ဆောင်းပါး

“ငရဲလောင်းတို့ ပွဲတောင်းသံ” (က)

“ငရဲလောင်းတို့ ပွဲတောင်းသံ” (က)

သင်္ဃန်းဖြူဆရာတော်

(26.8.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၃၆) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)

          တိုင်းရေးပြည်ရေးကား မအေးချမ်းသေးဟုထင်၏။ တပ်မတော်နေ့မတိုင်မီ ညနေပိုင်းမှစ၍ အပစ်အခတ် သံများ ကြားနေရ၏။ အသံများကား အတော်နီး၏။ ရိပ်သာဝင်းထဲက ငှက်ပစ်သံဟုပင် ထင်မိ၏။ ငှက်များလည်း ကြောက်လန့်အော်ဟစ် ပျံသန်းနေကြလေ၏။ ညရောက်သည့်အခါ၌လည်း ဆန္ဒပြသံများ ကြားရ၏။ ခါတိုင်းဆို လျှင် သံပုံးတီးသံမျှသာ ကြားရ၏။ ယခုကား ဆန္ဒပြသံများပင် အထင်အရှားကြားနေရလေသည်။ တပ်မတော် နေ့၌ကား တစ်နေကုန် ကြားနေရလေ၏။ မနက်အစောကြီးလည်း ပစ်ခတ်သံများ၊ နေ့ခင်းပိုင်းလည်း ပစ်ခတ်သံ များ၊ ညနေပိုင်းနှင့် ညပိုင်းလည်း ပစ်ခတ်သံများပင်။ အပျော်တမ်း ဗြောက်ဖောက်နေသလား ထင်ရ၏။ ငှက်ဆိုး များက ရည်ရွယ်ချက်ရှိရှိ သောင်းကျန်းနေပုံရ၏။ လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားကာ မိုက်ရူးရဲလေးများကို ထိုးကျွေးနေပုံတည်း။ ပြီးလျှင် စစ်အစိုးရက ဘယ်လိုပစ်ခတ် သတ်ဖြတ်နေပါသည်ဟုဆိုကာ ကမ္ဘာကိုတိုင်ကြား ကြပေဦးတော့မည်။ သူတို့တစ်တွေက အမိုက်အမဲလေးများကို အသုံးချထိုးကျွေးသည်ပင် ထားပေဦး။ စာရေးသူ ကား သေနတ်သံကြားတိုင်း ပြည်သူအပေါင်း ဘေးကင်းပါစေဟူ၍သာ ဆုတောင်းပေးနေရ၏။ သံပုံးတီးသံ၊ သေနတ်ဖောက်သံ၊ ဆန္ဒပြသံများ မကြားရလျှင်မူ စာရေးသူသီတင်းသုံးရာ အင်းစိန်တောရ၊ ဦးစောရိပ်သာသည် အလွန်တရာငြိမ်းချမ်းသည့် အသွင်မြဲ၏။ စာရေးသူသည် တစ်ရက်လျှင် သုံးကြိမ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းရာ တွင် တစ်ကြိမ်ကား ရန်ကုန်သူ၊ ရန်ကုန်သား၊ အင်းစိန်သူ၊ အင်းစိန်သားတို့အပေါ် ဖြန့်ကြက်လျက်ရှိမြဲပင်။ “ရန်ကုန်မြို့ကြီး ငြိမ်းချမ်းပါစေ။ ရန်ကုန်သူ၊ ရန်ကုန်သားများ ဘေးကင်းပါစေ”။ “အင်းစိန်မြို့ကြီး ငြိမ်းချမ်းပါစေ။ အင်းစိန်သူ၊ အင်းစိန်သားများ ဘေးကင်းပါစေ”ဟု ညစဉ် လေးနက်သက်ဝင်စွာ မေတ္တာပို့ခြင်းဖြစ်၏။

