သတင်း

ရွှေညဝါအရေးတော်ပုံ

(အချိန်အခါ သင့်တော်သဖြင့် ပြန်တင်ပေးလိုက်ရပါသည်။ ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်းစီမှာ နိုင်ငံရေးသမားဟူသည် ဘာမျှမဟုတ်ပါ ဟု မြင်အောင်ကြည့်နိုင်သည့် နိုင်ငံရေးမျက်စိမျိုး ရှိမှသာလျှင် အလိမ်အညာမခံရမည် ဖြစ်ပါသည်။

အစိုးရကောင်းတစ်ရပ်ကို တင်မြှောက်နိုင်မည်ဖြစ်ပါသည်။ လွှတ်တော်အဆင့်ဆင့်ကို မောင်းနှင်နိုင်မည်ဖြစ်ပါသည်။ ဤသည်ကိုရည်ရွယ်၍ ဝီရသူ မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံလုပ်နေပါသည်။ ပြည်သူအပေါင်း နိုင်ငံရေးဗဟုသုတ ရရှိနိုင်ပါစေ…။)

ဝီရသူ (မစိုးရိမ်)
11.12.2017
7:43 PM
——————————————————————–

စာရေးသူ ကျောင်းတော်ကြီးမှ ပြန်လာစဉ်က ဖြစ်သည်။ မီဒီယာများမှာ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ကြသူများ သတင်းက ထိပ်တန်းသတင်းဖြစ်နေ၏။
ကိုပေါ်(မင်းကိုနိုင်)တို့အဖွဲ့ လွတ်သည်။ ဦးခွန်ထွန်းဦး(SNLD)တို့ လွတ်သည်။ လွှင့်၍မဆုံး အလွမ်းသယ်၍ မဆုံး အားရကျေနပ်ဖွယ်ပင် ဖြစ်လေသည်။
လွတ်ငြိမ်းချမ်းသာသတင်းများ ပြီးဆုံးငြိမ်သက်သွားသည့်အခါ ရွှေညဝါသတင်းက ထိပ်တန်းသတင်း ဖြစ်လာပေသည်။ ရွှေညဝါဆရာတော်ကို တရားပွဲပိတ်သည့်အပြင် ကျောင်းတိုက်မှ နှင်ထုတ်ပစ်သည့်သတင်း ဖြစ်၏။ နောက်ဆုံးသတ်မှတ်ရက်ပါ ထုတ်ပြန်ထားခြင်းဖြစ်၏။
တရားပွဲပိတ်ထားသည့်ကာလအတွင်း မန္တလေးNLDရုံးဖွင့်ပွဲတစ်ခုမှာ သြဝါဒသွားပေးသောကြောင့် ဆက်လက် အရေးယူခံရခြင်းဖြစ်၏။
ပြည်သူများက သနားကြ နိုင်ငံရေးသမားများက မကျေနပ်ကြ။ အထူးသဖြင့် ကိုပေါ်(မင်းကိုနိုင်) တို့အဖွဲ့က လုံးဝမကျေနပ်ကြပေ။ ရွှေညဝါဆရာတော် လုံးဝအထွက်မခံနိုင်ဘူး။ ခံချမည်။ ခံတိုက်မည်ဟုဆိုကာ ဦးသန့်အရေးအခင်းကဲ့သို့ပင် အမှန်တရားကို ဖက်တွယ်ထားခဲ့ကြလေ၏။ ထိုစဉ်က ရွှေညဝါဆရာတော်သည် ကမ္ဘာကျော် ဟီးရိုးတစ်ပါးဖြစ်နေခဲ့လေ၏။
တစ်ခုသော ညအခါ၌ ကိုရဲရင့်ကျော်(YYK)တို့ ကျောင်းသားဟောင်းတစ်သိုက် စာရေးသူထံသို့ ရောက်လာခဲ့ ကြ၏။ ရွှေညဝါဆရာတော်ကိစ္စနှင့်ပတ်သက်၍ စာရေးသူ၏ သဘောထားကို ကိုပေါ်(မင်းကိုနိုင်)က မေးခိုင်း၍ လာရကြောင်းဆိုလာ၏။ ထိုစဉ်၌ စာရေးသူသည် ဖိုးသူတော်အဝတ်ဖြင့်ပင် ရှိပါသေး၏။ သင်္ကန်းပင် ဝတ်ခွင့်မရသေးပေ။
