သတင်း

့မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများထောက်ခံပွဲသို့ ဝီရသူ(မစိုးရိမ်)ပေးပို့သော သဝဏ်လွှာ

သဝဏ်လွှာ

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပသည့် မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ အား ထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြကုန်သော ရဟန်းရှင်လူပြည်သူအပေါင်းတို့ ယခုအချိန်သည် မြန်မာတစ်မျိုးသားလုံး အန္တရာယ်ကျရောက်နေသော အချိန်အခါ ဖြစ်ပါသည်။

တပ်မတော်သည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်နေသောအဖွဲ့အစည်းဖြစ်သကဲ့သို့ သံဃာ့အဖွဲ့အစည်းသည်လည်း ဗုဒ္ဓသာသနာတော်ကို ကာကွယ်စောင့်ရှောက်နေသော အဖွဲ့အစည်းကြီး ဖြစ်ပါသည်။ တပ်မတော်ရှိမှသာ နိုင်ငံ၏ အချုပ်အခြအာဏာနှင့် နိုင်ငံသူနိုင်ငံသားတို့၏ အသက်အိုးအိမ် စည်းစိမ်များ လုံခြုံမှာဖြစ်သလို သံဃာ့အဖွဲ့အစည်းရှိမှသာ ဗုဒ္ဓသာသနာတော်နှင့် ဗုဒ္ဓသာသနာကို ယုံကြည်မြတ်နိုးသူများ လုံခြုံမှာဖြစ်ပါသည်။

ယနေ့ကမ္ဘာကြီးသည် ဂျီဟဒ်ဝါဒီမူဆလင်တို့၏ အစ္စလာမ်မိုက်ဇေးရှင်း တည်းဟူသော အဓမ္မနည်းဖြင့် အစ္စလာမ်ဇာတ်သွင်းခြင်းကို ခံနေရပေပြီ။ မြန်မာနိုင်ငံသည် အစ္စလာမ်မိုက်ဇေးရှင်း အန္တရာယ် ကျရောက်နေသော ကမ္ဘာကြီးထဲက နိုင်ငံငယ်လေးတစ်ခုဖြစ်ပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များ၌ ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်မှုများသည် အစ္စလာမ်မိုက်ဇေးရှင်းနှင့် စပ်ဆက်လျက်ရှိပါသည်။ အစ္စလာမ်ဘာသာဝင် လူဦးရေများပြားလွန်းသော မြို့ရွာများ၌ ဖြစ်လေ့ဖြစ်ထရှိသော ထုံးစံတစ်ခုမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုခြင်း၊ ခွဲထွက်ခြင်းများပင် ဖြစ်ပါသည်။ ဂျီဟဒ်ဝါဒီတို့သည် သူတို့တောင်းဆိုမှု များ ရရှိရေးအတွက် အကြမ်းဖက်မှုမျိုးစုံကို ကျင့်သုံးလေ့ရှိပါသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက် သောကြာနေ့ မနက်အစောမှာ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြီးသည် အစ္စလာမ္မစ်နိုင်ငံထူထောင် နိုင်ရေးအတွက် ဂျီဟဒ်ဝါဒီများ ဆင်နွှဲလေ့ရှိသော အကြမ်းဖက်နည်းတစ်မျိုးသာ ဖြစ်ပါသည်။ လူမျိုးရေး ပဋိပက္ခလည်း မဟုတ်ပါ။ ဘာသာရေးအဓိကရုဏ်းလည်း မဟုတ်ပါ။ အစ္စလာမ္မစ်စတိတ်ထူထောင် လိုသည့် ဂျီဟဒ်ဝါဒီမူဆလင် အကြမ်းဖက်သမားတို့၏ နယ်မြေလုသည့် ဂျီဟဒ်စစ်ပွဲသာဖြစ်ပါသည်။
အချုပ်အခြာ အာဏာကို ထိပါးစော်ကားခြင်းသာ ဖြစ်ပါသည်။

ထိုစစ်ပွဲ၌ အသက်ပေးခဲ့ကြရသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ နိုင်ငံ့ဝန်ထမ်း ကောင်းများ အတွက် လုံးဝစိတ်မကောင်းပါ။ ၄င်းတို့၏မိသားစုများနှင့် ဒဏ်ရာရရှိခဲ့ကြသူများကို အထူး စာနာမိပါသည်။ အပြစ်မဲ့သားကောင်ဖြစ်ခဲ့ရသော ပြည်သူများအတွက်မူ အထူးပြောစရာပင် မရှိနိုင်တော့ပါ။

