သတင်းအင်တာဗျူး

ခံယူချက်မဲ့ အမျိုးသားရေးသမားဆိုရင်တော့ ရာသီအလိုက် အရောင်ပြောင်းသွားမှာပဲ(အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး – ဒီဇင်ဘာ ၂၇ ကပဲ မန္တလေးမှာ အစိုးရဖြုတ်ချရေး သပိတ်စခန်း ဖွင့်လှစ်ခဲ့တဲ့ သံဃာတော်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ခြောက်လ ချမှတ်လိုက်တယ်လို့ သိရပါတယ်ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး ဘာများပြောစရာရှိမလဲဘုရား။

ဖြေ – ပြောစရာတော့ ထွေထွေထူးထူး မရှိတော့ဘူးလေ။ အစိုးရလုပ်တာက ကမ်းကုန်သွားပြီကိုး။ ဒီမိုကရေစီအစိုးရလည်းပြောသေးတယ် သပိတ်စခန်းကို သူပုန်ဝင်စီးသလိုစီးတယ်၊ လူလိုသူလိုပြောပြီးတော့ မဖမ်းဘူး။ အကြမ်းဖက်ပြီးတော့ ရိုက်နှက်ထောင်းထုပြီးတော့ ကားပေါ်ကိုပစ်တင်တယ်။ ၀ရမ်းမပါဘဲဖမ်းပြီး လက်ထိပ်ခတ်တယ်။ ဒါတွေက ဒီမိုကရေစီတိုင်းပြည်မှာ ရှိရမယ့်လုပ်ရပ်တွေမဟုတ်ဘူးလေ။ အခု အမိန့်ချလိုက်ပြန်တော့လည်း အာဏာရှင်အစိုးရလက်ထက်အတိုင်းပဲ အပြည့်မောင်းပစ်တယ်။  ဘာအထောက်အထားမှ မရှိဘဲနဲ့လည်း ဗီဒီယိုထဲမှာ ပါသောကြောင့်ဆိုတဲ့စကားတစ်ခွန်းနဲ့
ဘယ်ထဲမှာမှ မပါတဲ့သူက တခြားသူတွေနဲ့အတူ တစ်နှစ်ခွဲအချခံလိုက်ရတယ်။ ဗီဒီယိုထဲမှာပါတယ်လို့ တရားသူကြီးကဆိုပေမယ့် အဲဒီဗီဒီယိုကို တရားရုံးမှာ ဖွင့်ပြတဲ့အခါတုန်းက လုံးဝမပါဘူး။ အဲတော့ သက်သေမခိုင်ဘဲ ဗီဒီယိုထဲမှာပါသောကြောင့်ဆိုတဲ့ တရားသူကြီးရဲ့ဆုံးဖြတ်ချက်ဟာ သူ့ရဲ့အဆုံးအဖြတ်မဟုတ်နိုင်တော့ဘူးလေ။ တစ်စုံတစ်ရာကြည့်မရလို့၊ တစ်စုံတစ်ရာကို မကျေနပ်လို့ တစ်စုံတစ်ရာရဲ့ လက်ရုန်းတွေကို အခုလို ရက်ရက်စက်စက်လုပ်ပြလိုက်တယ်လို့ ယူဆရတာပေါ့။

မေး – ၂၀၁၇ ခုနှစ်ထဲမှာပဲ အရှင်ဘုရားက တရားဟောခွင့်အပိတ်ခံရတယ်၊ မဘသ အမည်ဖျက်သိမ်းခံရတယ်၊ အတုမရှိ အောင်ဇေယျတုဂျာနယ်တွေ အပိတ်ခံရတယ်။ ၂၀၁၇ ဟာ အမျိုးသားရေးနဲ့ပတ်သက်ပြီး အရှုံးများတယ်လို့ ယျေဘုယျပြောလို့ရနိုင်မယ်ထင်ပါတယ်ဘုရား။ ဆိုတော့ ဘာတွေကြောင့် အရှုံးများတယ်လို့ကော အရှင်ဘုရားအနေနဲ့ ထင်ပါသလဲဘုရား။

