သတင်း

အသံမစဲ သီလရှင် ပဋ္ဌာန်းပွဲကြီး

ခုတလော ထူးထူးခြားခြားတွေ ပေါ်ထွက်လာနေတယ်နော်။ အဲဒီထဲမှာ တစ်ခုက သီလရှင်ပဋ္ဌာန်းပွဲကြီးပါ။ ရွှေတိဂုံဘုရား ရာဟုထောင့် ဒေါ်စောမြတန်ဆောင်းမှာ 8.12.2017 ကနေ 12.12.2017 ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပခဲ့တာပါ။
ကော့မှူးမြို့၊ မြို့မရပ်ကွက်၊ ပညာသိင်္ဂီသီလရှင်စာသင်တိုက်၊ ဆရာကြီး ဒေါ်ပညာမေဝီ အပါအဝင် သီလရှင် ၁၂ ပါး ရွတ်ဖတ်ပူဇော်ကြတာပါ။

တိုင်းသာသနာရေး ကြီးမှူးပြီး ဂေါပကအဖွဲ့က တာဝန်ယူကျင်းပတာပါ။ သီလရှင်တစ်ပါးအတွက် ဆွမ်းစရိတ်ရှစ်ထောင်ကျပ် လှူဒါန်းတယ်လို့ ဆိုပါတယ်။ ၈ ရက်နေ့ ဖွင့်ပွဲတုန်းကတော့ သံဃာ ၇ ပါး ကြွရောက်ချီးမြှောက်ပါတယ်။ ငှက်ပျော+အုန်း ကန်တော့ပွဲ ၂၇ ပွဲ ထိုးထားပြီး မနက် ၆း၀၀ နာရီမှ ည ၆း၃၀ နာရီအထိ ရွတ်ဖတ်ကြပါတယ်။ ဒီကနေ့ ၁၂ ရက်နေ့ ပိတ်ပွဲမှာတော့ သံဃာ ၇ ပါးအား တစ်သောင်းကျပ်စီလှူဒါန်းပြီး ပဋ္ဌာန်းရွတ် သီလရှင်တွေကိုတော့ တစ်သိန်းကျပ်စီ လှူဒါန်းကြပါတယ်။

ဖွင့်ပွဲတုန်းကလည်း ကန်တော့ပွဲ ၂၇ ပွဲ ထိုးထားပြီး ပိတ်ပွဲမှာလည်း ကန်တော့ပွဲ ၂၇ ပွဲ ထိုးထားတာ တွေ့ရပါတယ်။ ဂေါပကအဖွဲ့က သံဃာတွေပင့်ပြီးရွတ်ဖို့ တင်ပြပေမယ့် သီလရှင်တွေနဲ့ပဲ ရွတ်သွားတာလို့ ဆိုပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကတော့ ဘုန်းကြီးပဲရွတ်ရွတ် သီလရှင်ပဲရွတ်ရွတ် လူတွေပဲရွတ်ရွတ် ရွတ်တဲ့သူ ကုသိုလ်ရတာပါပဲ။ အဲဒီအတွက် ပြောစရာမရှိပါဘူး။
ဒါပေမဲ့ သံဃာတွေနဲ့ပဲ ကျင်းပနေကျမဟုတ်လား။ သီလရှင်တွေနဲ့ပဲ ကျင်းပတာဆိုတော့ ဂေါပကပြောလည်း ပြောစရာပေါ့နော်။ နေရာတကာ လိုက်တုတာတော့ မဟုတ်နိုင်လောက်ပါဘူး။

ကြက်မတွန်လို့ မိုးမလင်းဘူးဆိုတဲ့ မြန်မာ့ရိုးရာစကားပုံကို ခြေဖျက်လိုတာနဲ့ သံဃာပဋ္ဌာန်းပွဲအစား ကော့မှူးသီလရှင်ပဋ္ဌာန်းပွဲလုပ်ချလိုက်တာလား…။ မယ်မယ်ကြီးအလိုတော်ကျ လုပ်ဆောင်ပေးဖို့ အမိန့်ပေးနိုင်သူနှစ်ဦးထဲက တစ်ဦးကိုတော့ သိပြီးသားဖြစ်မှာပါနော်။ ဗျိုင်းနားဘုရင်လိုလို နတ်ကတော်လိုလိုပေါ့။

နောက်တစ်ဦးက အမျိုးသမီးဗျ။ နတ်ကတော်လိုလိုရဲ့ အမွေဆက်ခံမည့် အနီမပါ။ သူတို့အထက်မှာ တစ်ဦးရှိသေးတယ်ဗျ။ ဆုတောင်းပွဲတွေ ဦးစီးကျင်းပခဲ့တဲ့ သံဃနာယကဆရာတော်ကြီးပေါ့ဗျာ။ သူတို့လက်ထဲမှာတော့ မြန်မာ့ယဉ်ကျေးမှုတွေက ကဘောက်တိကဘောက်ချာ ဖြစ်နေဦးမှာပါဗျာ။

ဝီရသူ (မစိုးရိမ်)
12.12.2017
11:11 PM