သတင်း

အာဃာတတွေကို အရင် ခဝါချပေးပါ

အမျိုးသားရေးသမားတွေကိုတော့ Hate Speechလေး အမုန်းတရားလေးနဲ့ အစွန်းရောက်တို့ အမုန်းတရားဖြန့်ဖြူးသူတို့ဆိုပြီး ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကိုတောင် ချမ်းသာမပေးဘဲ စွပ်စွဲကြတဲ့သူတွေ သူတို့ကျတော့ စစ်သားမုန်းတီးရေး၊ စစ်တပ်မုန်းတီးရေး အတော်ပြင်းထန်ကြီးမား နေကြတယ်။

အမျိုးသားရေးသမားတွေ ကုလားမုန်းတယ်ဆိုတာ နိုင်ငံရေးသမားတွေ စစ်သားမုန်းတာနှင့်ယှဉ်ရင် မပြောပလောက်ပါဘူး။
ဘာကြောင့်လဲဆိုရင် အမျိုးသားရေးသမားတွေက ကုလားနှင့် စေ့စပ်ဆွေးနွေး ညှိနှိုင်းအဖြေရှာဖို့ အမြဲတမ်းတိုက်တွန်းတယ်၊ လက်ကမ်းကြိုဆိုတယ်။ နိုင်ငံရေးသမားတွေက စစ်တပ်နှင့်ညှိနှိုင်းတာတောင် အပြစ်မြင်နေတယ်ဆိုတော့ သူတို့ရဲ့ရင်ထဲမှာ အမုန်းတရားအစိုင်အခဲ ဘယ်လောက်ကြီးမားနေသလဲဆိုတာ မြေပြင်မှာဆင်သွားသလို ထင်ရှားပါတယ်။

ကျော်ကိုကိုရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမြဝင်းရောဂါ ရနေကြောင်း ဝေဖန်မှုကို လုံးဝလက်မခံပါဘူး။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီဆိုရင် စစ်တပ်ကို ပြစ်ပယ်ထားလို့မရပါဘူး။ အထူးသဖြင့် အခြေခံဥပဒေပြင်ချင်တယ်ဆိုရင် စစ်တပ်ရဲ့ယုံကြည်မှုရရှိအောင် တည်ဆောက်နိုင်ရပါမယ်။ တစ်ခြားတစ်ခြားသော ငြိမ်းချမ်းရေးတွေလည်း ယုံကြည်မှုမတည်ဆောက်ဘဲ မရနိုင်ပါဘူး။

ဒါကြောင့်
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ကို ဘေးဖယ်ထားချင်ရင်
နိုင်ငံရေး
စစ်ရေး
စီးပွားရေး
အုပ်ချုပ်ရေး
နိုင်ငံတကာရေး စတာတွေမှာ ဦးသိန်းစိန်အစိုးရထက် အများကြီးသာဖို့ လိုပါတယ်။ အထူးသဖြင့် အမျိုးသားလုံခြုံရေးအပိုင်းမှာ ပိုပြီးသာဖို့ လိုအပ်ပါတယ်။ အဲလိုမှသာအောင်မလုပ်နိုင်ဘူးဆိုရင် စစ်တပ်ကို ပြစ်ပယ်တဲ့သူတွေဟာ သမိုင်းရဲ့ တရားခံအစစ်အမှန်ဖြစ်မှာ အသေအချာပါပဲ။

ဝီရသူ(မစိုးရိမ်)

========================================================
ဒေါ်အောင်ဆန်းစုကြည် မမြ၀င်းရောဂါရနေဟု ကိုကျော်ကိုကို ဝေဖန်
နိုဝင်ဘာ (၃)၊ ၂၀၁၇၊ ရန်ကုန်

The Nyang News
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မမြ၀င်းရောဂါရသည့်အခြေအနေဖြစ်နေကြောင်း ဗကသ ဥက္ကဌဟောင်းတစ်ဦးဖြစ်သည့် ကိုကျော်ကိုကိုက ဝေဖန်ပြောကြားလိုက်သည်။ နာမည်ကျော်မြန်မာ့ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည့် ဗိုလ်အောင်ဒင်ဇာတ်ကား၌ ဦးဘချစ် နှင့် ဗိုလ်အောင်ဒင် နှစ်ဘက်စလုံးကို မပြတ်မသားရပ်တည်ခဲ့သော မမြ၀င်း၏ အခြေအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ခိုင်းနှိုင်းကာ ၄င်းက ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“စစ်တပ်ကို ချော့မြူရေးသွားနေရင်တော့ လှေနံနှစ်ဖက်နင်းတာလို့ပဲ ကျွန်တော်က ပြောရလိမ့်မယ်” ဟု ကိုကျော်ကိုကိုက ပြောသည်။ NLD အစိုးရ၏ မောင်းနှင်အားမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအပေါ်တွင် မှီတည်နေခြင်းဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်၏ အတွေးအခေါ်ဆုံးဖြတ်ချက်မှားယွင်းပါက အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်လည်း မှားယွင်းသွားလိမ့်မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

