သတင်းအင်တာဗျူး

နွားတွေလို ကိုယ့်အချင်းချင်းသာခွေ့ကြပြီး ကျားကျ ကြောက်ကြတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး(၁)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး – နေပြည်တော်မှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနဲ့ ဓမ္မ၀ံသာနုက ပထမဆုံးအကြိမ်ကျင်းပမယ့် သံဃာတစ်သောင်းဆွမ်းဆန်စိမ်းလောင်းပွဲဟာ အခုအချိန်ထိ ကျင်းပခွင့်ရသလို မရသလိုဖြစ်နေတယ်ပေါ့ဘုရား။ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်ဆက်စပ်တဲ့ အခမ်းအနားတွေက အတားအဆီးများလာတာအပေါ် အရှင်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲဘုရား။

ဖြေ – ဒါတွေကိုမြင်လို့ ဆရာတော် သံဃာတော်တွေက ရွေးကောက်ပွဲမတိုင်ခင်မှာ ပြည်သူတွေကို သတိပေးခဲ့တာပေါ့နော်။ ပြည်သူတွေ ကိုယ်တိုင်ကိုက နိုင်ငံရေးလောဘအတင်းတက်ပြီးတော့ ငါးမျှားချိတ်မမြင်ဘဲ ငါးစာကိုပဲ မြင်ခဲ့ကြတာပေါ့နော်။ ဒီ့ထက်မက ထပ်ပြီးတော့ ချုပ်ချယ်လာဦးမှာပါ။ နောက်ဆုံးပြည်သူတွေက ဒီအစိုးရကို ဖြုတ်ချချင်လောက်အောင် စက်ဆုပ်ရွံ့ရှာတဲ့အဆင့်ထိကို သူတို့တွေက ဘာသာတရားကို ဖျက်လိုဖျက်စီးလုပ်လာကြဦးမလားဆိုတာကိုတော့ တွေးပြီး စိတ်ပူရတာပေါ့။

မေး – ဘာသာရေးအခမ်းအနားတွေမှာ ဟန့်တားတာရှိလာသလို သံဃာတော်တွေ ဦးဆောင်ပြီးဖွင့်ထားတဲ့ ဘကကျောင်းတွေကို ပိတ်ဖို့လျှော့ဖို့ကို ခေါင်းစဉ်လှလှလေးပေးပြီး သွေးတိုးစမ်းကြလာတယ်ပေါ့ဘုရား။ အဲဒီမှာ သိချင်တာက ဘကကျောင်းတွေဟာ ဗုဒ္ဓဘာသာရေရှည်တည်တံ့ရေးအတွက် ဘယ်လောက်အရေးပါလဲ။ နောက်ပြီး ဘကကျောင်းတွေဟာ ကျေးလက်နေပြည်သူတွေအတွက် ဘယ်လောက် အရေးပါလဲဘုရား။

ဖြေ – တကယ်တမ်းကျတော့ အဲဒါတွေဟာ သွေးတိုးစမ်းတာမဟုတ်ပါဘူး။ သူတို့ အစီအစဉ်ချထားတဲ့အတိုင်း တစ်ခုပြီးတစ်ခုလုပ်နေကြတာပေါ့နော်။ ဦးဇင်းတို့ ဗုဒ္ဓဘာသာအတွက် ဘကကျောင်းတွေက ဘယ်လောက်ထိအရေးပါသလဲဆိုရင် အင်္ဂလိပ်ကိုလိုနီဘ၀တုန်းက ဆရာတော်သံဃာတော်တွေရဲ့ အရိပ်အာဝါသအောက်မှာ ကျောင်းသားကျောင်းသူတွေ ရှိခဲ့တဲ့အတွက်ကြောင့် အင်္ဂလိပ်အစိုးရက သာသနာအပေါ်မှာ လွမ်းမိုးနိုင်ခွင့် မရှိခဲ့ဘူး။ အဲဒီတော့ အင်္ဂလိပ်နဲ့အတူပါလာတဲ့ အခြားဘာသာကလည်းပဲ ဗုဒ္ဓဘာသာကို ထိုးဖောက်လို့ မရနိုင်ခဲ့ဘူး။ အဲဒီလို မရနိုင်တဲ့အကြောင်းအရင်းကို ရှာဖွေလိုက်တဲ့အခါ ပညာရေးကို ဆရာတော် သံဃာတော်တွေ ကိုင်တွယ်ထားတာကို အင်္ဂလိပ်အစိုးရက သိသွားတာပေါ့။