ထဘီထုပ်ပစ်၍ ပြစ်မှားဝံ့သူများ

          သောင်းကျန်းငှက်ဆိုးများကြောင့် အင်းစိန်သည်ပင် ရန်ကုန်နှင့် အဆက်အသွယ်ပြတ်သည့်အခါမျိုး လည်း တွေ့ရ၏။ သွားလာရေးခက်ခဲမှုကြောင့် နေ့စဉ်ဖတ်နေကျ မြန်မာ့အလင်းသတင်းစာပင် တပ်မတော်နေ့ က ရောက်မလာခဲ့ပါ။ ၂၃ ရက် သတင်းစာရှင်းလင်းပွဲ အခန်းဆက်ကို စောင့်ဖတ်နေရသော စာရေးသူသည် သတင်းစာမလာသဖြင့် ၂၇ ရက်တွင် သတင်းသမားမေးခွန်းများနှင့် သတင်းအဖွဲ့ ဖြေဆိုမှုများကို လုံးဝမသိရ တော့ပေ။ သတင်းစာဆောင်းပါးများ၌ ငှက်ဆိုးများကို “နိုင်ငံရေးမိစ္ဆာဒိဋ္ဌိ”ဟူ၍လည်းကောင်း၊ ၀ါရင့်သတင်းစာ ဆရာကြီးတစ်ဦးက “မိစ္ဆာပါတီ”ဟူ၍လည်းကောင်း ရေးသားသုံးနှုန်းသွားသည်ကို တွေ့ရ၍ ဤဆောင်းပါးကို ရေးသားမိခြင်းဖြစ်လေသည်။ မှန်၏။ နိယတမိစ္ဆာဒိဋ္ဌိပြီးလျှင် နိုင်ငံရေးသမားများသည် အကုသိုလ်ကို မကြောက် ရွံ့ရာ၌ ဒုတိယလိုက်သော မိစ္ဆာဒိဋ္ဌိများဖြစ်၏။ နိယတမိစ္ဆာဒိဋ္ဌိများ မကျူးလွန်ရဲသည့် အကုသိုလ်ဟူ၍ မရှိသကဲ့ သို့ နိုင်ငံရေးသမားများ မကျူးလွန်ရဲသည့် အကုသိုလ်ဟူ၍ မရှိခဲ့ပေ။ ချဲ့ပါဦးမည်။