စာရေးသူက ပြောလိုက်ပါသည်။
“ရွှေညဝါဆရာတော် ရိုးသားဖို့လိုတယ်။ လက်ရှိသူနေထိုင်တဲ့ သာဓုကျောင်းက မဟနပိုင်တဲ့ ကျောင်းဆိုတာ ရွှေညဝါဆရာတော်က ထုတ်ဖော်ပြောရမှာ။ မဟနပိုင်တဲ့ကျောင်းမှာ မဟန မကြိုက်တာလုပ်ရင် ထွက်ရမှာပဲ။ သမိုင်းတစ်လျှောက်မှာ နိုင်ငံပိုင်ကျောင်းတိုက်နေထိုင်သူတို့အနက် မိန်းမနှင့် ငြိစွန်းလို့ ထွက်ရတာတွေလည်း ရှိခဲ့တယ်။ အဓမ္မဝါဒထူထောင်လို့ ထွက်ရတာတွေလည်း ရှိခဲ့တယ်။”
ကိုဝိုင်ဝိုင်ကေတို့ မျက်လုံးပြူးသွားကြလေသည်။ ကမ္ဘာကြီးနှင့်တစ်ခြားစီဖြစ်နေသော အတွေးအမြင် ဖြစ်နေသောကြောင့်တည်း။
ဆက်လက်၍ ကိုဝိုင်ဝိုင်ကေက လျှောက်ထားသည်။
“တစ်ကမ္ဘာလုံးက ရွှေညဝါမှ ရွှေညဝါဖြစ်နေလို့ ဘယ်သူကမှ အမုန်းမခံချင်ကြဘူးဖြစ်နေတယ်” ဟူ၍ ဖြစ်လေသည်။
“ဒါဆိုရင် ကျုပ်ကို မီဒီယာနှင့် ချိတ်ပေး ကျုပ်ပြောမယ်။ ကျုပ်အမုန်းခံမယ်” ဟု စာရေးသူက ပြောသော်လည်း ချိတ်ဆက်မပေးကြပေ။
စာရေးသူသည် လူ့ပြည်သို့ ပြန်ရောက်ခါစ သင်္ကန်းပင် မစည်းရသေးချိန်ဖြစ်၍ မီဒီယာများနှင့် အဆက်အသွယ် မရှိပေ။
ရွှေညဝါဆရာတော်က အမှန်အတိုင်းမပြောဘဲ ထိမ်ချန်ထားသည့်အပြင် မဟန ဆရာတော်ကြီးများက ခေါ်သည့်အခါ သူ့ဘက်ကသည်းခံသယောင်၊ ပရိသတ်နှင့်တွေ့သည့်အခါ သူ့ဘက်က သဘောထားကြီး သယောင်၊ နိုင်ငံရေးသမားများနှင့်တွေ့သည့်အခါ သူ့ဘက်က မေတ္တာကြီးသယောင်၊ ဒကာ ဒကာမများနှင့် တွေ့သည့်အခါ အနိုင်ကျင့်ခံနေရသယောင် ငိုပြနေလေတော့၏။
တစ်လောကလုံးက သူ့ကိုသနားကြ၊ ကြည်ညိုကြ၊ လေးစားကြ။ အားကျကြနှင့် သူသည် သူရဲကောင်းကြီး တစ်ဆူ ဖြစ်နေလေတော့၏။ ရွှေညဝါခေတ်ဟုပင် ဆိုကြရပေမည်။
စာရေးသူသည် မျက်မှောက်နိုင်ငံရေးကို သုံးသပ်ကြည့်မိလေသည်။ ၂၀၁၀ မှာ ရွေးကောက်ပွဲ(အတုအယောင်) ကျင်းပသည်။ ဝန်ကြီးချုပ် ဦးသိန်းစိန် သမ္မတဖြစ်လာသည်။ ၂၀၁၁ မြစ်ဆုံအရေးအခင်းမှာ ပြည်သူ့ဆန္ဒ လိုက်လျောသည်ကို တွေ့ရသည်။ ၂၀၁၂ နှစ်ဆန်းပိုင်းမှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်ကို တွေ့ရသည်။ သည်ပုံအတိုင်းဆိုလျှင် ဒီမိုကရေစီ ပျိုးပင်လေး အညှောင့်ထွက်ပြီး အညွန့်ပေါက်ပြီဆိုရမည်ဖြစ်၏။ ခက်ရာခဲဆစ် ထွက်ပေါ်လာရသော ဒီမိုကရေစီပျိုးပင်လေး အညွန့်ချိုးမခံနိုင်ပါ။ ရွှေညဝါအရေးအခင်းကြောင့် အညွန့်ကျိုးသွားမည်ကို စိုးရိမ်မိလေသည်။ ထို့ကြောင့် နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ခဲ့ရလေတော့၏။
ရွှေညဝါဆရာတော်၏ ဖုန်းနံပါတ်ကို စတင် စုံစမ်းသည်။ သီတဂူကြယ်တစ်ပွင့် အရှင်ပညာနန္ဒထံမှ ရခဲ့၏။ ရွှေညဝါဆရာတော်ထံ ဖုန်းဆက်သည့်အခါ ဝမ်းသာနေ၏။ သူ့အနားမှာ မည်သူမျှမရှိတော့ကြောင်း၊ အခုလို အထီးကျန်နေချိန်မှာ ဖုန်းဆက်ဖော်ရ၍ ကျေးဇူးတင်ကြောင်း မိန့်ရှာ၏။
စာရေးသူက “သာဓုကျောင်းတိုက်ဟာ နိုင်ငံတော်ပိုင်ကျောင်းဖြစ်တယ်ဆိုတာ အများပြည်သူသိအောင် ချပြမှဖြစ်မယ်။ ပြည်သူတွေ ဘာမှမသိဘဲ နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများကို ပြစ်မှားနေ ကြတာ အကုသိုလ်ကြီးတယ်” ဟု လျှောက်ထားသည့်အခါ ရွှေညဝါဆရာတော်က သာဓုကျောင်းတိုက်ဟာ မဟနပိုင်ဖြစ်သည်ဆိုသည်မှာ အထောက်အထားမရှိကြောင်း ပြောနေပါသည်။ ထိုအခါ စာရေးသူက မစိုးရိမ်တိုက်(ဟောင်း)ပါဠိနယူပဒေသကျောင်းမှ သကျသီဟအောင်သွားသော ဆရာတော်ဦးဉာဏဝရာဘိဝံသအကြောင်း လျှောက်ထားရလေသည်။
ဆရာတော် ဦးဉာဏဝရာဘိဝံသသည် သာဓုကျောင်းမှာ စာသင်တိုက်ဖွင့်ပါသည်။ သာဓုကျောင်းသည် နိုင်ငံတော်ပိုင်ကျောင်း ဖြစ်နေသောကြောင့် လုပ်ပိုင်ခွင့်အပြည့်အဝရလျှင်သော်မှ အာမခံချက် အပြည့်အဝ မရနိုင်ဟုဆိုကာ သာဓုတိုက်မှ ခွဲထွက်သွားခဲ့ဖူးသည့် သာဓကဖြစ်ပါသည်။ ထိုအခါမှ ရွှေညဝါဆရာတော် ငြိမ်ကျသွားပါသည်။
မကြာမီအချိန်တွင် ကိုပေါ်(မင်းကိုနိုင်)က စာရေးသူထံ ဖုန်းဆက်ပါသည်။ ရွှေညဝါဆရာတော် ကျောင်းတိုက်မှ ထွက်တော့မည်။ စည်ကားသိုက်မြိုက်စွာ လိုက်ပို့ချင်သည်။ စာရေးသူ့သဘောထားကို သိချင်သည်ဟု လျှောက်ထားခြင်းဖြစ်ပါသည်။
စာရေးသူက “ကလေကချေမှ မဟုတ်တာဗျာ။ တိုင်းပြည်အတွက် ပေးဆပ်ထားတဲ့ ဘုန်းကြီးတစ်ပါး အညတရပုံစံနဲ့ ထွက်ခွါသွားရတာတော့ ဘယ်ကောင်းပါ့မလဲ။ ပို့ကြပါ။ ဦးဇင်းလည်း သဝဏ်လွှာရေး ပေးလိုက်ပါ့မယ်။ ရှေ့လေကာမှန်မှာ ကွန်ပျူတာစာစီပြီး ကပ်ထားပါ” ဟု ပြန်ပြောလိုက်၏။