ဖြေ – ရှုံးတယ်မြတ်တယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ အမျိုးသားရေးသမားတွေ အများဆုံး အဖိနှိပ်ခံရတယ်လို့ ဆိုရင်တော့ ရနိုင်တာပေါ့။ အမျိုးသားရေးကတော့ လုပ်သမျှ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးရှိနေမှာပဲလေ။ တိုင်းပြည်နဲ့လူမျိုးအတွက် ဘာသာနဲ့ သာသာနာအတွက် အများကြီးလုပ်နိုင်ခဲ့တယ်ဆိုတာနဲ့ အများကြီးလုပ်ခွင့်မရဘူးဆိုတာပဲ ကွာသွားတာပါ။
ဒါကလည်း “ရာဇာပဓာနံ ဟိ သာသနံ” သာသနာမှာ ရာဇာအဓိကဆိုတဲ့အတိုင်း သာသနာကို ချီးမြှောက်တဲ့ မင်းကောင်းမင်းမြတ်တွေရဲ့ လက်ထက်မှာ သာသနာအတွက် အများကြီး လုပ်ခွင့်ရမယ်။ သာသနာကို မချီးမြှောက်တဲ့ မင်းဆိုးမင်းညစ်တွေရဲ့လက်ထက်မှာ သာသနာအတွက် အလုပ်လုပ်တာတွေ တားဆီးပိတ်ပင်မှုခံရမယ်ပေါ့။ ဒီသဘောတရားပါပဲ။

မေး – ၂၀၁၇ နှစ်တစ်ခုလုံး ပြန်ကြည့်ရင် မေလနောက်ပိုင်းမှာ တစ်စတစ်စ အမျိုးသားရေးလှုပ်ရှားမှုတွေက နည်းလာတာတွေ့ရပါတယ်ဘုရား။ အရင်လိုပဲ အားကောင်းလာအောင် ဘာတွေပြန်လုပ်ကြရမလဲဘုရား။ လုပ်ဖို့ရော အရှင်ဘုရားအနေနဲ့ ဘာများမိန့်ချင်ပါသလဲဘုရား။

ဖြေ – အမျိုးသားရေးသမားတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် လျော့ကျတာပေါ့။ မဘသအဖြိုခွင်းခံရလို့ လျော့သွားတာလည်း ပါတာပဲ။ ရန်ကုန်မှာ အမျိုးသားရေးသမားတွေ အဖမ်းခံရလို့ လျော့သွားတာလည်းပါတာပဲ။ မန္တလေးမှာလည်း သပိတ်စခန်းဖြိုခွင်းခံရလို့ လျော့သွားတာလည်းပါတာပဲ။ အစိုးရ ဖိနှိပ်တာတွေကို မခံနိုင်လို့လည်းပါတာပဲ။ အများကြီးရှိတာပေါ့လေ။
ဒါတွေက သိပ်မှုစရာတော့ မဟုတ်ပါဘူး။

အမျိုးသားရေသမားတိုင်းဟာ ဥပဒေကို နားလည်နေရမယ်။ အမျိုးသားရေးသမားတိုင်း ဥပဒေနားလည်ပါမှ ကိုယ်လုပ်တဲ့အလုပ်ဟာ ဘယ်သူ့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူးဆိုတဲ့ အချက်ဟာ ပေါ်လွင်မှာလေ။ ဥပဒေကို သိပြီဆိုရင် ဘယ်သူ့ကိုမှ မကြောက်တော့ဘူး။ ဥပဒေဘောင်ထဲကနေ အားလုံးကို တော်လှန်လို့ရတယ်။ ပြီးတော့ အားလုံး လှုပ်ရှားလို့ ရတယ်။
ကြောက်တယ်ဆိုတာ ဘာမှ မသိလို့ကြောက်နေတာ။ ဥပဒေကို မသိလို့ ကြောက်တယ်။ အမှန်တရားကို မသိလို့ကြောက်တယ်။
ဥပဒေကို သိတယ် အမှန်တရားကို သိတယ်ဆိုရင် ဘယ်သူ့ ဘယ်သူကိုမှ ကြောက်စရာမလိုဘူး။  အမျိုးသားရေးသမားတွေက အမှန်တရားကို သိပြီးသား၊ ဒါပေမဲ့ ဥပဒေကို မသိဘူးဖြစ်နေတယ်။  တစ်ဦးချင်းတစ်ယောက်ချင်း ဥပဒေကို သိအောင်လုပ်ကြရမယ်။ ဥပဒေဘောင်ထဲကနေ အမျိုး ဘာသာ သာသနာကို လုပ်ဆောင်နိုင်တယ်။ အမျိုး ဘာသာ သာနသာကို လုပ်ဆောင်တဲ့ နေရာမှာ သာသနာတော်ကို အားမပေးတဲ့ အစိုးရလက်ထက်မှာတောင်မှ ဥပဒေဘောင်ထဲကနေ အန္တရာယ်ကင်းအောင် လုပ်ဆောင်သွားလို့ရတယ်လို့ ပြောချင်တာပေါ့။

