွတ်ရေးအစိုးရဆိုသော်လည်း အမှန်တကယ်ညီညွတ်သည်မဟုတ် ပြည်ထောင်စုပြိုကွဲရေး ပြည်ထောင်စုသားများ သွေးချောင်းစီးသတ်ဖြတ်ခံရရေးသာ ဖြစ်လေ၏။ ၎င်းအစိုးရသည်လည်း တရားဝင်ရပ်တည်ခွင့်ရှိသည့် အစိုးရမဟုတ် အရှက်ပြေဖွဲ့စည်းထားသည့် အာသာပြေအစိုးရသာ ဖြစ်လေ၏။ အစိုးရတစ်ခုမည်သည် တိုင်းပြည် နယ်နိမိတ်ဟူ၍  ရှိရမည်။ ပြည်သူလူထုဟူ၍ ရှိရမည်။ စီမံအုပ်ချုပ်မှုဟူ၍ ရှိရမည်။ ယခုမူကား တိုင်းပြည်က ဘယ်ဆီနေသည်မသိ ပြည်သူလူထုကလည်း တစ်ယောက်တလေမျှပင် မရှိ၊ စီမံအုပ်ချုပ်မှုကလည်း လေလိုင်းပေါ်မှ တောင်ပြောမြောက်ပြော ဟိန်းဟောက်ခြိမ်းခြောက်ရုံအဆင့်သာ ရှိလေ၏။

အဆိုပါကော်မတီနှင့် အစိုးရတို့က ဖထွေးများအားကိုးဖြင့် ပြည်သူများဆင်းရဲတွင်းနက်အောင် အကွက်ဟောင်းကြီးကို ထုတ်သုံးကာ ပိတ်ဆို့မှုများ ပြုလုပ်နေကြပြန်၏။ နစက ခေါင်းဆောင်များကို Black list စာရင်းသွင်းသည်ကို မပြောလို။ မြန်မာပြည်ကို ပိတ်ဆို့တားဆီးနေခြင်းတည်းဟူသော NLDအာဏာပြန်ရရေး မဟာဗျူဟာ အလုပ်မဖြစ်တော့သည်မှာ အမှန်ပင်။ ၎င်းတို့ သိထားရမည်မှာ ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ပေါ်ပေါက်လာခြင်းမဟုတ်ကြောင်းပင်တည်း။

“အတောင်းကြမ်းသူများ သတိထား”

တောင်းပွဲတိုက်ပွဲလုပ်နေသည်ကလည်း အကွက်ဟောင်းကြီးပင်။ လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့ ဗိုလ်ချုပ်မွေးနေ့ တော်လှန်ရေးနေ့ ဆဲဗင်းဂျူလိုင် အာဇာနည်နေ့ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ဒေါ်စုမွေးနေ့ ကာချုပ်မွေးနေ့ စသည်ဖြင့် မလိုသည်ကိုဆန့်ကျင် လိုသည်ကို ချီးမြှောက် စနစ်ဖြင့် နေ့ထူးနေ့မြတ်ရွေးကာ တောင်းကြတိုက်ကြပြန်လေ၏။ ဝယ်ပေးပါမည် ဝယ်ကျွေးပါ့မည်ဟု အကြိမ်ကြိမ်ကတိပေးထာပါလျက် နားပူနားဆာလုပ်၍ အမြဲငိုယိုတောင်းဆိုတတ်သည့် ရင်သွေးများဆိုလျှင် အနန္တဂိုဏ်းဝင် မိဘများသည်ပင် စိတ်မရှည်တတ်ရှိလေ၏။ အချို့မိဘများဆိုလျှင် ‘ပေးပါ့မယ်ပြောထားတာ ကဲကွာ’ဟုဆိုကာ ခေါင်းခေါက်ပစ်လေ့ရှိ၏။ နစကအစိုးရသည် ဒီမိုကရေစီအစစ်အမှန်ဖော်ဆောင်ပေးမည်ဟုလည်း ပြောထား၏။ ဒီမိုကရေစီမဆန်သူများကိုလည်း အရေးယူထား၏။ ရွေးကောက်ပွဲမသမာမှုကိုလည်း ဖော်ထုတ်ပေးနေ၏။ သန့်ရှင်းသောရွေးကောက်ပွဲ ကျင်းပပေးမည်ဟုလည်း အတန်တန်ကတိပြုထား၏။ သို့ပါလျက် တောင်းပွဲတိုက်ပွဲများဖြင့် ဆူပူဆန္ဒပြနေပါလျှင် ခေါင်းအခေါက်ခံရခြင်းသာ အဖတ်တင်ပေလိမ့်မည်တည်း။

“မဲအရှုပ်တော်ပုံနှင့် ဆင်ခြင်တုံတရား”

