သတင်း

ဇွဲကပင်သြဝါဒ

 

အတိတ်တွေ အဆိပ်မဖြစ်ရအောင်
ပစ္စုပ္ပန်တည့်တည့်မှာ ဆွေးနွေးကြ။

;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;

(၁၉.၇.၂၀၁၇)
ဇွဲကပင်တောင် ဆရာတော်ဘုရားကြီးမှ
တိုင်းပြည်အကျိုး
ဘာသာ သာသနာ အကျိုး
ရဟန်း ရှင်လူ ပြည်သူအများ၏ အကျိုးကို ရှေ့ရှု၍
မဟန ၄၇ ပါးနှင့် မဘသ ၄၇ ပါးတို့
မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးအဖြေရှာသွားရန် တောင်းဆိုလိုက်ပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ မိန့်ကြားချက်အပြည့်အစုံ
—————————————————————–

တိုင်းပြည်မှာ မဖြစ်စဖူး အဖြစ်ထူး
မကြားစဖူး အကြားထူးတဲ့ သတင်းတွေကို ကြားရတာတော့ အတော်ပဲ စိတ်မချမ်းသာစရာပါပဲ။
တကယ်တော့ ဘာမှ အကျိုးမရှိဘူး။
မဟန အတွက်လည်း အကျိုးမရှိဘူး။
မဘသ အတွက်လည်း အကျိုးမရှိဘူး။
အကျိုးမရှိတဲ့ သတင်းတွေ။

အကျိုးမရှိတဲ့ သတင်းတွေဆိုတာက
မဟန က မဘသ တစ်ဖွဲ့လုံးကို ဖျက်သိမ်းရမယ်။
၇ လပိုင်း ၁၅ ရက်နေ့ကျရင် ဆိုင်းဘုတ်တွေပါ အကုန်ဖြုတ်ရမယ်။
နံပါတ် ၁ ကြေငြာချက်။

နံပါတ် ၂ က သံဃာတွေ သင်းကွဲနေတာ မဘသကြောင့်လို့ တဆင့်တက်ပြီးတော့
မဘသ မကောင်းကြောင်းပြော။

နံပါတ် ၃ ကတော့ မဘသ ဆိုင်းဘုတ်ဖြုတ်ရမယ် အမိန့်အရ
ကရင်ပြည်နယ် သံဃာတွေက
မဟနလည်း အစိုးရ တရားဝင်အသိအမှတ်ပြုထားတယ်။
မဘသလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကြီးက
အမျိုးစောင့်ဥပဒေ ၄ ချက်နဲ့ အသိအမှတ်ပြုထားတယ်။

အဲဒီလို အသိအမှတ်ပြုချင်း တူတဲ့ အတွက်ကြောင့်
ကရင်ပြည်နယ် မဘသကတော့
လုံးဝ ဖြုတ်လည်း မဖြုတ်ဘူး။ ဖျက်လည်း မဖျက်ဘူး။

အဲဒီလို တဆင့်ပြီး တဆင့်
သံဃာတွေ သင်းကွဲအောင် လုပ်တာ မဘသ ဆိုတော့
၇ လပိုင်း ၁၅ ရက်နေ့က မဘသ ဆိုင်းဘုတ်ကို
မဘသ သုံးမဲ့အစား ပေါ်လွင်ထင်ရှားအောင်
‘အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့’
အဲဒီဆိုင်းဘုတ်ကြီးကိုလည်း ၇ လပိုင်း ၁၅ ရက်နေ့ က
အသစ်ပြန်လည်ပြီးတော့ တင်လိုက်တယ်။

အဲဒီတင်လိုက်တာကို တဆင့် တဆင့်စကား
တဆင့်နား ကြားရပြန်တာက
မဟန က မဘသ ကို တရားစွဲမယ်။
တဆင့်ပြီး တဆင့်လုပ်လာတာတွေက
ဘာအကျိုးရှိလဲ
တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး။
မဟန အတွက်လည်း အကျိုးမရှိဘူး။
မဘသ အတွက်လည်း မကျိုးမရှိဘူး။
အကျိုးမရှိတဲ့ အလုပ်ကြီးတွေကို တဆင့်ပြီး တဆင့်
မကျေနပ်တာနဲ့ ဆက်လုပ်နေရင်
တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး။
ဘာသာအတွက်လည်း အကျိုးမရှိဘူး။
သာသနာအတွက်လည်း အကျိုးမရှိဘူး။
အကျိုးမရှိတဲ့ဟာချည်းပဲ မဟန က လိုက်လုပ်နေတယ်ဆိုတော့
ခံစားရတဲ့ မဘသကလည်း မခံနိုင်ဘူး။

မခံနိုင်ရင် နောက် တိုင်းပြည်ပျက်တဲ့အထိ
ရောက်ဖို့ရှိတယ်။

အဲဒီတော့ ဘာအကျိုးရှိလဲ
တိုင်းပြည်ပျက်ရင်လည်း အကျိုးမရှိဘူး?