          စာရေးသူ အိုးဘိုမသွားမီ ၂၀၀၁ ခုနှစ်က စာရေးသူတို့ကျောင်းတိုက်၌ နယက (နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) က ကထိန်ခင်း၏။ ဥပုသ်နေ့တိုင်းလည်း ဆေးလာကု၏။ ထိုအခါ ငှက်ဆိုး များက မစိုးရိမ်တိုက်သစ်ကို ပစ်မှတ်ထားကာ နိုင်ငံရေးအရ တိုက်ခိုက်ကြလေတော့၏။ တစ်နေ့တွင် ပြည်ပ ရေဒီယိုသတင်းဌာနမှ သတင်းတစ်ခုပါလာ၏။ “မစိုးရိမ်တိုက်သစ်သို့ ပြည်သူများက ထဘီထုပ်များပစ်”ဟူ၏။ စာသင်သား ရှင်ရဟန်းများက နံနက် ၅ နာရီဆိုလျှင် ဘုံဆွမ်းလောင်းကြွကြ၏။ မစိုးရိမ်တိုက်သစ် မုခ်ဦးအ၀တွင် ကြွပ်ကြွပ်အိတ်အထုပ်ကြီးတစ်ထုပ် တွေ့သဖြင့် ပံသုကူထင်ကာ ၀မ်းသာအားရ ကောက်ယူလာကြ၏။ ဖွင့် ကြည့်သည့်အခါမှ အမျိုးသမီးအ၀တ်အစားများ ဖြစ်နေ၍ ခုတင်အောက် ထိုးထည့်ထားကြ၏။ ထိုညတွင် ရေဒီယိုသတင်း ပါလာခြင်းဖြစ်၏။ မည်သူတစ်ဦးတစ်ယောက်မျှ မသိပါဘဲလျက် ရေဒီယိုကသိနေခြင်းကို ထောက်၍ ပစ်သူနှင့် သတင်းပို့သူသည် တစ်ဦးတစ်ဖွဲ့တည်းပင် ဖြစ်ပေမည်။ သူကိုယ်တိုင်ပစ်၍ သူကိုယ်တိုင် သတင်းပေးပို့ခြင်း ပြုလုပ်သူများကား အမေ့သားကြီးများသာတည်း။ မကြာမီတွင် “ပြည်သူ့ဆေးရုံကြီးမှ ဓာတ် မှန်စက်ကြီးကို မစိုးရိမ်တိုက်သစ်သို့ တစ်ပတ်တစ်ခါ သယ်ယူသွားနေရသည့် ဆရာဝန်များဘ၀”ဟုဆိုကာ ပြည်သူကုရန်စက်ကို ဓားပြတိုက်သကဲ့သို့လည်းကောင်း၊ ဆရာဝန်များက သံဃာများအား မသဒ္ဓါသကဲ့သို့လည်း ကောင်း လွှင့်နေကြပြန်၏။ သံဃာများနှင့် ပြည်သူများက မစိုးရိမ်ဆရာတော်များအပေါ် ထင်ယောင်ထင်မှား မြင် ယောင်သွားကြ၏။ တရားပွဲများသွားလျှင် ဓာတ်မှန်စက်ကြီးသတင်းက အမေးခံရဆုံး ပုစ္ဆာတစ်ခုပင် ဖြစ်လျက်ရှိ ၏။ “ဓာတ်မှန်စက်ကြီး လုံးဝသယ်မလာပါ။ ဓာတ်မှန်ရိုက်ရမည့် လူနာဆိုလျှင် ဆေးရုံကြီးသို့ ချိန်းဆိုပြီးမှ ဆေးရုံ ကြီးမှာပင် ရိုက်ပေးပါသည်”ဟု ဖြေကြားသော်လည်း မယုံတစ်ဝက်၊ ယုံတစ်ဝက် ဖြစ်နေကြလေ၏။ ထိုစဉ်က ပြည်ပသတင်းဌာနသာ အမှန်ဟု ယူဆထားကြသောကြောင့်တည်း။ ၎င်းသတင်းဌာနကပင် နောက်တစ်ဆင့် တက်ကာ လွှင့်ပြန်၏။ ဥပုသ်နေ့တစ်ရက်သာ နားခွင့်ရှိသော ကျန်းမာရေးဝန်ထမ်းများသည် ၎င်းဥပုသ်နေ့၌ မစိုးရိမ်တိုက်သစ်သို့ သွားရောက်ကုသနေသဖြင့် မနားရကြောင်းနှင့်အတူ စစ်အစိုးရနှင့် မစိုးရိမ်ဆရာတော်များ ပူးပေါင်း၍ ဆရာဝန်နှင့် သူနာပြုများကို ခေါ်ယူအနိုင်ကျင့်နေဟန် လွှင့်ထုတ်ကြခြင်းဖြစ်၏။