ဒါနဲ့ ဆရာတော်သံဃာတော်တွေရဲ့ ရင်ခွင်အောက်ကနေပြီး ဆွဲယူမှ ရမယ်ဆိုပြီး သူတို့ ခေတ်ပညာတွေနဲ့ မျှားမျှားခေါ်ပြီး ဆရာတော်တွေရဲ့ ရင်ခွင်အောက်ကနေ ဆွဲယူသွားကြတာပေါ့လေ။ အဲဒီလိုဆွဲယူသွားတဲ့အတွက်ကြောင့် ဆရာတော် သံဃာတော်တွေရဲ့ အခန်းကဏ္ဍလည်းမှိန်သွားပြီးတော့ ခေတ်လူငယ်တွေတော်တော်များများကလည်း ဘာသာတရားနဲ့ အလှမ်းဝေးသွားပြီး ဗုဒ္ဓဘာသာကို အမွေဆက်ခံမယ့် မျိုးဆက်တော်တော်ရှားသွားတာပေါ့နော်။ အဲဒါတွေကို အကြောင်းပြုပြီးတော့ စစ်အစိုးရလက်ထက်က ဘကကျောင်းတွေ များများရှိမှ ဗုဒ္ဓဘာသာကို အမွေဆက်ခံမယ့် မျိုးဆက်တွေ ရှင်သန်မယ်ဆိုပြီးတော့ လုပ်လာခဲ့ကြတာပေါ့နော်။ အဲဒီအပေါ်မှာလည်း ဦးဇင်းတို့က အပြည့်အ၀ကို ထောက်ခံခဲ့တာပေါ့။

ဒါကြောင့် ဘကကျောင်းတွေဟာ ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာအတွက်ပါ အရေးပါတာမဟုတ်ဘူး၊ တစ်နိုင်ငံလုံးအတွက် တစ်မျိုးသားလုံးအတွက် အင်မတန်အရေးပါတဲ့ကျောင်းတော်ကြီးတွေ ဖြစ်တာပေါ့နော်။ နောက်တစ်ခုကတော့ ဘကကျောင်းတွေကို တက်တဲ့ ကျောင်းသားကျောင်းသူတွေကတော့ ပညာရေး လိုလားမှုရှိပြီးတော့ ငွေကြေးမတတ်နိုင်တဲ့သူတွေက များတာပေါ့။
ငွေကြေးမတတ်နိုင်တဲ့သူတွေ အလှမ်းကွာဝေးနေတဲ့ ပညာရေးကို ဘကကျောင်းတွေကနေ ဆက်စပ်ပေးပြီးတော့ ပညာရေးကို ငွေကြေးချမ်းသာသူတွေနဲ့ တန်းတူဆည်းပူနိုင်အောင်လုပ်ပေးနိုင်ခဲ့တာပေါ့။ များသောအားဖြင့် အမေမဲ့တဲ့သူတွေရှိတယ်၊ အဖေမဲ့တဲ့သူတွေရှိတယ်၊ မိဘနှစ်ပါးလုံး မဲ့တဲ့သူတွေရှိတယ်။ မိဘနှစ်ပါးလုံး မမဲ့တောင်မှ ကျောင်းနေနိုင်ခွင့်၊ ကျောင်းထားနိုင်ခွင့် မရှိတဲ့သူတွေ ရှိတယ်။