သာသနာပျက်ရင်လည်း အကျိုးမရှိဘူး။
အချင်းချင်းရန်ဖြစ်နေမဲ့အစား
မဟန ဆိုတာ ၄၇ ပါးရှိတယ်။
မဘသ ကတော့ မရေမတွက်နိုင်အောင်များတယ်။
အဲဒီများတဲ့ ထဲက မဘသ ၄၇ ပါး ရွေးထုတ်လိုက်။
မဘသ ၄၇ ပါးနဲ့ မဟန ၄၇ ပါး
တနေရာရာမှာ ချိန်းပြီးတော့ ဆွေးနွေး။
အကောင်းဆုံးဖြစ်အောင် ဆွေးနွေး။
အခုက မဟနက မဘသကို ချေမှုန်းတယ်ဆိုတဲ့ သတင်းစကားတွေကြောင့်
သံဃာတွေရော ပြည်သူတွေပါ အားလုံး စိတ်နှလုံး မချမ်းမသာဖြစ်ကြတယ်။

စိတ်နှလုံးမချမ်းမသာဖြစ်အောင် ဘယ်သူက လုပ်လဲ?
မဟန က လုပ်တယ်။

မဟန ကရော အကျိုးရှိသလားလို့ ပြောတော့
မဟနလည်း အကျိုးမရှိဘူး။

အပြောခံရ အဖြုတ်ခံရတဲ့ မဘသလည်း အကျိးမရှိဘူး။

အကျိုးမရှိတဲ့ အလုပ်တွေကိုလုပ်နေတော့
မဟနလည်း သံဃာပဲ။ မဘသလည်း သံဃာပဲ။
သံဃာအချင်းချင်းဟာ မေတ္တာနဲ့ နေကြတာပဲ။

ဟို တောထဲမှာနေတဲ့ သူပုန်တွေ
သေနတ်ကြီး တကားကားနဲ့ တိုင်းပြည်အတွက်
အေးချမ်းအောင် သာယာအောင်
ဆိုပြီးတော့ ငြိမ်းချမ်းရေးတွေ ခေါ်လိုက်တာ
အခု မြန်မာနိုင်ငံကြီးဟာ
တချိန်က ကရင်ပြည်နယ်ဟာ မီးလိုပူတယ်။
ဘာကြောင့် မီးလိုပူလဲ
ငြိမ်းချမ်းရေးမရတော့ နွေရာသီရောက်ပြီးဆိုရင်
ဘယ်မြို့ကို လက်နက်ကြီးနဲ့ပစ်မယ်။
ဘယ်မြို့ကို မီးလောင်အောင်လုပ်မယ်။
မြို့သူ မြို့သားတွေ ပြည်သူ ပြည်သားတွေ
နွေရာသီရောက်ပြီဆိုရင်
မြို့တွေ ရွာတွေ ဘယ်သူမြို့ကို အရင်ပစ်မလဲ ဘယ်သူမြို့ကို အရင်မီးရှို့မလဲ
ဆိုတဲ့ စိုးရိမ်မှု ပူဆွေးမှုတွေဟာ တချိန်က ရှိတယ်။

အဲဒီလို စိုးရိမ်ပူဆွေးအောင်လုပ်တဲ့ သူပုန်တွေ
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးတော့
သဘောတူ လက်မှတ်ထိုးလိုက်ကြတော့
အခု ဥူးဇင်းတို့ ကရင်ပြည်နယ်ကြီးဟာ
ဘယ်အချိန် သွားမလဲ ဘယ်လမ်းသွားမလဲ
အကုန်သွားလို့ရနေတယ်။

တချိန်က သွားလို့မရဘူး။ အခုသွားလို့ရတယ်
ဘာကြောင့်လဲ
လက်နက်ကိုင် အချင်းချင်း ငြိမ်းချမ်းရေးဆွေးနွေးလို့။
သဘောတူညီကြလို့။