သုံးသိန်းကျော်သံဃာတော်ကို ပြစ်မှားဝံ့သူများ

          ငှက်ဆိုးများသည် မစိုးရိမ်တိုက်သစ်ဆရာတော်များက စစ်အစိုးရကထိန် လက်ခံလိုက်သည်ကိုလည်း မကျေနပ်၊ စစ်အစိုးရနှင့်ပူးပေါင်း၍ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်သည်ကိုလည်း မကျေမနပ် ဖြစ်ကာ မမှန်သတင်း၊ လုပ်ကြံသတင်းများ ထုတ်လွှင့်၍ ပြစ်မှားစော်ကားကြခြင်းဖြစ်၏။ ထိုစဉ်အခါ၌ မစိုးရိမ် တိုက်သစ် ၀ါဆိုသံဃာ သုံးထောင်ကျော်ရှိရာ သံဃာသုံးထောင်ကို ထဘီထုပ်ဖြင့် ပြစ်မှားရဲသော၊ သတင်းမှား ဖြင့် တိုက်ခိုက်စော်ကားရဲသော အကုသိုလ်ကား ကြောက်ဖွယ်အတိပင်။ စာရေးသူ အိုးဘိုရောက်ပြီးသည့် နောက်ပိုင်းသတင်းများကို ထုတ်လွှင့်ရာမှ အဆိုပါ မီဒီယာနိုင်ငံရေးသမားများကို ထောက်လှမ်းရေးက ခြေရာခံမိ သွားကာ ထဘီထုပ်ပစ်သူများ အိုးဘိုရောက်ရှိလာခဲ့ကြပေသည်။ ထောင်ထဲရောက်သည့်အခါ၌လည်း “နိုင်ငံရေး လုပ်ရင် ကောက်ကျစ်တတ်ရတယ်ကွ”ဟုဆိုကာ ကောက်ကျစ်ပုံ၊ ကောက်ကျစ်နည်းများ ပြောပြကာ လူငယ် များအား သင်တန်းပေးနေကြလေ၏။ “မြန်မာပြည်မှာ စစ်သားသုံးသိန်းနှင့် သံဃာသုံးသိန်းကို မြန်မာပြည်သူ တွေက အလကားတင်ကျွေးထားရတယ်”ဟု သင်တန်းဆင်း လူငယ်လေးများပါးစပ်က ထွက်လာခဲ့လေ၏။ သင်တန်းဆရာကြီးများ ကိုယ်တိုင်ကလည်း ထောင်ထဲ၌ ထိုင်ဆဲနိုင်ငံရေးများ လုပ်နေကြလေ၏။ သတင်းစာ ဖတ်၍ ထိုင်ဆဲနေကြခြင်းဖြစ်၏။ ထီးတင်ပွဲ၊ ကထိန်ခင်းပွဲ၊ ဆွမ်းဆန်တော်အလှူပွဲ၊ တံတားဖွင့်ပွဲ၊ လမ်းဖွင့်ပွဲ၊ ပရဟိတယာဉ်လှူပွဲ စသည့် ကောင်းမှုသတင်းများကို ဖတ်ရသည့်အခါတိုင်း ထိုင်ဆဲကြလေ၏။ ထောင်မှထွက် လျှင် နိုင်ငံရေးလုပ်မည်ဟု စိတ်ကူးထားသော်လည်း ဘုရားသားတော် ရဟန်းတစ်ပါးအနေဖြင့် ထိုသို့သော ယုတ်မာမှုမျိုးဖြင့် နိုင်ငံရေးမလုပ်လိုသောကြောင့် ထိုသူတို့နှင့် ကိုယ်ပေါင်းစိတ်ခွာ နေခဲ့ရလေ၏။ ထိုသူတို့ပြော သည့် “နိုင်ငံရေးဆိုသည်မှာ ကောက်ကျစ်သင့်လျှင် ကောက်ကျစ်ရသည်”ဟူသော သီအိုရီသည် ဗိုလ်ချုပ်မိန့် ခွန်းနှင့် မညီပါ။ ဗိုလ်ချုပ်၏ နိုင်ငံရေးပုံစံနှင့်လည်း ဆန့်ကျင်ဘက်ကြီး ဖြစ်နေပေသည်။ မည်သို့ပင်ဆိုစေကာမူ စာရေးသူသည် အဆိုပါ နိုင်ငံရေးသမားကြီးများထံမှ သင်ခန်းစာများစွာ ရရှိခဲ့သည်ကား အမှန်ပင်။ ထိုသင်ခန်း စာကား ထိုင်ဆဲနိုင်ငံရေးနှင့် ကောက်ကျစ်ယုတ်မာနိုင်ငံရေးတို့ပင်တည်း။

ဒီမိုကရေစီမရှိသော ဒီမိုကရေစီပါတီ

          ငှက်ဆိုးများကား သူတို့ကိုယ်သူတို့ ဒီမိုကရေစီသမားများအဖြစ် ယုံကြည်စွာ ခံယူထားကြသော်လည်း ဒီမိုကရေစီသဘောတရားကို နားလည်ပုံမရပေ။ အကြောင်းကား ဒီမိုကရေစီကျင့်ဝတ်ကို မလိုက်နာကြသော ကြောင့်တည်း။ ငှက်ပါတီ၌လည်း ပါတီတွင်းဒီမိုကရေစီမရှိ။ ငှက်အစိုးရ၌လည်း အစိုးရတွင်း ဒီမိုကရေစီမရှိ။ အကြောင်းကား ပါတီတစ်ခုလုံးနှင့် အစိုးရတစ်ဖွဲ့လုံးကို ငှက်မကြီးတစ်ဦးတည်းက ချုပ်ကိုင်ထားသောကြောင့် ဖြစ်၏။ ပြည်သူအပေါ်လည်း ဒီမိုကရေစီမကျင့်သုံး၊ ပါတီတွင်းလည်း ဒီမိုကရေစီမကျင့်သုံး၊ အစိုးရတွင်းလည်း ဒီမိုကရေစီမကျင့်သုံးပါဘဲလျက် ဒီမိုကရေစီအမည်ခံထားသည်မှာ ရှက်စရာ၊ ဒီမိုကရေစီမဆန်သူများထံမှ ဒီမို ကရေစီ မျှော်မှန်းနေသူများကလည်း အံ့သြစရာ၊ ဒီမိုကရေစီမှ သွေဖည်နေ၍ ဝေဖန်ထောက်ပြသူများကိုလည်း ထေရ်ကြီးဝါကြီးများပါမချန် ပြစ်မှားစော်ကားနေကြသဖြင့် ငှက်ဆိုးခေတ် မြန်မာ့နိုင်ငံရေးကို အမည်တပ်ပေးရန် လွန်စွာခက်ခဲနေပေ၏။

