သတင်းအင်တာဗျူး

နွားတွေလို ကိုယ့်အချင်းချင်းသာခွေ့ကြပြီး ကျားကျ ကြောက်ကြတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး(၂)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး – အာဏာရပါတီက အမျိုးသားရေးသမားတွေကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေတဲ့အချိန်မှာပဲ အတိုက်အခံပါတီလို့ပဲပြောရမှာပေါ့ဘုရား၊ အဲဒီပါတီကြီးက အမျိုး ဘာသာ သာသနာလို့ ပေါ်ပေါ်တင်တင်ပဲ ကြွေးကြော်လာတယ်ပေါ့ဘုရား၊ နောက်ပြီးတော့ ပါတီဝင်အသစ်တွေကလည်းပဲ ဒီပါတီကိုဝင်ရတာ အမျိုးဘာသာ သာသနာကြောင့် ၀င်တယ်ဆိုတာမျိုးတွေလည်း ပြောလာတယ်ပေါ့ဘုရား အရင်ကတည်းက အမျိုးသားရေးလှုပ်ရှားမှုတွေဟာ သူတို့ရဲ့ လက်ကိုင်တုတ်လို့ တံဆိပ်ကပ်ခံရနေတာဆိုတော့ သူတို့က အမျိုးဘာသာ သာသနာလို့ ကြွေးကြော်လာချိန်မှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲဘုရား။ နိုင်ငံရေးအခင်းအကျင်းက၊ နောက် အမျိုး ဘာသာသာသနာလှုပ်ရှားမှုတွေက။

ဖြေ- ပြည်သူတွေမှာ ချစ်ခြင်းမုန်းခြင်းက တအားကြီးကို လွှမ်းမိုးခံနေရတယ်။ သူတို့မုန်းတဲ့သူတွေနဲ့ အမျိုးသားရေးသမားတွေကို ပြည်သူတွေက မပတ်သက်စေချင်ဘူးပေါ့နော်။ တကယ်တမ်းကျတော့ သူတို့တတွေဟာ အမျိုးသားရေးစိတ်ဓာတ်အင်မတန်ကြီးမားတဲ့သူတွေဖြစ်တယ်။ သူတို့ ကြီးစိုးစဉ်ကာလတုန်းကလည်းပဲ ဆရာတော်သံဃာတော်တွေကို ထောက်ပံ့တယ်။ သာသနာပြန့်ပွားအောင်လုပ်ခဲ့တယ်။ သာသနာရေးဦးစီးဌာနတစ်ခုလုပ်ပေးခဲ့တာတို့၊ နောက် သာသနာထွန်းကားပြန့်ပွားရေးဆိုတဲ့ ဌာနတစ်ခုအသစ်ထောင်ပေးခဲ့တာတို့၊ နောက် တောင်တန်းသာသနာပြု နိုင်ငံခြားသာသနာပြုဆရာတော်တွေ ဘွဲ့တံဆိပ်တွေ ကပ်တာတို့ သာသနာအတွက် အများကြီးလုပ်ပေးခဲ့တာ တွေ့ရတယ်လေ။

သူတို့တတွေဟာ သမိုင်းကြောင်းအရ အမုန်းခံနေရတာ၊ သူတို့ရဲ့ ရင်တွင်းက အမျိုး ဘာသာ သာသနာချစ်မြတ်နိုးတဲ့စိတ် အပြည့်အ၀ရှိတယ်ဆိုတာကိုတော့ ယုံကြည်လို့ ရပါတယ်.။ သူတို့တတွေက အမျိုးသားရေးသမားတွေနဲ့ ပါဝင်ပတ်သက်လို့ဆိုပြီးတော့သာ ပြည်သူတွေက ငြိုငြင်ကြတာပေါ့နော်။ သူတို့တတွေကလည်း နိုင်ငံရေးသမားပီပီ နိုင်ငံရေးအမြတ်ထုတ်တာလည်း ရှိနိုင်တာပဲလေ။ သို့သော် ဒီလို အမြတ်ထုတ်တာမျိုးကျတော့ ဦးဇင်းတို့က လက်ခံနိုင်တာပေါ့နော့်။ အဲဒီလိုမဟုတ်ဘဲနဲ့ အသုံးချပြီး လှည့်ပြီးစားသွားတာမျိုးသာ လက်မခံနိုင်တာလေ။ ဒါကြောင့်မို့ ဦးဇင်းတို့ အမျိုးသားရေးသမားတွေက ကိုယ့်လိပ်ပြာကိုယ်လုံဖို့ အဓိကပဲ။