ကျောင်းတက်ချင်ဦးတော့ စားဝတ်နေရေး မပြေလည်လို့ ကျောင်းမတက်နိုင်တဲ့သူတွေ ရှိတယ်။ အများကြီးပေါ့။ ဆင်းရဲသူဆင်းရဲသား ကျေးလက်နေပြည်သူတွေအတွက် ဘကကျောင်းက အင်မတန်မှ အားကိုးအားထားရာတစ်ခုဖြစ်ခဲ့တာပေါ့။ အဲဒီအတွက်လည်း ဦးဇင်းတို့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘကကျောင်းတွေတိုးချဲ့ဖို့ စီစဉ်နေတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘကကျောင်းတွေ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်မှသာလျှင် ဗုဒ္ဓသာသနာတော်ကြီး ရေရှည်တည်တံ့မယ်ဆိုတာရယ် တစ်မျိုးသားလုံးပိုပြီး လုံခြုံစိတ်ချရမယ်ဆိုတာကို တွေးပြီး ဘကကျောင်းတွေကို တိုးချဲ့ဖို့စီစဉ်နေတုန်းမှာပဲ ဘကကျောင်းတွေကို လျှော့ချမယ်၊ ပိတ်ပင်မယ်ဆိုတဲ့ သတင်းကြီးကြားရတာပေါ့။ ဒါတွေဟာ ဆိုင်းဘုတ်လှလှထောင်ပြီး ကြောက်စရာစီမံကိန်းကြီးတွေ ရေးဆွဲတတ်ကြတဲ့ နိုင်ငံရေးသမားတွေရဲ့ ထုံးစံပေါ့လေ။ ဒီအမတ်တွေနဲ့၊ ဒီအာဏာပိုင်ရဲ့ ဗုဒ္ဓဘာသာအပေါ်မှာထားရှိတဲ့ သဘောထားက ဒီပွဲမှာ တော်တော်ပေါ်လွင်သွားတာပေါ့နော်။

မေး – တစ်ဆက်တည်းပေါ့ဘုရား၊ အာဏာပိုင်တွေနဲ့ပတ်သက်ပြီး ဆရာတော်ဦးပါမောက္ခပြောတဲ့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတယ်၊ ဒီမိုကရေစီဆိုပြီး အာဏာရှင်ဆန်ဆန် ပြုမှုနေတယ် ဆိုတာတွေက တကယ်ပဲဖြစ်နေပြီလားဘုရား။

ဖြေ – ဦးပါမောက္ခရဲ့ အတွေ့အကြုံအရ ဦးပါမောက္ခခံစားချက်နဲ့ ပြောခဲ့တာပေါ့နော်။ တစ်ကယ်တမ်းကျတော့ ဦးပါမောက္ခမတိုင်ခင် ဦးဇင်းက ကြိုပြီးတော့ ပြောခဲ့တာပေါ့နော်။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်ကိုအုပ်ချုပ်တာက မိသားစုကိုအုပ်ချုပ်တဲ့ ပုံစံမျိုး၊ ငါတကောနဲ့ ငါ့အာဏာ၊ ငါ့ပါဝါ၊ ငါ့သြဇာဆိုတဲ့ ပုံစံမျိုးကြီးနဲ့ သွားနေတာပေါ့နော်။ အဲဒီတော့ စားပွဲပေါ်ကိုရောက်လာတဲ့ အစီရင်ခံစာတွေကိုလည်း ကိုယ်တစ်ယောက်တည်း မနိုင်ဘူး။ ကတ်ဘိနက်ဆိုတဲ့ အစည်းအဝေးတွေလည်း စနစ်တကျမရှိဘူးဆိုတော့ အဲဒီမှာ လစ်ဟာတာတွေ၊ ချို့ယွင်းတာတွေ အများကြီးပေါ်လာတာပေါ့နော်။

