သတင်း

ဦးဝီရသူကို ထောက်ခံသူများက We Love Wira Thu လှုပ်ရှားမှုပြုလုပ်

ဇူးဇူး 20 June 2017
မန္တလေး မစိုးရိမ်ကျောင်းတိုက်ဆရာတော်ဦးဝီရသူကို ကြည်ညိုလေးစားထောက်ခံသူများက We Love Wira Thu ကမ်ပိန်း(ထောက်ခံလက်မှတ်ကောက်ခံပွဲ)များကို ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ယခုလအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးဝီရသူအား အဓမ္မဝါဒီဟု စွပ်စွဲပြောဆိုနေမှုများကို ပယ်ဖျက်နိုင်ရန်နှင့် ဦးဝီရသူသည် ဓမ္မဘက်တော်သားဖြစ် ကြောင်းကို အတည်ပြုရန် ရည်ရွယ်၍ ဦးဝီရသူကို ချစ်မြတ်နိုးသူများ၊ ကြည်ညိုသူများ စုပေါင်းပြီး ယင်းသို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း We Love Wira Thu ကမ်ပိန်း ဦးဆောင်သူများက ဧရာဝတီကို ပြောသည်။
ထောက်ခံလက်မှတ်ရေးထိုးသူတစ်ဦးက “အဓိကရည်ရွယ်ချက်က ဘုန်းဘုန်းဦးဝီရသူဟာ ဓမ္မဘက်တော်သား လို့ယုံကြည်တယ်။ သူများတွေက ဘုန်းဘုန်းကို အဓမ္မဘက်တော်သား ဘာညာပြောနေတဲ့ အပေါ်မှာ မခံချင်ဖြစ်တယ်။ ဓမ္မဘက်တော်သားဖြစ်ကြောင်းကို ကျနော်တို့တွေရဲ့ ဆန္ဒမဲလက်မှတ်နဲ့ အတည်ပြုပေးတာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်က ကရင်ပြည်နယ် ဘားအံမြို့ မဲဘောင်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် We Love Wira Thu ကမ်ပိန်း၌ ထောက်ခံလက်မှတ်ပေါင်း ၁ သောင်းခန့်နှင့် ဇွန်လ ၁၄ ရက်က မြဝတီမြို့နယ် မြသုခတပ်ဦးကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်ပွဲ၌ ထောက်ခံလက်မှတ်ပေါင်း ၃၀၀ ကျော် ရရှိခဲ့ကြောင်း ကမ်ပိန်းလှုပ်ရှားမှုတွင် ပါဝင်သူ ဘားအံဒေသခံ ကိုသူရိန်ကပြောသည်။
ကိုသူရိန်က “ဆရာတော်ဦးဝီရသူ တရားဟောတာတွေ၊ ပြောတဲ့ဆိုတဲ့ သြဝါဒတွေမှာ အဓမ္မတရားတွေ ဟောပါတယ်ဆိုပြီးတော့ ရန်ကုန်မှာ ကမ်ပိန်းလုပ်နေကြတယ်။ အဲလိုမျိုး လုပ်တဲ့အခါမှာ ဆရာတော်ကို မလိုလို့ပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူတို့ရည်ရွယ်ချက်အရ အဓမ္မဝါဒလို့ မှတ်ပေးမယ့်လည်း ဆရာတော်က အဓမ္မဝါဒ မဟုတ်ဖြစ်ကြောင်း၊ ဆရာတော်ကို ချစ်နေသေးတဲ့သူတွေလည်း အများကြီးရှိတယ်ဆိုတဲ့အကြောင်းကို သိစေချင်လို့ပါ”ဟု ဆိုသည်။
ဆက်လက်၍ ကရင်ပြည်နယ်ရှိ တခြားသော မြို့နယ်များနှင့် မော်လမြိုင်တို့မှ ကမ်ပိန်းပြုလုပ်လိုသည်ဟုဆိုကာ ၄င်းတို့ထံ ကမ်းလှမ်းမှုများရှိကြောင်း၊ လတ်တလောတွင် ရရှိထားသည့် လက်မှတ်များကို ဆရာတော်ဦးဝီရသူထံ ဆက်ကပ်သွားမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
မန္တလေးမြို့တွင်လည်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)နှင့် ဦးဝီရသူကို ကြည်ညိုသူများ ပူးပေါင်းပြီး We Love Wira Thu ကမ်ပိန်းကို ဇွန်လ ၁၆ ရက်မှ ၁၉ ရက်အထိ ၄ရက်တိုင်တိုင် ပြုလုပ်ခဲ့ပြီး လက်မှတ်ပေါင်း ၅ သောင်းခွဲခန့် ရရှိခဲ့ကြောင်း ဦးဝီရသူကို ကြည်ညိုသူ မန္တလေးမြို့ဒေသခံ ဦးနိုင်ဝင်းထွန်းက ပြောသည်။