ဗိုလ်ချုပ်အောင်အောင်ဆန်းကို အတုယူရမယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရဲ့ပန်းတိုင် မပျောက်ဖို့ပဲ။ ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်ကို တိုက်ခဲ့တယ်၊ အင်္ဂလိပ်နဲ့ပေါင်းပြီး ဂျပန်ကိုတိုက်ခဲ့တယ်။ ဘယ်သူနဲ့ပေါင်းပေါင်း လွတ်လပ်ရေးရဖို့က အဓိက။ အခုလည်း အမျိုးသားရေးသမားတွေ၊ တပ်မတော်နဲ့ပဲပေါင်းပေါင်း၊ ကြံ့ခိုင်ရေးနဲ့ပဲပေါင်းပေါင်း၊ ဘယ်သူနဲ့ပေါင်းပေါင်း အမျိုးသားရေးဟာအဓိကဆိုတာ ပြည်သူတွေသိစေချင်တာပေါ့။

မေး-နောက်တစ်ခုက အရှင်ဘုရား ဦးစီးထုတ်ဝေနေတဲ့ ပြည်ချစ်သားဂျာနယ်တို့၊ မဟာဝီရမဂ္ဂဇင်းတို့နဲ့ပတ်သက်ပြီး မေးချင်ပါတယ်ဘုရား။ အမျိုးသားရေးမီဒီယာတွေ အားကောင်းဖို့လိုတယ်လို့လည်း အရှင်ဘုရားကိုယ်တိုင် လေးလေးနက်နက်မိန့်ဖူးပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဂျာနယ်တွေရော မဂ္ဂဇင်းတွေရော အရှင်ဘုရားကပဲ ငွေကြေးစိုက်ထုတ်နေရတာရှိတယ်ဆိုတော့ ၀ယ်လိုအားနဲ့ရောင်းလိုအား မမျှတဲ့ဒဏ်ကို ဘယ်လောက်ထိတောင့်ခံနိုင်မလဲဘုရား။ စာဖတ်သူနည်းလာတာတွေကိုရော ဘယ်လိုတိုးတက်အောင်လုပ်မလဲဘုရား။

ဖြေ – ဘယ်လောက်ထိတောင့်ခံနိုင်မလဲဆိုတာကတော့ နောက်ဆုံးထွက်သက်ထိတောင့်ခံသွားရမှာပေါ့နော်။ ဟို နောက်ဆုံးထွက်သက်က မြန်မြန်ထွက်သွားရင်တော့ မပြောတတ်ဘူးပေါ့နော့။ မြန်မြန်မထွက်ခင်ပဲ ပြည်သူတွေ အမြင်မှန်ရပြီးတော့ အမျိုးသားရေးမိဒီယာတွေကို အင်တိုက်အားတိုက် ထောက်ပံ့ကူညီတဲ့အဆင့်ရောက်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့။ စာဖတ်အားလျော့တာနဲ့ပတ်သက်လို့ကတော့ ဖုန်းလိုင်းကနေတစ်ဆင့် အင်တာနက်လိုင်းမိတဲ့နေရာတွေမှာ စာဖတ်အားတွေကျမှာပေါ့။
အဲဒီလိုစာဖတ်အားကျတာကလည်းပဲ ပုံသေကြီးတော့ မဟုတ်ပါဘူး။ နိုင်ငံတကာတွေမှာလည်း ဘူတာရုံတို့ လေဆိပ်တို့မှာ သတင်းစာတွေ အလကားပေးတာတောင် မဖတ်ကြတော့ဘူးလေ။ အွန်လိုင်းနဲ့ပဲ အလုပ်ဖြစ်ခဲ့ကြတာပေါ့။ အခုနောက်ပိုင်းကျတော့လည်း အွန်လိုင်းကို ဘေးချိတ်ပြီး သတင်းစာနဲ့ စာအုပ်နဲ့ ပြန်ဖြစ်ကုန်ကြတာပေါ့။ ဒီ အင်တာနက် အွန်လိုင်းကို၊ စိတ်မကုန်သေးသရွေ့၊ အင်တာနက်အွန်လိုင်းကို ရိုးအီမသွားသေးသရွေ့တော့ စာဖတ်အားကျနေမှာပဲ။ အဲဒီတော့ ပြည်သူတွေ အင်တာနက် ရိုးအီတဲ့အချိန်ကိုပဲ စောင့်ရတော့မှာပေါ့။