ကိုပေါ်(မင်းကိုနိုင်)က “ဗီနိုင်းတွေ ပေါ်နေပါပြီဘုရား ဗီနိုင်းနဲ့ရေးပြီး ချိတ်ဆွဲပေးပါ့မယ်” ဟု ပြန်လျှောက်လေ၏။
စာရေးသူက ပထမဦးဆုံး သဝဏ်လွှာရေးပေးလိုက်လေသည်။ “အကောင်းပြောင်းတာ မဟုတ်ပေမယ့် အပြောင်းကောင်းမှာ သေချာပါတယ်”
“ဝေဿန္တရာ နန်းစွန့်ခြင်းဟာ ဝေနေယျတွေအတွက် ရွှေညဝါကျောင်းစွန့်ခြင်းဟာ တိုင်းပြည်အတွက်” စသည်တို့ ဖြစ်လေသည်။
စာရေးသူ ရန်ကုန်ရောက်သည့်အခါ ဝါးတဲကျောင်းလေးမှာ သီတင်းသုံးသော ရွှေညဝါဆရာတော်အား ဖူးမြှော်ကန်တော့ခဲ့ဖူးပါသည်။
ထိုအခါ ရွှေညဝါဆရာတော်က “ငါ့ပွဲကလှနေတာကွာ ဝီရသူဝင်လာမှ ပွဲသိမ်းသွားတာ နာတယ်ကွာ” ဟု ရယ်ကာမောကာ ဟာသနှော၍ မိန့်မြွက်ခဲ့သေးကြောင်း စာရေးသူ၏ကျောင်းသား မောင်အဂ္ဂပြန်ပြောပြမှ သိရလေသည်။
ရွှေညဝါအရေးအခင်းက ကြောက်စရာ။ နုနယ်သော ဒီမိုကရေစီ အကြမ်းဖက်ခံရနိုင်၏။ ၈၈ ကျောင်းသားများက ရွှေညဝါဆရာတော်ကို ဦးသန့်အလောင်းလုသလို ဖက်တွယ်ထားပြီး အစိုးရကို ခံချမည်ဟုဆိုကာ ကျောင်းတိုက်ထဲမှာ တပ်စွဲထား၏။ မီဒီယာများက မြှောက်ပင့်ပေးနေ၏။ ပြည်သူများသည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများကို အထိမ်းအကွပ်မဲ့စွာ ပြစ်မှားနေကြ၏။
သူတော်ကောင်းကြီး
သူရဲကောင်းကြီး
သုခမိန်ကြီးကား ကွမ်းလေးမြုံ့လိုက် ဒူးလေးနန့်လိုက်နှင့် လောကကြီးကို ကောင်းကောင်းကြီး အသုံးချနေလေ၏။
ဤသို့ နိုင်ငံလည်း နစ်နာ၊ ပြည်သူလည်း အပြစ်ကြီး၊ နိုင်ငံရေးသမားများလည်း သိက္ခာကျ၊ တိုင်းပြည်လည်း နောက်ပြန်လှည့်နိုင်သည့် ရွှေညဝါအရေးအခင်းကြီးတစ်ခုလုံးကို ဖန်းတီးသူ ဒါရိုက်တာမှာ ရွှေညဝါဆရာတော် ဦးပညာသီဟပင်ဖြစ်လေသည်။
ပြည်သူငတ်လျှင် ဘဝပျက်မည်။ ဖာဖြစ်မည်။
(ရွှေညဝါ ကျောင်းတိုက်မှထွက်ခွာလျှင် တိုက်နှင့်တာနှင့် တစ်ထီးတစ်နန်း နေရမည်။)
ထိုသို့သော ခေတ်ဆိုးကြီးကို ဇွတ်မတိုးစေလိုသောကြောင့် စာရေးသူအမုန်းခံခဲ့ခြင်းဖြစ်ပါသည်။
စာရေးသူမှာ ထာဝရရန်သူ ထာဝရမိတ်ဆွေဟူ၍ မရှိပါ။ ထာဝရပြည်သူသာ ရှိပါသည်။
ဝီရသူ(မစိုးရိမ်)
7.4.2015 PM 5:12