သတင်း

မောင်တော အ.ထ.က-၂မှာ ခဏတာ

စာရေးသူ ရခိုင်ပြည်နယ် မောင်တောခရီးစဉ်အတွင်းမှာ မောင်တောမြို့ အ.ထ.က-၂ ကိုရောက်ရှိခဲ့ပါတယ်။ 13.7.2017 မနက် ၁၀း၀၀ နာရီမှာ ကျောင်းအုပ်ဆရာမကြီးဒေါ်လှမေသိန်းနှင့် တွေ့ဆုံပြီး ကျောင်းသူကျောင်းသားလေး များကို မုန့်ဖိုးပေးချင်တဲ့အကြောင်း ပြောပြတော့ ဆရာမကြီးဒေါ်လှမေသိန်းက စီစဉ်ပေးပါတယ်။

မနက်ပိုင်းဖြစ်နေလို့ အလယ်တန်း အထက်တန်းကျောင်းသူကျောင်းသားများ မရှိကြပါဘူး။ နေ့ခင်းပိုင်းကျမှ အလယ်တန်း အထက်တန်းကျောင်းသူကျောင်းသားများ တက်ကြရတာပါ။ မနက်ပိုင်းဖြစ်နေလို့ သူငယ်တန်း မူလတန်း ကျောင်းသူကျောင်းသားလေးတွေပဲ တွေ့ပါတယ်။

သူတို့လေးတွေကို ဆရာမကြီးက ယောက်ျားလေးတစ်တန်း မိန်းကလေးတစ်တန်း တန်းစီပေးထားပါတယ်။ သူငယ်တန်းလေးတွေကတော့ ငယ်လွန်းတော့ အခန်းထဲမှာပဲ တန်းစီပေးထားပါတယ်။ စာရေးသူတို့အဖွဲ့က ကျောင်းသူ ကျောင်းသားအားလုံးကို တစ်ဦးလျှင် နှစ်ရာကျပ်စီ မုန့်ဖိုးပေးပြီး မိန်းကလေးများအား လိပ်ပြာရုပ်ကလေးတွေ နေကြာရုပ်ကလေးတွေ ဆံကုတ်ကလေးတွေ ဆံညှပ်ကလေးတွေ ကလစ်ကလေးတွေ ပေးဝေပါတယ်။

ယောက်ျားလေးတွေကိုတော့ ကော်ဖီမစ်လေးတွေ ပေးဝေပါတယ်။ ကျောင်းသူကျောင်းသား ၁၀၄၇ ဦး ရှိပါတယ်။ အားလုံးဟာ ဘင်္ဂလီလေးတွေပါပဲ။ မင်္ဂလာပါလို့လည်း နှုတ်မဆက်တတ်ပါဘူး။ ဗမာစကားလည်း မတတ်ပါဘူး။ ဘာမေးမေး ခေါင်းခါနေတာပဲ တွေ့ရပါတယ်။ အားလုံးပြီးသွားလို့ ပြန်တဲ့အခါမှာတော့ လက်ဝှေ့ယမ်းပြီးနှုတ်ဆက်တဲ့အခါ သူတို့လေးတွေကလည်း အားရပါးရ ပြန်နှုတ်ဆက်ကြပါတယ်။

အားလုံးဟာ ချစ်စရာလေးတွေပါ။ ဆရာ ဆရာမတွေအားလုံးကလည်း ဂရုစိုက်ကြပါတယ်။ အထက-၂မှာ ကျောင်းသူကျောင်းသား ၂၄၀၀ ကျော်ရှိပါတယ်။ သူငယ်တန်း မူလတန်း ငါးတန်း ခြောက်တန်းအထိ တိုင်းရင်းသူ တိုင်းရင်းသား တစ်ယောက်မှ မရှိပါဘူး။

၇ ၈ ၉ ၁၀ တန်းကျမှ တိုင်းရင်းသူ တိုင်းရင်းသားတွေရှိတာပါ။ လေးတန်းလုံးပေါင်းမှ တိုင်းရင်းသူတိုင်းရင်းသား ၂၁၀ ပဲရှိကြောင်း ဆရာမကြီးက ပြောပါတယ်။ မောင်တောခရီးစဉ်အတွက် ဘင်္ဂလီကျောင်းသူကျောင်းသားလေးတွေက အမှတ်တရတော့ ဖြစ်နေဦးမှာပါပဲ။