မေး – အင်တာနက် လူမှုကွန်ရက်တွေနဲ့ပတ်သက်လို့ပေါ့ဘုရား။ ရှေ့တစ်ပတ်ကလည်းပဲ အင်တာနက်သုံးတဲ့အခါမှာ ဥပဒေနဲ့လွတ်အောင်သုံးကြဖို့ သြ၀ါဒပေးထားတာရှိပါတယ်ဘုရား။ ဆိုတော့ အင်တာနက်သုံးကြသူတွေ၊ အထူးသဖြင့် Facebook တွေမှာ ဘာကိုအတွေ့ရများသလဲဆိုတော့ တချို့စကားလုံးတွေ တချို့စာသားတွေ၊ ဥပမာ အရှင်ဘုရားမြစ်ကြီးနားထောင်က ပြန်လာတုန်းက ပြောတဲ့စကားမျိုးပေါ့ဘုရား၊ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ၀ီရသူရဲ့ အခန်းဏ္ဍဟာ ဘယ်လောက်ကြီးတယ်ဆိုတာ အရှင်ဘုရားတို့ သိစေရပါမယ်လို့ ပြောတာမျိုးကို အခြားလူတွေ ပြောရင်အဆင်မပြေနိုင်ဘူးပေါ့ဘုရား။ ဆိုလိုတာက အလုပ်လုပ်တဲ့သူတွေ ပြောရမယ့်စကားကို အလုပ်မလုပ်တဲ့သူတွေက ၀င်ဝင်ပြီးပြောနေတဲ့အပေါ်မှာ ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲဘုရား။

ဖြေ- အဲဒါကတော့ မပြည့်ဝသေးလို့ပဲလို့ ပြောရမှာပေါ့။ ဦးဇင်းတို့ လူမျိုးရဲ့ ထုံးစံတစ်ရပ်ရှိတယ်လေ။ အကြွားအ၀ါထူတာတို့၊ ခံစားမှုကို မထိန်းချုပ်နိုင်လို့ပေါက်ကွဲလွယ်တာတို့၊ အဲဒါတွေပေါ့နော်။ အဲဒါတွေက ဆွေစဉ်မျိုးဆက် ယဉ်ကျေးမှုကြီးလိုဖြစ်သွားပြီးတော့ လိုင်းပေါ်ထိရောက်လာတဲ့အခါမှာ ပြဿနာက ကြီးထွားသွားတာပေါ့နော်။ အဲတော့ ပြည့်ဝအောင် အားထုတ်ရမယ် ပြည့်ဝသွားရင် ဒီလိုပြဿနာတွေ မပေါ်တော့ဘူး။

မေး- ဒီတစ်ပတ်အတွက် နိဂုံးချုပ်သြ၀ါဒလေး မိန့်ကြားပေးပါဦးဘုရား။

ဖြေ – ဦးဇင်းတို့ အမျိုးသားရေး ညီအစ်ကိုမောင်နှမတတွေ မိမိရဲ့ အတ္တတွေကို နေရာမှန် အသုံးချပါ။ နွားတွေလို ကိုယ့်အချင်းချင်းသာခွေ့ကြပြီ ကျားကျ ကြောက်ကြတဲ့ ပုံစံမျိုး မဖြစ်စေချင်ဘူး။ အဲဒါကြောင့် အမျိုး ဘာသာ သာသနာနဲ့ ပတ်သက်လာရင် မိမိရဲ့အတ္တကို ရန်သူအတွက်သာ အသုံးချပြီးတော့ ကိုယ့်အချင်းချင်းအပေါ်မှာ သည်းခံကြဖို့ သဘောထားကြီးကြဖို့ တိုက်တွန်းချင်ပါတယ်။

ငြိမ်းချမ်းသာ – ဆက်သွယ်မေးမြန်းသည်။