ဦးနိုင်ဝင်းထွန်းက “အွန်လိုင်းပေါ်မှာ အကောင်းပြောတဲ့သူလည်းရှိတယ်။ မကောင်းပြောတဲ့သူလည်း ရှိတယ်။ မကောင်းပြောတဲ့သူတွေက သူတို့မသိလို့ ပြောတာဖြစ်ပါလိမ့်မယ်။ ဆရာတော်ဘာတွေလုပ်နေသလဲ။ ဆရာတော် တကယ်လုပ်နေတဲ့အလုပ်တွေကို သေသေချာချာ ဂဃနဏ မသိလို့ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
တဖက်တွင်လည်း ရန်ကုန်အခြေစိုက် အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဦးဝီရသူ၏ ပြောဆို လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ဓမ္မ၊ အဓမ္မခွဲခြားပေးရန် ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူလူထု၏ ဆန္ဒပြုလက်မှတ်များ ကောက်ယူလျက်ရှိသည်။
ယင်းလက်မှတ်ကောက်ယူမှုကို မေလ ၂၁ ရက်မှ ယခု ဇွန်လ ၁၇ ရက်အထိ မြို့နယ် ၉ မြို့နယ်ခန့်တွင် ကောက်ယူခဲ့ပြီး ရရှိထားသည့် လက်မှတ်အရေအတွက် အတိအကျကို ဇွန်လ ၂၁ ရက်တွင် တရားဝင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ ဦးဆောင်တည်ထောင်သူ ကိုမြတ်ကျော်က ပြောသည်။
ယခုကဲ့သို့ ဆန္ဒပြုလက်မှတ်ကောက်ယူမှုပြုလုပ်ခြင်းသည် ၄င်းတို့အနေဖြင့် ဦးဝီရသူကို ပျက်စီးစေလိုခြင်း၊ ထောင်ကျစေလိုခြင်းမဟုတ်ဘဲ ဦးဝီရသူ၏ လွဲမှားနေသည့်ပြောဆို ဆောင်ရွက်မှုများကို လူထုအနေဖြင့် လက်မခံကြောင်း၊ လွဲမှားနေသည့် အယူဝါဒများကို ပြုပြင်စေလိုကြောင်း ပြချင်သည့်သဘောဖြစ်ကြောင်း ၄င်းက ပြောဆိုထားသည်။
အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီမှ ကောက်ယူရရှိသည့်လက်မှတ်များကို ဇွန်လ ၂၁ ရက်တွင် သာသနာရေး ဝန်ကြီးဌာနသို့ ပေးပို့သွားမည်ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သမ္မတရုံးဝန်ကြီးဌာနနှင့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့(မဟန)ကို ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
We Love Wira Thu ကမ်ပိန်းနှင့်ပတ်သက်၍ ကိုမြတ်ကျော်က “ကွဲလွဲခွင့်ကိုတော့ လေးစားပါတယ်။ သူတို့ လုပ်ခွင့်ရှိတယ်။ လုပ်ချင်ရင်တော့ လုပ်ကြပါ။ ဘာမှပြောစရာမရှိဘူး။ သို့ပေမယ့် ရဟန်းတစ်ပါးကို ချစ်လို့ထောက်ခံလို့ လက်မှတ်လိုက်ကောက်ရတယ်ဆိုတဲ့ အခြေအနေကတော့ ကျနော်တို့ ဗုဒ္ဓဘာသာသမိုင်း မှာတော့ မကြားဖူးဘူးလေ။ ဒီပြင်လူကြားဖူးရင်တော့ ကျနော်လည်း မသိဘူး” ဟု ၄င်း၏အမြင်ကိုပြောသည်။
ဦးဝီရသူကို ထောက်ခံသူများက We Love Wira Thu ကမ်ပိန်းများကို နိုင်ငံအနှံ့တွင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ထောက်ခံလက်မှတ်ပေးနိုင်ရန် Online Voting စနစ်ကို ဇွန်လ ၁၇ ရက်က စတင်ပြုလုပ်ခဲ့ပြီး ဇွန်လ ၂၀ ရက်အထိ လက်မှတ်ပေါင်း ၁၃၂၀၉ ရရှိထားကြောင်း သိရသည်။

https://burma.irrawaddy.com/news/2017/06/20/137049.html