ကရင်ပြည်နယ်ကြီးဟာ အခု အေးချမ်းပြီးတော့
အင်မတန်မှ ကောင်းပါတယ်။
အဲဒီတော့
လက်နက်ကိုင်တဲ့ သူပုန်အချင်းချင်းတောင်မှ
တိုင်းပြည်ကြီး အေးချမ်းသာယာအောင် သဘောတူလက်မှတ်ရေးထိုးပြီးတော့
ငြိမ်းချမ်းအောင် နေတယ်ဆိုတော့
မဘသ နဲ့ မဟန ဆိုတာ
နှစ်ရာနှစ်ဆယ့်ခုနစ်သွယ်သော သိက္ခာပုဒ်တွေကို ထမ်းဆောင်တဲ့
ရဟန်းတော် အရှင်မြတ်တွေ
နှစ်ရာနှစ်ဆယ့်ခုနစ်သွယ်သော သိက္ခာပုဒ်တွေကို ထမ်းဆောင်ထားတဲ့
ရဟန်းတော် အရှင်မြတ်တွေဟာ
မေတ္တာနဲ့နေကြတယ်။
မေတ္တာနဲ့စားကြတယ်။
မေတ္တာနဲ့သွားကြတယ်။
မေတ္တာနဲ့နေ
မေတ္တာနဲ့စား
မေတ္တာနဲ့သွားရင်
နေရ ထိုင်ရတာ အင်မတန်မှ ပျော်ပါတယ်။

ဒါကြောင့်မို့
ကဗျာလေးရှိတယ်ကွာ။

ကျေးဇူး မကင်း
ပြစ် မကင်း
ချင်းချင်းဖြစ်တတ်တယ်။

အဖွဲ့အစည်းတစ်ခုလုပ်ပြီးဆိုရင်
ဒီအဖွဲ့အစည်းထဲမှာ
သူ့ကျေးဇူး ကိုယ့်ကျေးဇူးပြုထားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။
ကျေးဇူးတွေ မကင်းဘူး။
ဒါပေမဲ့ လုပ်ရင်းကိုင်ရင်းနဲ့ဆိုတော့ အပြစ်ကရော မရှိဘူးလား?
အပြစ်လည်း ရှိတယ်
ရှိတတ်တယ်ပေါ့
ကျေးဇူးမကင်းပေမဲ့ အပြစ်ရောကင်းသလားဆိုတော့ အပြစ်လည်း မကင်းပါဘူး။
အချင်းချင်းနေကြတယ်ဆိုတော့လေ
အဲဒီတော့ အချင်းချင်းနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ
ကျေးဇူးလည်းမကင်းဘူး။
အပြစ်လည်း မကင်းဘူး
အချင်းချင်းက အဆင်မသင့်ရင်
ရန်ခိုက်ဒေါသဖြစ်တတ်တယ်။
အဲဒီလိုဖြစ်လာတဲ့အခါကျရင်

အပြစ်သည်းခံ
ကျေးဇူးမှန်
ရှာကြံသိရမယ်။

ပြဿ နာတစ်ခု ပေါ်လာပြီဆိုရင်
ဒုံး ဒိုင်း ဆိုပြီးတော့ မဆုံးဖြတ်ပါနဲ့
အပြစ်ပေါ်လာရင် အပြစ်ကို အပြစ်လိုမပြောဘဲနဲ့ သည်းခံပါတဲ့။

အပြစ်သည်းခံ

ဒို့အဖွဲ့အစည်းထဲမှာ ဒီပုဂ္ဂိုလ်ဟာ ရှေးတုန်းက ဘာကျေးဇူးပြုခဲ့လဲ?

ဒို့သံဃာတွေဟာ ရှေးတုန်းက ဒီပုဂ္ဂိုလ်တွေကို ဘာကျေးဇူးပြုခဲ့လဲ?

တိုင်းပြည်ကောင်းအောင်ဘယ်လိုလုပ်ခဲ့လဲ?

သာသနာကောင်းအောင် ဘယ်လိုလုပ်တယ်?