NLDများသည် အမေ့သား UECများ၏ မဲမသမာမှုကို တစ်ယောက်မျှ မချေပနိုင်သလို ၎င်းတို့၏ အမေဆိုသူအပါအဝင် NLDအစိုးရခေါင်းဆောင်များ၏ လာဘ်စား၍ အဂတိကျူးလွန်သည်ကို တစ်ဦးတလေမျှပင် မငြင်းပယ်နိုင်ကြပေ။ သို့ပါလျက် ၎င်းတို့၏ခေါင်းဆောင်များလွတ်မြောက်ရေးအတွက် နေ့စဉ်နှင့်အမျှ တောင်းဆိုနေကြသည်မှာ အဘယ့်ကြောင့်ပါနည်း။ ဥပဒေကို မျက်ကွယ်ပြု၍ လွှတ်ပေးရမည်လော၊ မဲအရှုပ်တော်ပုံကို မဖြေရှင်းဘဲ ရွေးကောက်ပွဲအတည်ပြုပေးရမည်လော။ အသိဉာဏ်ရှိသူတိုင်း သိမြင်နိုင်ပေ၏။

မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်၌ အနီရောင်နိုင်ငံရေးသမားများသည် ဖိအားပေး ခြိမ်းခြောက်ခြင်း၊ တွန်းအားပေး အကြပ်ကိုင်ခြင်း၊ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းဗျူဟာများဖြင့် ပြည်သူ့ဆန္ဒကို ဓားပြတိုက်ခဲ့ကြလေ၏။ ဆန္ဒမပြလျှင် ဆွမ်းမလောင်းဘူး ဟူ၍လည်းကောင်း ဘုန်းကြီးကျောင်းတိုက်များသို့ အမျိုးသမီးသုံး သီးသန့်ပစ္စည်းများ ပစ်ချ၍ မီဒီယာမှာ ကြေညာထုတ်ပြန်၍လည်းကောင်း၊ စည်းရုံးရေးကာလ၌ NLDမဟုတ်သူ မထောက်ခံသူများကို စစ်အာဏာရှင်လိုလားသူစာရင်းသွင်းကာ NLDကိုမဲမထည့်လျှင်ပင် လူမဟုတ်တော့သယောင် လူအုပ်အင်အားဖြင့် သရော်လှောင်ပြောင်ခဲ့ကြသည်မှာ လက်ညိုးထိုးမလွဲ ဖြစ်ရပ်များဖြစ်လေ၏။

“လူသတ်နိုင်ငံရေးကိုဖန်တီးသူ”

NLDအစိုးရလက်ထက်တုန်းကလည်း ပင်နီဆိုလျှင် ကြောက်နေခဲ့ရ၏။ အကြောင်းမှာ ပါတီအရှိန်အဝါသုံး၍ ဌာနဆိုင်ရာများသို့ ဝင်ရောက်စွက်ဖက်ကြသောကြောင့်ဖြစ်၏။ ယခု နစကလက်ထက်ရောက်သည့်အခါ၌လည်း အနီဆိုလျှင် ကြောက်နေကြရ၏။ ဗုံးလာခွဲမှာ မီးလာရှို့မှာ သေနတ်ဖြင့်ပစ်သတ်မှာ အုပ်စုဖွဲ့အကြမ်းဖက်မှာ ချောင်းမြောင်းလုပ်ကြံမှာ လိုင်းပေါ်တင်ချောက်ချ (Social Bullying)အလုပ်ခံရမှာ အရှက်တကွဲအကျိုးနည်းဖြစ်ဖွယ်များ လိုင်းပေါ်တင် အပြစ်ဖို့ (Social Punnishment)အပြုလုပ်ခံရမှာ အစရှိသည့် အနိဋ္ဌာရုံများကို တွေးပူကာ မည်သည့်နေ့၌ လာသတ်ကြမည်နည်း လာဖျက်ကြမည်နည်းဟူသော စိုးရိမ်ထိတ်လန့်ဖွယ်များဖြင့် ကြောက်ရွံ့နေကြရပေ၏။ ပြည်သူများစိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်စရာပင်။ NLDများသည် သူတို့ကိုမထောက်ခံသူ သူတို့နှင့်အမြင်မတူသူမှန်သမျှကို ရန်မူငြူစူလေ့ရှိကြ၏။ အမြင်မတူသူများအနက် အမြင်ကပ်ဆုံး ကြည့်မရဆုံး မကျေနပ်ဆုံးသောသူများကို ဒလန်(အကြီးစား)ဟူ၍လည်းကောင်း စစ်ကောင်စီသတင်းပေးဟူ၍လည်းကောင်း တံဆိပ်တပ်ကာ ရက်စက်စွာ သတ်ဖြတ်လေ့ရှိကြ၏။ ယခုနောက်ပိုင်းတွင်မူ ပျူစောထီးအဖွဲ့ဝင်ဟု ပြောင်းလဲတံဆိပ်တပ်လာကြသည်ကို တွေ့ကြရလေ၏။ ၎င်းတို့ မဆင်မခြင်ပြုလုပ်မှုကြောင့် မှားယွင်းအသတ်ခံခဲ့ရသော အပြစ်မဲ့ပြည်သူများအနက် မိသားစုလိုက် အသတ်ခံရသည့် ဖြစ်ရပ်မျိုးပင် ပါဝင်ခဲ့ကြလေ၏။