မေး – အမျိုးသားရေးလှုပ်ရှားမှုတွေလုပ်တဲ့အခါ အစိုးရက တင်းတင်းကျပ်ကျပ်ကိုင်တွယ်ပြီးတော့ ဖိနှိပ်မှုတွေ ရှိတယ်လို့တောင် ပြောလို့ရတဲ့အချိန်မျိုးမှာ အမျိုးသားရေးလုပ်တဲ့အတွက် အရှင်ဘုရားရဲ့ အခြား ပရဟိတလူမှုရေးလုပ်ငန်းတွေမှာကော ထိခိုက်တာမျိုးရော ရှိမလားဘုရား။

ဖြေ – အများကြီးရှိတာပေါ့။ တရားပွဲအပိတ်ခံရတယ်ဆိုတာနဲ့ တရားပွဲက ရလာတဲ့ငွေက ပရဟိတတို့ ပညာရေးတို့ ဆင်းရဲသားစုဗူးတို့ အဲဒီထဲကို စီးဆင်းသွားတာကိုး။ အခုဝင်ငွေက မရှိဘူးဆိုတော့ အဲဒီထဲကို မစီးဆင်းနိုင်တော့ဘူးပေါ့။
အဲဒီအတွက် ပရဟိတကို ထိခိုက်သွားတာပေါ့။ နောက်ကိုယ့်ဆီကိုလာပြီး ၁၀ယောက် အကူအညီ လာတောင်းတယ်ဆိုရင်တောင်မှ အပြည့်အ၀မကူညီနိုင်တော့ဘူး။ တစ်ယောက်စ နှစ်ယောက်စပဲ ကူညီနိုင်တဲ့ အဆင့်ကို ရောက်သွားတာပေါ့။
နောက် – ကိုယ်က အမျိုးသားရေးသမားတွေကို ထောက်ပံ့ချင်တယ်။ တစ်ခုခု လုပ်ပေးချင်တယ်ဆိုရင်တောင်မှ စိတ်သွားတိုင် ကိုယ်မပါတော့ဘူးလေ။ အဲဒီအတွက် ထိခိုက်နစ်နာမှုကတော့ အများကြီးရှိတာပေါ့နော့။

မေး- တစ်ဆက်တည်း မေးစရာရှိတာက လူမှုပရဟိတလုပ်ငန်းတွေနဲ့ အမျိုး ဘာသာ သာနသာစောင့်ရှောက်ရေးဟာ အတူတူပဲလား။ အဲဒီနှစ်ခုကြားမှာ ကွဲပြားမှုရှိလားဘုရား။

ဖြေ – ပရဟိတက ပရဟိတသက်သက်ပေါ့။ အမျိုးသားရေးက အမျိုးသားရေး သက်သက်ပေါ့။ ပရဟိတသည်ပင်လျှင် အမျိုးသာားရေးအလုပ်ပဲလို့ ဆိုမယ်ဆိုရင်တော့ ရနိုင်တာပေါ့။ ပရဟိတက အမျိုးသားရေးခေါင်းစဉ်အောက်မှာ ရောက်ရှိနေတာကိုး။