          ဒီမိုကရေစီမည်သည် အများစု၏ဆုံးဖြတ်ချက်နှင့် အလုပ်လုပ်ရသည်မှန်သော်လည်း အနည်းစုကို တန်ဖိုးထားရ၏။ လေးစားရ၏။ ကြင်နာရ၏။ သဘောထားကြီးရ၏။ ဥပမာ-ရပ်ကွက်အတွင်း၌ ဆယ်အိမ်ရှိရာ ရှစ်အိမ်က အလံနီထောင်၍ နှစ်အိမ်က မထောင်လျှင် ရှစ်အိမ်မိသားစုက နှစ်အိမ်မိသားစုကို အားမငယ်အောင်၊ မစိုးရိမ်အောင် နှစ်သိမ့်ရမည်၊ အားပေးရမည်၊ အသိအမှတ်ပြုရမည်ပင်။ အမြင်ကွဲလွဲသော်လည်း စိတ်ဝမ်းမကွဲ လွဲကြောင်း ပြဆိုသည့်အနေဖြင့် နှစ်အိမ်မိသားစု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကိုပါ ၀ိုင်းဝန်းစောင့် ရှောက်ပေးရပေမည်။ ယခုသော် အလံနီမထောင်၍ဟုဆိုကာ ဘုန်းကြီးကျောင်းလည်း အုပ်စုဖွဲ့၍ အကြမ်းဖက် ဖျက်ဆီး၊ သံပုံးမတီး၍ဟုဆိုကာ ပြည်သူချင်းလည်း အကြမ်းဖက်ရိုက်နှက် သတ်ဖြတ် မီးရှို့ဖျက်ဆီး၊ ၎င်းတို့ကို မထောက်ခံဘဲ တပ်မတော်ကိုထောက်ခံ၍ဟုဆိုကာ ဆရာတော် သံဃာတော်ကြီးများကိုလည်း မဖွယ်မရာများ လုပ်၍ လူသိရှင်ကြား ပြစ်မှားစော်ကားခြင်းဖြင့် မြို့တွင်းသောင်းကျန်းသူများအဆင့်သို့ ရောက်မှန်းမသိ ရောက် ရှိနေကြလေ၏။ ဤသည်မှာလည်း မိုးမလုံသော “ခေါင်”ကြောင့်ပင် ဖြစ်ပေ၏။ ဒီမိုကရေစီခေါင်းဆောင်များ ကိုယ်တိုင်သည်ပင်လျှင် ဒီမိုကရေစီသဘောတရားအရ လူနည်းစုကိုမလေးစားလျှင် ဒီမိုကရေစီ ၀န်းရံပြည်သူ များကလည်း လေးစားမည်မဟုတ်ပေ။ ဤသည်မှာ “ခေါင်”နိယာမဖြစ်၏။ ဒီမိုကရေစီခေါင်းစဉ်တပ်ကာ ငါနှင့် မတူ ငါ့ရန်သူမူဝါဒကို ပြောင်ပြောင်တင်းတင်းကျင့်သုံးနေသော အရေခြုံခေါင်းဆောင်ကြီးများ ကြီးစိုးရာခေတ် ကာလ၌ မိမဆုံးမ၊ ဖမဆုံးမ သားသမီးများပမာ တိုင်းဖျက်၊ ပြည်ဖျက်၊ သာသနာဖျက် အဖျက်လုပ်ငန်းများဖြင့် ဗိုလ်ကျမင်းမူနေသည့် မြို့တွင်းသောင်းကျန်းသူများ ပေါ်ပေါက်လာသည်မှာလည်း ဆန်းလှသည်ကား မဟုတ် ပေ။