အပြစ်ကို သီးခံပြီးတော့
အဲဒီကျေးဇူးတရားလေးကို ရှာကြံရမယ်။

အပြစ်သည်းခံ
ကျေးဇူးမှန်
ရှာကြံသိရမယ်။

အပြစ်ကို သည်းခံပြီးတော့ ကျေးဇူးတရား ရှာလို့တွေ့သွားပြီးဆိုရင်

ကျေးဇူးမြော်မြင်
ပြစ်မတင်
ပျော်ရွှင်ချမ်းမြေ့တယ်။

ကျေးဇူးတရားရှာလို့ တွေ့သွားပြီးဆိုရင်
ခုနက အပြစ်တွေ မမြင်တော့ဘူး။

အပြစ်မမြင်တော့ဘူး ဆိုရင်
သူ့အတင်း ငါ့အတင်း မပြောတော့ဘူး။
သူ့ကို ငါ့ကို အနိုင်မကျင့်ကြတော့ဘူးဆိုရင်
သာသနာကြီးမှာ မဟန နဲ့ မဘသ နဲ့
လက်တွဲပြီးတော့ သာသနာပြု ကြမယ်ဆိုရင်
သာသနာမှာ ရဟန်းတော် အရှင်မြတ်တွေရော
တပည့် တကာ တကာမတွေပါ
ဘယ်လောက် စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်မလဲ?

အခုကတော့
မဟန ကလည်း မဘသကို အနိုင်ကျင့်သလို ပြောချင်တာပြော။

မဘသကလည်း မခံနိုင်လို့ ပြန်ပြောဆိုတော့
ကြားက တကာ တကာမတွေက ဘယ်သူဖက်လိုက်လို့ လိုက်ရမှန်းမသိဘူး။

ဒါကြောင့်
ဘုန်းကြီးနှစ်ပါး ရန်ဖြစ်ကြရင်
တကာ တကာမတွေ အပါယ်ငရဲကျတယ်တဲ့။

အခုက မဟန က မဘသ ကို
တရားမ၀င်ဘူးဖျက်ရမယ်ဆိုတော့
မဘသ ဖက်က တကာတွေလည်းပဲ မခံချင်စိတ်နဲ့
မဟန ကို ပြောမိပြောရာတွေပြော။

ပြောမိပြောရာတွေ ပြောတော့
မဘသ ရဲ့ တပည့်တကာ တကာမတွေက အလကားနေ အကုသိုလ်ဖြစ်။
အလကားနေ အပယ်ကျရမယ့်အဖြစ်။

အဲဒီတော့ ဒီလိုဖြစ်ရမဲ့အစား
ဒီလိုနေမယ်အစား
ကိုင်း မဟနရဲ့ ၄၇ ပါးနဲ့ မဘသရဲ့ ၄၇ ပါးနဲ့
တနေရာ တနေရာမှာ မျက်နှာစုံညီ ဆွေးနွေး တိုင်ပင်ပြီးတော့
သီးခံခွင့်လွှတ်ကြမယ်ဆိုရင်
သောက ပရိဒေ၀ ရောက်နေကြတဲ့
ရဟန်းတွေရော လူပုဂ္ဂိုလ်တွေပါ
ဘယ်လောက် စိတ်ချမ်းသာကြမလဲ?

ဥူးဇင်းတို့ရဲ့ သဘောထားက
ဒါကို လိုချင်တယ်
ဖျက်ဖို့ သိမ်းဖို့ ဒုက္ခပေးဖို့ ဒါတွေကို လုံးဝ လုံးဝ မလိုချင်ဘူး။

ညီလို အစ်ကိုလို သားလို အဖလို
အချင်းချင်းနေကြတာကို ဥူးဇင်း အများဆုံးလိုလားတယ်။

ဖြစ်ပြီးတာတွေဟာ အတိတ်တွေပဲ
အတိတ်ကို အတိတ်မှာထားလိုက်။

အတိတ်ကို အတိတ်မှာ မထားပဲနဲ့
အနာဂတ်ကို သယ်ဆောင်ရင်
အတိတ်ကြီးဟာ အဆိပ်ဖြစ်တယ်။

အဲဒီတော့ အတိတ်ဟာ အဆိပ်မဖြစ်အောင်
အတိတ်ကို အတိတ်မှာ ထားပြီးတော့
ပစ္စုပ္ပန်ကျကျ မဟန နဲ့ မဘသ နဲ့
မျက်နှာစုံညီ ဆွေးနွေးတိုင်ပင်ပြီးတော့
သည်းခံကြ ခွင့်လွှတ်ကြရင်