ဌာနဆိုင်ရာဝန်ကြီးတွေကလည်းပဲ တစ်ဦးတစ်ယောက်ရဲ့ အမိန့်ကိုပဲစောင့်နေတော့ အောက်ခြေကို ဘာမှလုပ်ပေးနိုင်စွမ်းမရှိဘူး။ လုပ်ပေးဖို့လည်း လုပ်ပိုင်ခွင့် မရှိဘူး။ အဲဒီလို တစ်ဦးတစ်ယောက်ရဲ့ ချုပ်ကိုင်မှုကို ခံနေရတဲ့အတွက်ကြောင့် အုပ်ချုပ်ရေးမှာလည်း ဒီမိုကရေစီမစံဘူးပေါ့။ နောက် မဏ္ဍိုင်တွေကလည်းရောနေပြီး အုပ်ချုပ်ရေးက တရားစီရင်ရေးကို ၀င်ရောက်စွက်ဖက်၊ ဥပဒေပြုရေးက အုပ်ချုပ်ရေးဘက် ၀င်ရောက်စွက်ဖက်နဲ့ အဲဒိလိုဖြစ်လာတဲ့အခါကျတော့ ဒီမိုကရေစီလည်းပြောသေးတယ်၊ အာဏာရှင် ပုံစံမျိုးတွေလည်း ချိုးနေသေးတယ်ဆိုတာ တွေ့မြင်လာရတာပေါ့။ ပိုပြီးဆိုးဝါးလာတာက မိမိအတိုက်အခံတုန်းက မိမိကိုယ်တိုင် နှိပ်ကွပ်ခံရတာကို ကိုယ်ချင်းစာနာပြီးတော့ မိမိကို အတိုက်အခံလုပ်တဲ့လူတွေ မိမိလို အနှိပ်ကွပ်မခံရအောင် သူတို့အပေါ်မှာ သဘောထားကြီးမားစွာ ဆက်ဆံမယ်ဆိုတဲ့ ခံယူချက်မျိုးလည်း မရှိကြဘူးလေ။ အဲတော့ ကိုယ့်ကိုယ်မထောက်ခံဘူးဆိုရင် ဘုန်းကြီးပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ရတဲ့ ပုဒ်မတပ်ပြီးတော့ မရှိ ရှိတဲ့အပြစ်ရှာ ဆွဲကွာဆိုပြီး အပြစ်ရှာထောင်ချ စစ်အစိုးရပုံစံမျိုးကြီး ဖြစ်သွားတာပေါ့။ အဲဒီတော့ နောင်တော်ကြီး ဦးပါမောက္ခပြောတဲ့စကားဟာ နောက်ကျပါသေးတယ်လို့နော်။

မေး- နောက်တစ်ခုကတော့ ၂၀၁၈ မတ်လ ၉ ရက်နေ့ထိ အရှင်ဘုရားကို တရားဟောခွင့်ပိတ်ထားတယ်ဆိုတော့ အဲဒီ မတ်လ ၉ ရက်ကျော်ရင် တရားဟောခွင့်ပြန်ရမယ်ထင်လား၊ ဒါမှမဟုတ် အဲဒီမတိုင်ခင်မှာ တရားဟောခွင့်ဆက်ပိတ်မယ်ထင်လား၊ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ – ဥပဒေသဘောတရားအရဆိုရင်တော့ သေချာပေါက် ပြန်ဟောခွင့်ပေးမှာပေါ့နော်။ ဒါပေမယ့် ဦးဇင်း လက်လှုပ်တာလည်းကြောက်တယ်၊ ဦးဇင်းပါးစပ်လှုပ်တာလည်းကြောက်တယ်၊ ဦးဇင်း ခြေထောက်လှုပ်တာလည်း ကြောက်တယ်၊ ဦးဇင်းလုပ်သမျှ အစိုးရက ကြောက်ပဲနေတော့ ချုပ်ကိုင်နိုင်သမျှ သူတို့ချုပ်ကိုင်ထားဦးမှာပါပဲ။ အဲဒီတော့ အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။ အစိုးရကသဘောထားကြီးမယ်ဆိုရင်တော့ အတိုက်အခံလုပ်တဲ့ ဦးဇင်းကို ဥပဒေဘောင်ထဲက လုပ်ခွင့်ပေးမယ်၊ အစိုးရက ကိုယ့်လိပ်ပြာကိုယ်မလုံဘူးဆိုရင်တော့ မဟနကို အသုံးချပြီးတော့ ထပ်မံပိတ်ဆို့ အရေးယူဖို့ ကြံစည်လာဦးမယ်လို့ ယူဆရတာပေါ့နော်။

(ဆက်လက်ဖော်ပြပါမည်။)