သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၄)

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။
ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။
ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။
လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် အထူးထုတ်မဂ္ဂဇင်း ဖြန့်ချီမည် ဖြစ်ပါသည်။
စာမူများလည်း တောင်းခံထားပါသည်။
ရောက်ရှိလာသော စာမူများမှ ကောင်းနိုးရာရာများကို Hight Light (ကောက်စာ)အဖြစ် အခန်းဆက် တင်ပြပေးသွားပါမည်။

စာမူများပေးပို့လိုပါက
ဘဒ္ဒန္တနန္ဒာဘိဝံသ
ဓမ္မပါကဋကျောင်း
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
092035013 သို့ ပေးပို့နိုင်ပါသည်။
————————————————————-

မိမိနာယကဖြစ်စ၌ မစိုးရိမ်တိုက်နှစ်တိုက် ဆရာတော်များ နေ့စဉ်ဆောင်ရွက်ရသော အဘိဓာန်လုပ်ငန်း အပြင် မစိုးရိမ်တိုက်နာယကဆရာတော်များပေါင်းစည်း၍ အတူဆောင်ရွက်ရသော ကိစ္စများစွာ တွေ့ကြုံရပါသည်။ ဥပမာ-ပဌမအဘိဓဇမစိုးရိမ်ဆရာတော်ဘုရားကြီး၏ ဈာပနကိစ္စဖြစ်ပါသည်။ ထိုဆောင်ရွက်ဖွယ်ကိစ္စများစွာအတွက် ဆုံးဖြတ်ချက်ချခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည်ဖြင့် များစွာဆောင်ရွက်ရပါသည်။ ထိုအခါ၌လည်း ဓမ္မဝိနယရံသီဆရာတော်သည် တည်ငြိမ်အေး ဆေးစွာ ဆောင်ရွက်လေ့ရှိပါသည်။ ပိဋကဆရာတော်နှင့် ဓမ္မဒါယာဒဆရာတော်တို့သည် တက်တက်ကြွကြွ ဆောင်ရွက်ကြပါသည်။ ထိုဆရာတော်နှစ်ပါးသည်သာ ပြောတတ် ဆိုတတ် အကြံပြုတတ်ကြပါသည်။
ထိုအခါ တစ်လုံးစ နှစ်လုံးစ ပြောတတ်သော ဆရာတော်ဦးသိရိန္ဒသည် မိမိစကားအတိုင်း မဖြစ်မြောက်သော်လည်း “ငါ့စကားမှ ငါ့စကား”ဟူသော သဘောထားကို လုံးဝမပြဘဲ ပြုံးပြုံး ပြုံးပြုံးနှင့်သာ လက်ခံလေ့ရှိပါသည်။ ဆရာတော်က ပြုံးပြုံး ပြုံးပြုံးနှင့် လက်ခံသဖြင့် အများကလည်း ထို့အတူ လက်ခံကြပါသည်။ ဆရာတော်၏ အပြုံးသည် အားလုံး၏ အပြုံးကို ဖြစ်စေပါသည်၊ ဆရာတော်၏ တည်ငြိမ်အေးဆေးမှုသည် အားလုံး၏ တည်ငြိမ်အေးဆေးမှုကို ဖြစ်စေပါသည်။
အစည်းအဝေးရှိတိုင်း တစ်လုံးစ နှစ်လုံးစပြောတတ်သော်လည်း ဖြစ်သင့်သည်ကို ပြုံးပြုံး ပြုံးပြုံးနှင့်သာ လက်ခံလေ့ရှိသော ဆရာတော်မျက်နှာကို အာရုံပြု ဖူးမြင်ကာ ထိုမျက်နှာတော်အကြောင်းရင်းဖြစ်သော ဆရာတော်၏ ကြည်ညိုဖွယ်စိတ်ထားနှင့် ဂုဏ်တော်တို့ကို ပူဇော်လျက်။
အာဂမဆရာတော်
မစိုးရိမ်ကျောင်းတိုက်