ဒါပေမယ့် ပရဟိတနဲ့ အမျိုးသားရေးကတော့ လုံးဝ မတူဘူး။ အမျိုးသာရေးဆိုတာက တစ်မျိုးသားလုံးရဲ့အရေးကို ရှေးရှုပြီး လုပ်ဆောင်ရတဲ့ လုပ်ငန်းမှန်သမျှကိုခေါ်တာပေါ့။ ဥပမာ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားစေချင်ရင် အမျိုးဂုဏ်ဇာတိဂုဏ်ကို မြှင့်တင်ရမယ်။ ဒါဟာ အမျိုးသားရေးပေါ့။

ယဉ်ကျေးမှုမြင့်မားနေတာကို ယဉ်ကျေးမှုတွေ လျော့ကျမသွားအောင် ထိန်းသိမ်းပေးရမယ်။ ဒါဟာ အမျိုးသားရေးပေါ့။
လူငယ်တွေ လိမ်မာရေးခြားမရှိဘူးဆိုရင်။ လူငယ်တွေ လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမပေးရမယ်။ ဒါဟာအမျိုးသားရေးပေါ့။

လူငယ်တွေ ဘာသာတရားကိုင်းရှိုင်းမှုမရှိဘူး၊ ပျက်စီးနေတယ်၊ လေလွင့်နေတယ်။ တန်ဖိုးမဲ့နေတယ်။ အဲဒီ လူငယ်တွေကို တန်ဖိုးရှိအောင် လုပ်ပေးရမယ် ဒါဟာအမျိုးသားရေးပေါ့။ အမျိုးသားရေးနဲ့ပတ်သက်လို့ ပြောမယ်ဆိုရင်တော့ ကျယ်ပြန့်တာပေါ့။ ဒါက အတွင်းစည်းပိုင်းပေါ့ကွာ။ အတွင်းကလူတွေကိုပဲ အရည်အချင်းမြှင့်တင်တဲ့သဘောပေါ့။

အန္တရာယ်ကို ကာကွယ်တာကတော့ အပြင်စည်းပိုင်းပေါ့။ အဲဒါကတော့ အခုအချိန်မှာ အင်မတန်အရေးကြီးတာပေါ့။
လူတွေကတော့ ပြောကြတာပေါ့ကွာ၊ ကိုယ့်သာသနာကိုယ် အရင်သန့်ရှင်းအောင်လုပ်ပါ။ ပြီးမှ ကုလားတိုက်ပါတို့ ဘာတို့ညာတို့ပြောတာပေါ့။

အဲဒါကျတော့ ဥပမာတစ်ခုပြောရမယ်။ ခြံစည်းရိုးမရှိတဲ့ ပန်းခြံကြီးထဲ အကောင်ပလောင်တွေ ၀င်စာေးနတဲ့အချိန်မှာ ပိုးကျနေတဲ့ သစ်ပင်ပန်းမာလ်တွေကို ပိုးအရင်ဖယ်ရှားပေးရမှာလား။ ဒါမှမဟုတ် အကောင်ပလောင်တွေ လုံးဝ ၀င်စားလို့ မရအောင် ခြံခတ်ပေးရမှာလားလို့။

ခြံမခတ်ဘဲ ပိုးသတ်နေမယ်ဆိုရင်တော့ နွားစာပဲဖြစ်သွားမှာလေ။ ခြံခတ်ပြီးမှ ပိုးသတ်မယ်ဆိုလို့ရှိရင်တော့ လူသားအားလုံးအတွက်ဖြစ်သွားမှာပေါ့။ အဲဒါကို နားမလည်တဲ့လူတွေကျတော့ သူတို့ဥာဏ်တစ်မိုက်တစ်ထွာလေးနဲ့ မေးခွန်းတွေ ထုတ်နေကြတာ သနားစရာကောင်းတာပေါ့ကွာ။

(ဆက်လက်ဖော်ပြပါမည်။)