ဦးပဉ္စင်းတို့ မောင်တောမြို့မှ အပြန်လမ်းတွင် ရဲအရာရှိကြီးတစ်ဦး လျှောက်ထားသည့် စကားတစ်ခွန်းကို ယခုထိ သတိရနေမိပါသည်။ ၄င်းမှာ “အရှင်ဘုရားတို့ ပြန်သွားကြပေမယ့် တပည့်တော်တို့က ကျန်ခဲ့ဦးမှာပါဘုရား” ဟူ၍ ဖြစ်ပါသည်။ တိုင်းပြည်၏ အချုပ်အခြာအာဏာလုံခြုံရေး အတွက် မိသားစုနှင့် ခွဲခွါကာ သေမင်းကို နေ့စဉ်ရင်ဆိုင်နေရသော ဝန်ထမ်းကောင်းများသည် နိုင်ငံသူ နိုင်ငံသားတိုင်း၏ ကျေးဇူးရှင်ပင် ဖြစ်ပါသည်။

မောင်တောနေ ပြည်သူများသည် တပ်မတော်သားတို့၏ အကာအကွယ်ရသောကြောင့်သာ လူမျိုးတုံးသတ်ဖြတ်မှုမခံခဲ့ရခြင်း ဖြစ်ပါသည်။ ဦးပဉ္စင်းတို့ စစ်တွေမြို့သို့ ပြန်ရောက်သည့်အခါ မြို့မိမြို့ဖလို အားထားရသော ဒေသခံရခိုင်သားကြီးတစ်ဦးက လျှောက်ထားပါသည်။ “ဒီပွဲမှာ တပ်မတော်က အားအကိုးရဆုံးပဲ။ တပ်မတော်ကို ထောက်ခံပွဲတွေ ကျင်းပသင့်တယ်” ဟူ၍ ဖြစ်ပါသည်။

မှန်ပါသည်။ တပ်မတော်သားများနှင့် နိုင်ငံ့ဝန်ထမ်းကောင်းများသည် မိမိအသက်ကို ပဓာနမထားဘဲ ပြည်သူလူထုကို ကယ်တင်ခဲ့ကြသူများ ဖြစ်ပါသည်။ အမိမြေ လုံခြုံရေးအတွက် ထမင်းအငတ်ခံ၊ အသက်အသေခံပြီး ကာကွယ်စောင့်ရှောက်နေသူများဖြစ်ပါသည်။

တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ၏ ကျေးဇူးကြောင့်သာ မောင်တောမြို့ကြီး မကျဆုံးခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံ၏ အချုပ်အခြာအာဏာ လုံခြုံခဲ့ခြင်းဖြစ်ပါသည်။ အမျိုးဘာသာ သာသနာအထိပါး မခံရခြင်း ဖြစ်ပါသည်။

ယခုလို အစ္စလာမိုက်ဇေးရှင်းအန္တရာယ်ကျရောက်နေသော အခါမျိုး၌ တပ်မတော်အင်အားရှိမှ တိုင်းပြည်လုံခြုံမှာဖြစ်ပါသည်။ တပ်မတော်အင်အားရှိမှ အမျိုးဘာသာ သာသနာ လုံခြုံမှာဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော်အင်အားရှိအောင် တိုင်းသူပြည်သားများက တပ်မတော်သားများအား မေတ္တာပို့ကြပါ၊ အားပေးကြပါ၊ ဖေးမကူညီကြပါဟု တိုက်တွန်းချင်ပါသည်။

အချုပ်အခြာအာဏာတည်မြဲဖို့အတွက် တပ်မတော်အင်အားရှိမှဖြစ်ပါမည်။
အမျိုးဘာသာ သာသနာလုံခြုံရေးအတွက် တပ်မတော်အင်အားရှိမှဖြစ်ပါမည်။
အချုပ်အခြအာဏာနှင့် အမျိုးဘာသာ သာသနာကို တပ်မတော်နှင့်အတူ ကာကွယ်ကြပါစို့ သူတော်ကောင်းအပေါင်းတို့။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)