အပြစ်သည်းခံ
ကျေးဇူးမှန်
ရှာကြံသိရမယ်။

ကျေးဇူးမြော်မြင်
ပြစ်မတင်
ပျော်ရွှင်ချမ်းမြေ့တယ်။

ချမ်းသာကိုသာ
လိုသူမှာ
မေတ္တာဘာဝနာပွားရမယ်။

ဆိုတဲ့အတိုင်း
မဟနကြီးကလည်း မေတ္တာနဲ့ ဘာဝနာနဲ့
မဘသ ကလည်း မေတ္တာနဲ့ ဘာဝနာနဲ့
နှစ်ဦးနှစ်ဝ မျက်နှာစုံညီ အကောင်းဆုံးအဖြေကို ဖြစ်အောင်
ဆွေးနွေးကြပါ။ တိုင်ပင်ကြပါ။ လုပ်ကိုင်ကြပါ။

တိုင်းပြည်ကြီး နာမည်ပျက်တဲ့ အလုပ်ကို
မလုပ်ကြပါနဲ့။

တိုင်းပြည်ကြီး ဂုဏ်သရေရှိရှိနဲ့
အမျိုး ဘာသာ သာသနာကို
ကာကွယ်ကြပါ။ စောင့်ရှောက်ကြပါလို့
အခု မဘသ ဆိုင်းဘုတ်ကို
နဂိုက အတိုကောက် မဘသ
အခုကတော့ အတိုကောက်ကို
မထည့်တော့ပဲနဲ့
အရှည်ကိုပဲ အသုံးပြုမယ်
အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့လို့။

မဘသ တစ်ဖွဲ့လုံးရဲ့ ဆန္ဒက
ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို
စောင့်ရှောက်ကြပါ ။
အမျိုး ဘာသာ သာသနာကို စောင့်ရှောက်တဲ့အဖွဲ့ကို
ဖျက်ရမယ်။သိမ်းရမယ်။ ဖျက်သိမ်းရမယ်ဆိုတဲ့
အပေါ်ကနေ အမိန့်နဲ့ သြဇာနဲ့ လာရင်
ဒီအမိန့်တွေ ဒီသြဇာတွေဟာ
အမျိုး ဘာသာ သာသနာ မစောင့်ရှောက်တဲ့အဖွဲ့ဆိုတာ
ထင်ရှားပါတယ်။

ဒါကြောင့်မို့
ငါတို့ဟာ အမျိုး ဘာသာ သာသနာကို မစောင့်ရှောက်တဲ့အဖွဲ့ဆိုတဲ့
ဂုဏ်သရေကို မထိပါးအောင်
ဂုဏ်ရှိရှိနဲ့ မျက်နှာစုံညီ ဆွေးနွေးပြီးတော့

မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ နိုင်ငံ

မြန်မာလူမျိုး ဗုဒ္ဓဘာသာ လူမျိုး

ဗုဒ္ဓဘာသာနိုင်ငံကြီးမှာ မှီတင်းနေထိုင်ကြတဲ့
ရဟန်းတွေရော ရှင်တွေရော လူတွေရော
တစ်ဦးနဲ့ တစ်ဦး
တစ်ယောက်နဲ့ တစ်ယောက်
သည်းခံပြီးတော့ သည်းခံခွင့်လွှတ်ပြီးတော့ တိုင်းပြည်ကြီး ကောင်းအောင်
ဝိုင်းဝန်းကူညီပံ့ပိုးကြပါ။
သည်းခံကြပါ။
ခွင့်လွှတ်ကြပါလို့ နောက်ပိတ်ဆုံးမှာကြားရင်းနဲ့
ဇွဲကပင်တောင်ဆရာတော် သြ၀ါဒကို ဒီလောက်နဲ့ နိဂုံးချုပ်ပါတယ်။

တိုင်းသူပြည်သား လူအများ
ရဟန်းရှင်လူပြည်သူအများ
ကိုယ်လည်းကျန်းမာ
စိတ်လည်း ချမ်းသာ လိုရာဆန္ဒမှန်သမျှ အားလုံးပဲ ပြည့်စုံနိုင်ကြပါစေ။

ဆရာတော်ဘုရားကြီး၏ သြဝါဒစကားများကို ပြန်လည်ရေးသား ဖော်ပြပေးပါသော ကိုတင်မောင်လှိုင်အား အထူးပင်ကျေးဇူး တင်ရှိပါတယ် ခင်ဗျာ။

( အညတြကပ္ပိယ )
မိုက်ကယ် မင်းထွန်း