“မမြ၀င်းရောဂါဆိုတာက သူ့အပေါ်မှာ အများကြီးတည်တယ်။ သူ့အပေါ်မှာ အများကြီး စကားပြောတယ်။ ဘာလို့လဲဆိုတော့ ဥပမာဗျာ၊ တပ်ကလုပ်တဲ့ကိစ္စတွေကို မဟန့်တားဘူး။ ဖေဖေတည်ထောင်ခဲ့တဲ့တပ်မတော်။ စည်းရုံးလို့ရမယ်ဆိုတဲ့ အတွေးမျိုးတွေ။ နောက်ပြီး ခရိုနီဆိုတာ ပြည်သူ့အတွက်တကယ်အလုပ်လုပ်ပေးရင် ကောင်းတဲ့သူလည်း ရှိပါတယ်၊ ခရိုနီလို့မပြောပါနဲ့၊ တိုင်ကွန်းလို့ ခေါ်ပါတို့။ တပ်ကလူတွေ ဆန်ရှင်တွေ ပိတ်ဆို့ထားတာကို အမေရိကန်သွားပြီး ဖွင့်ပေးဖို့ အိုဘားမားတို့ခေတ်ကတည်းက တောင်းဆိုခဲ့တာတွေ။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ရှင်းရှင်းပြောရင် သူတက်လာပြီးသက်တမ်းတစ်လျောက်မှာ လူထုထောက်ခံမှုကိုရဖို့ ကြိုးပမ်းတာထက် စစ်တပ်ရဲ့ထောက်ခံမှုရအောင်၊ စစ်တပ်က သူနဲ့အတူ ပြုပြင်ပြောင်းလဲရေးကိုလုပ်ဖို့ သွေးဆောင်တဲ့အနေနဲ့ သူလုပ်နေတာများတယ်” ဟု ၄င်းက ဆိုသည်။

သို့သော် ယင်းသို့လုပ်ဆောင်နေသော်လည်း တို့တာဝန်အရေး(၃)ပါး၊ စစ်မူ (၆) ချက် စသည့် တပ်မတော်ဘက်မှ အသေဆုပ်ကိုင်ထားသောမူဝာဒများကြောင့် ပြုပြင်ပြောင်းလဲရေးကိစ္စမှာ လွယ်ကူမည်မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးကို၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါဝင်သောနည်းလမ်းဖြင့်သာ လူထုအင်အားဖြင့် ဆောင်ရွက်သင့်ကြောင်း ကိုကျော်ကိုကိုက ပြောသည်။

ထို့အတူ ညီညွတ်ရေးလုပ်ဆောင်ရာ၌ ရေရှည်ညီညွတ်မှုကို လိုလားပါက မိမိမူပေါ်တွင်မိမိ ခိုင်ခိုင်မာမာ ရပ်တည်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အာဏာ၏မူရင်းသည် ပြည်သူ့ထံမှဆင်းသက်လာပြီး ပြည်သူကရွေးချယ်သော နိုင်ငံရေးပါတီ၏ လက်ထဲတွင်သာ ရှိရမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့မူဖြင့် ညီညွတ်ရေးလုပ်ခြင်းကိုသာ လက်ခံနိုင်ပြီး မူကင်းမဲ့စွာ တဖက်သတ်လိုက်လျောချော့မြူနေခြင်း၊ စစ်တပ်နှင့်ပူးပေါင်းခြင်းကို ပရိယာယ်တစ်ခုအဖြစ်လည်း လက်မခံနိုင်ကြောင်း ၄င်းကဆိုသည်။

ယခုအခြေအနေအတိုင်း ဆက်သွားနေမည်ဆိုပါက နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ကျဆုံးနိုင်ငံအဖြစ်သို့ ဆုတ်ယုတ်မှုသာ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ၄င်းက ဝေဖန်ပြောဆိုသည်။ ” မမြ၀င်းရောဂါကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုတယ်။ လှေနံနှစ်ဖက်နင်းနေရင်တော့ အဆင်မပြေဘူး။ ကျွန်တော်တို့ ဖြစ်ချင်တာကတော့ ပြည်သူအတွက် ပြတ်ပြတ်သားသား ရပ်ရင်ရပ်၊ မရပ်ဘူးဆိုရင် ရတယ်။ ကိစ္စမရှိဘူး။ ပြည်သူက သူတို့ရဲ့ ပြည်သူလူထုကြားထဲက တော်လှန်နိုင်တဲ့ခေါင်းဆောင်ကို၊ အတွေ့အကြုံရှိတဲ့သူကို၊ အရာရာဟာ ပြည်သူအဆုံးအဖြတ်ပေးတယ်ဆိုတဲ့ အတွေးအခေါ်၊ သမိုင်းကိုအဆုံးအဖြတ်ပေးတာ ပြည်သူပါဆိုတဲ့ အတွေးအခေါ်ရှိတဲ့သူကို ပြတ်ပြတ်သားသား ယုံကြည်တယ်ဆိုရင်တော့ ဘယ်သူ၊ဘယ်ဝါကိုမှ ဖက်တွယ်နေစရာမလိုဘူး။ ပြည်သူလူထုဟာ သူတို့ရဲ့ မှန်ကန်သင့်တော်တဲ့ ခေါင်းဆောင်သစ်ကို ရွေးချယ်သွားနိုင်လိမ့်မယ်လို့ ယုံကြည်တယ်” ဟု ကိုကျော်ကိုကိုက ဆိုသည်။

ဓာတ်ပုံ – ငြမ်း
https://www.facebook.com/thenyangnews/posts/2002884253302959