သတင်း

ရေသန့်စက် အလှူတော် ရေစက်ချပွဲ

25.1.2018 ရက်နေ့ မနက် ၁၀း၀၀ နာရီမှာ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။ ဓမ္မသဟာယကျောင်းရှေ့မှာ ဆောက်လုပ်လှူဒါန်းထားသော သောက်ရေသန့်စက် အလှူတော် ရေစက်ချပွဲပါ။
ရေသန့်စက်အလှူရှင်များကတော့ ဦးရန်ကြီးအောင်+ဒေါ်တင်တင်မော် (မော်မော်ရွှေဆိုင်)မိသားစု ရွှေပြည်သာမြို့နယ် ရန်ကုန်မြို့ ဖြစ်ပါတယ်။

ရေသန့်စက် ရေစက်ချပွဲမှာ ဓမ္မသဟာယကျောင်း စာသင်သံဃာတော်များအား တစ်ပါးလျှင် ၅၀၀၀ကျပ်စီ၊ ပင့်သံဃာတော်များအား တစ်ပါးလျှင် ၁၀၀၀၀ ကျပ်စီ၊ လှူဒါန်းပါတယ်။ ဆရာတော် ဦးဝီရသူ၏ နဝကမ္မအတွက် အလှူငွေ ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းပါတယ်။

ဒေါ်ယဉ်လှမိသားစု ၊ ဦးမြင့်လွင်+ဒေါ်သန်းသန်း မိသားစု အပါအဝင် မော်မော်ရွှေဆိုင် ဓမ္မမိတ်ဆွေများ ဆွေမျိုးဉာတိများက ၆၃၀၀၀ ကျပ်နှင့် လှူဖွယ်သင်္ကန်းခြင်းများ ဆက်ကပ်လှူဒါန်းကြပါတယ်။ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါတယ်။ အနုမောဒနာတရားအဖြစ် ဆရာတော်ဦးဝီရသူအား ဥဒကဒါယကတ္ထေရအပဒါန်(ရေအလှူဆရာတော်အကြောင်း)တရားတော် ဟောကြားခဲ့ပါတယ်။

မော်မော်ရွှေဆိုင်ပိုင်ရှင် ဦးရန်ကြီးအောင်ဟာ ဆရာတော်ဦးဝီရသူ တရားပွဲတွေမှာ လိုက်ပါနေတဲ့ ဝေယျာဝစ္စကုသိုလ်ပြုခဲ့သူဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူသီတင်းသုံးရာ ဓမ္မသဟာယကျောင်းမှာလည်း လပေါင်းများစွာ နေထိုင်ရင်း ဆရာတော်ဦးဝီရသူ၏ ဝေယျာဝစ္စ ဆောင်ရွက်ရင်း ကုသိုလ်ပြုသူဖြစ်ပါတယ်။

ဓမ္မသဟာယကျောင်းမှာနေစဉ် စာသင်သံဃာတော်များ ကျန်းမာရေးနှင့်ညီညွတ်အောင် ရေသန့်စက် လှူလိုတဲ့ စေတနာသဒ္ဓါတရားများ ပေါ်ပေါက်လာတာကြောင့် အခုလို ရေသန့်စက် လှူဒါန်းခြင်းဖြစ်ပါတယ်။ ရေသန့်စက်၏တန်ဖိုးက ၉၅သိန်းဖြစ်ပါတယ်။ စက်ရုံတန်ဖိုးက ၂၁သိန်းကျော်ကျပါတယ်။ 

လက်ဆေးကန်များ ပိုက်များ မီးသွယ်ခြင်းများ မီးခလုတ်များ အပါအဝင် အပြီးအစီး သိန်းပေါင်း၁၂၀ ကုန်ကျပါတယ်။ မော်မော်ရွှေဆိုင်၏ ရေသန့်စက်အလှူကြောင့် ဓမ္မသဟာယကျောင်း သံဃာတော်များအပြင် အခြားကျောင်းဆောင်များမှ သံဃာတော်များလည်း သောက်ရေသန့်များ ဘုဉ်းပေးသုံးဆောင်ခွင့် ရခဲ့ကြပါတယ်။

မစိုးရိမ်တိုက်သစ်သို့ ဆွမ်းလာကပ်သော ဗီယက်နမ်မိသားစုကလည်း သဟာယကျောင်း ရေသန့်စက်ကို မြင်သွားကာ သူတို့လည်း ဒီလိုရေသန့်စက်တစ်လုံး လှူချင်ကြောင်း လျှောက်ထားသွားပါတယ်။ မကြာခင် လာရောက်လှူဒါန်းမယ်လို့ သိရပါတယ်။
ရေသန့်စက်အလှူရှင် ဦးရန်ကြီးအောင်+ဒေါ်တင်တင်မော် မိသားစုနှင့်အတူ ဓမ္မမိတ်ဆွေများ ဆွေမျိုးဉာတိများ ပရိသတ်များ အနုမောဒနာပြုကြသော သူတော်ကောင်းများအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။