သူတော်ကောင်းတို့ စိတ်မချမ်းမြေ့သောခေတ်

          ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြိုကာလ၌လည်း ငှက်ပါတီမဟုတ်လျှင် ပါတီဟုမထင်ခဲ့ကြ။ ငှက်ဝတ်စုံ၊ ငှက်တံဆိပ်မတပ်လျှင် လူဟုမထင်ခဲ့ကြ။ ပြည်သူအချင်းချင်းကိုပင် အုပ်စုဖွဲ့၍ သရော်လှောင်ပြောင်ကြ၊ ရမ်း ကားဆဲဆိုကြ၊ ငှက်ပါတီကို အားမပေးသည့် ဘုန်းကြီးဆိုလျှင် တရားပွဲမပင့်ရ၊ တရားပွဲပင့်သူရှိလျှင် တရားပွဲ ပျက်အောင် နှောင့်ယှက်ဖျက်ဆီးကြဖြင့် အကြမ်းပတမ်းစုံစွာ ယုတ်မာရိုင်းစိုင်းလာကြသဖြင့် အခြားပြည်သူများ မှာ စိတ်အနှောင့်အယှက်ဖြစ်ကာ နေရထိုင်ရ အတော်ခက်ကြရလေသည်။ ၎င်းတို့ပါတီကို မထောက်ခံလျှင် ဒီမိုကရေစီမယုံကြည်သလိုလို၊ ၎င်းတို့ပါတီကို မဲမပေးလျှင် အာဏာရှင်ဝါဒီလိုလို သမုတ်ကြသဖြင့် အချို့ပြည်သူ များသည် မျက်စိမှိတ်ကာ ငှက်တံဆိပ်ကိုသာ ခတ်နှိပ်လိုက်ရလေတော့၏။ ဤသည်ကို မဲဓားပြတိုက်သည်ဟု ခေါ်ဆို၏။ ၂၀၂၀ ပြည့်နှစ်၌ မဲဓားပြတိုက်၍ မရသည့်အခါ မဲပွဲစားများခန့်ကာ မဲအရောင်းအ၀ယ်လုပ်သူကလုပ်၊ နိုင်ငံတကာဖိုးတွမ်တီးများခန့်ကာ မဲတု၊ မဲပွား၊ မဲလိမ်၊ မဲခိုး ကြံစည်သူကကြံစည်ဖြင့် အာဏာကို အနုကြမ်းစီး လာကြပြန်၏။ ငှက်ပါတီလက်ထက် ငါးနှစ်တာကာလ၌ အမြော်အမြင်ကြီးမားသည့် သံဃာတော်ကြီးများနှင့် ပညာရှင်ကြီးများသည် စိုးရိမ်သောကပေါင်းများစွာဖြင့် ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်နေကြရလေ၏။ “တိုင်း ပြည် ပြာဖြစ်လေမလား၊ ပြည်သူ ဖာဖြစ်လေမလား” ကိုယ်စီအတွေးဖြင့် အမြဲရင်လေးနေရလေ၏။ ပြာကျအောင် လည်း လုပ်ဆောင်နိုင်သူ၊ ဖာကျကျလည်း နေပြတတ်သူများက ဦးဆောင်နေသဖြင့် စိုးရိမ်သောကများ ပို၍ကြီး မားလာရခြင်းဖြစ်၏။ ယခုအခါ၌ တပ်မတော်ခေါင်းဆောင်၏ ကျေးဇူးကြောင့် တိုင်းပြည်အချုပ်အခြာနှင့် အမျိုး-ဘာသာ-သာသနာအတွက် စိတ်အေးရတော့မည့် အခြေအနေများမှ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် အတွက် ပူပင်နေရပြန်လေ၏။ ငှက်ဆိုးများကား သူတော်ကောင်းတို့ မူးအောင်မော်အောင်၊ နှလုံးတုန် ရင်ခုန် အောင် လုပ်ကြံဖန်တီးနိုင်စွမ်းရှိသော အဖျက်စွမ်းအားရှင်ကြီးများသာတည်း။