“လူသတ်ခြင်းသံသရာနှင့် ကြေးစားနိုင်ငံရေးသမားများ”

နဝတလက်ထက် အနီရောင်နိုင်ငံရေးနှင့် နစကလက်ထက် အနီရောင်နိုင်ငံရေးတို့ မတူညီသောအချက်တစ်ခုကို တွေ့ရ၏။ ၎င်းမှာ ငွေကြေးသုံးစွဲခြင်းပင်။ နဝတလက်ထက် အနီရောင်နိုင်ငံရေးသမားများသည် ပြည်ပအထောက်အပံ့ အနည်းငယ်မျှသာရ၏။ ယခုခေတ်ကဲ့သို့ မလွတ်လပ်ခြင်း၊ နည်းပညာမထွန်းကားခြင်းတို့ကြောင့် လျှို့ဝှက်ထောက်ပံ့မှုအနည်းငယ်မျှဖြင့် ကြံ့ကြံ့ခံကာ နိုင်ငံရေးလုပ်ကြ၏။ ထို့ကြောင့် ကြေးစားများမငှားနိုင်။ သောင်းလည်း မသောင်းကျန်းနိုင်ခဲ့ကြပေ။ နစကလက်ထက်၌ကား ငွေကြေးအမြောက်အများသုံးစွဲနိုင်ခဲ့ကြ၏။ အကြောင်းမှာ အာဏာလက်ရှိခေတ်တုန်းက အခွင့်အလမ်းများ အဆက်အသွယ်များ စပွန်ဆာ ဒိုနာများ ရရှိခဲ့သောကြောင့် ဖြစ်၏။ ယခု မြန်မာ့နိုင်ငံရေးနယ်ပယ်၌ ထင်ပေါ်ကျော်ကြားသည့် ဦးဆောင်သူများကိုကြည့်လိုက်လျှင် ငွေကျပ်သန်းပေါင်းသောင်းချီ သိန်းချီ ပိုင်ဆိုင်ထားကြသော ကြေးစားများဖြစ်နေသည်ကို တွေ့ရ၏။ ဟာသသရုပ်ဆောင်တစ်ဦးသည်ပင် သိန်းပေါင်း တစ်သောင်းလေးထောင် ခွဲတန်းရထားပါလျှင် ၎င်းထက်သာသူများကား ဆိုဖွယ်ပင်မရှိပေ။ အနီရောင်နိုင်ငံရေးသမားများက ငွေကိုင်ထားကာ အဖြူထည်လူငယ်အချို့ကို အသုံးချနေကြလေ၏။ အချို့နေရာများတွင် ကြေးစားလူမိုက်များကို ငှားရမ်းကာ ဗုံးခွဲခိုင်းခြင်း လုပ်ကြံခိုင်းခြင်း မီးရှို့ခိုင်းခြင်းများ ပြုလုပ်လာကြသည်ကို တွေ့မြင်နေရလေ၏။ မနက်လင်းလာလျှင် အသတ်ခံရသည့်သတင်းများကား မကြားချင် မမြင်ချင်အဆုံးပင်။ NLDကောင်းမှုကြောင့် လူဆိုးများလက်ထဲ လက်နက်များရောက်ရှိသွားပေပြီ။ သူခိုးဓားပြများလက်ထဲ လက်နက်များရောက်ရှိသွားသောကြောင့် လူဆိုးများသည် နိုင်ငံရေးပစ်မှတ်အပြင် စီးပွားရေးပစ်မှတ် ပုဂ္ဂိုလ်ရေးပစ်မှတ်များ တို့ချဲ့ကာ စိတ်တိုင်းကျ သတ်ဖြတ်ကြပေတော့မည်။ ပြည်သူများသည် အင်္ဂလိပ်ခေတ် ဂျပန်ခေတ်ထက်ဆိုးသော အတိဒုက္ခများ ခံစားကြရပေတော့မည်။ အမှန်အားဖြင့် NLDများသည် OICငွေဖြင့် ပြည်ဖျက်နေကြခြင်းဖြစ်၏။ လူကိုငှက်ကသတ် ငှက်ကို ပျူစောထီးကသတ် ပျူစောထီးကို ငှက်ကပြန်သတ်ဖြင့် မြန်မာ့နိုင်ငံရေးလူသတ်ပွဲကြီး ထိန်းမနိုင် သိမ်းမနိုင် ပေါ်ပေါက်လာလျှင် တရားခံအစစ်ကား NLDပင် ဖြစ်ပါလေသတည်း။

(ဆက်လက်ဖော်ပြပါမည်။)