သတင်း

သမိုင်း၏တရားခံ စီစဉ်သူ အရှင်ပညာနန္ဒ ပြည်ပရောက် မြန်မာရဟန်းတော်များအဖွဲ့ ယူတီကာ၊ နယူးယောက် ၏ အမှာစာ

ထာင်တွင်းလက်ရာလေးပါ။
၂၀၀၃ခုနှစ် အောက်တိုဘာလအထိသာ ဖြစ်ပါသည်။
ဤမှာဘက်အတွက် ဒုတိယအုပ်ရေးရပါဦးမည်။
ထောင်မှထွက်ခါစ အွန်လိုင်းနာမည်ကြီးဆောင်းပါးပါ။
အနီတွေသူကောင်းပြုကြတဲ့ စာမူပေါ့။
စာမူခွင့်ပြုချက် လွတ်လပ်လာတဲ့အခါ စာအုပ်အဖြစ်တရားဝင် ထုတ်ဝေလိုက်ပါတယ်။
အုပ်ရေသောင်းချီ ရိုက်နှိပ်ခဲ့ပါတယ်။
မဟနက ကမ္ဘာအေးသို့ ခေါ်ယူသတိပေးခြင်း မလုပ်ခဲ့သော်လည်း မစိုးရိမ်တိုက်သစ် ပထမမဟာနာယက ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသအား ဤစာအုပ်နှင့်ပတ်သက်၍ စာရေးသူကိုခေါ်ယူသတိပေးရန် တာဝန်ပေးခဲ့ပါတယ်။
ပထမ မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသကလည်း ဓမ္မဘာဏကကျောင်း၌ အခြားသော မဟာနာယကဆရာတော်များရှေ့မှောက်မှာပင် ဤစာအုပ်နှင့်ပတ်သက်၍ နောက်နောင် ထပ်မံရိုက်နှိပ်ခြင်း ဖြန့်ချိခြင်း လုံးဝမလုပ်ဖို့ မေတ္တာကရုဏာရှေ့ထား၍ ဆုံးမတော်မူပါတယ်။
အဲဒါကြောင့် သမိုင်း၏တရားခံစာအုပ်ကို ဆက်လက်ဖြန့်ချီမှုမပြုတော့ဘဲ ယခုမှသာ အွန်လိုင်းမှာ စတင် ပြန်လည် လွှင့်တင်လိုက်ရခြင်းဖြစ်ပါတယ်။
ဒုတိယတွဲထပ်ရေးပါဦးမည်။
မဘသအရေး ဝီရသူအရေး ၉၆၉ အရေး အမျိုးသားရေး ဘာသာသာသနာအရေး မဟန ၄၇ ပါးထဲက အာဏာရှင်ဆန်သော ပရိယတ် ပဋိပတ် ဘာမှမလုပ်သော အစိုးရကိုမျက်နှာလုပ်တတ်သော ဘုရားမျက်နှာကို မကြည့် လာဘ်လာဘမျက်နှာကိုသာကြည့်သော အဂတိတရားလိုက်စားသော အကျင့်ပျက်ခြစားသော မတရားဆုံးဖြတ်သော သာသနာတော်ကို ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေသော အစိုးရအားကိုးနဲ့မိုက်နေသော အချို့သော မဟနအမည်ခံထားသူတွေအကြောင်းတော့ ပယ်ပယ်နှယ်နှယ်ရေးပါ တော့မည်။
ယခုမှစ၍ သမိုင်း၏တရားခံ နိဒါန်းမှ ပြီးဆုံးသည်အထိ အခန်းဆက် လွှင့်တင်ပါတော့မည်။
ဝီရသူ(မစိုးရိမ်)
19.7.2017
PM 12:23
==========================================================

သမိုင်းတရားခံများအကြောင်းစာတမ်းနှင့်ပတ်သက်၍
မြန်မာနိုင်ငံသာသနာရေးလောက၊ ဘာသာရေးလောကမှာ အကြီးဆုံးအဖွဲ့ကြီးဖြစ်တဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်များရဲ့ အမှားမှားအယွင်းယွင်း လုပ်ဆောင်နေမှုများ အကြောင်းနဲ့ အဂတိလိုက်စားမှုများအကြောင်းကို ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း မြင်အောင်ရေး သားထားတဲ့ သမိုင်းတရားခံလို့ အမည်ပေးထားတဲ့ သာသနာတော်ပြုပြင်ရေးစာတမ်းတစောင်ကို ရှားရှားပါးပါး ဖတ်ရပါတယ်။
ရေးသူကတော့ မော်စကိုတောရပြန် မန္တလေး မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းဆရာတော် ဦးဝိစိတ္တာဘိဝံသ(ခ)ဆရာတော်ဦးဝီရသူဖြစ်ပါတယ်။
ဆရာတော်ရဲ့ ရေးဟန်အတိုင်း လိုတိုရှင်း ထိထိမိမိရေးသားထားတာကို တွေ့ရပါတယ်။
ဒီစာတမ်းရဲ့ နိဒါန်းမှာ ဖော်ပြထားတာကတော့ မြန်မာနိုင်ငံ အုပ်ချုပ်ရေးလောကမှာ သံဃာ့အဖွဲ့အစည်းနဲ့ လူအဖွဲ့အစည်းဆိုပြီး အဖွဲ့အစည်းနှစ်ရပ်ရှိကြောင်း ဖော်ပြထားပြီး သံဃမဟာနာယကအဖွဲ့ကို သာသနာတော်သန့်ရှင်းတည်တံ့ရေးနဲ့ သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် ဖွဲ့စည်းထားကြောင်း၊ မဆလခေတ် ဦးနေဝင်းလက်ထက်တွင် ဓမ္မစက်နှင့်မရရင် အာဏာစက်နဲ့ ဆုံးမရန် အကူအညီပေးကြောင်း၊ မဆလခေတ်နောက်ပိုင်းကနေ ယခုကာလ ၂၀၁၂ အထိ သံဃမဟာနာယကအဖွဲ့ကြီးရဲ့ လုပ်ဆောင်နေမှု များကို ဝေဖန်သုံးသပ်ကြဘို့ တင်ပြထားတာကို တွေ့ရပါတယ်။
ဒီစာတမ်းကိုခေါင်းစီး(၁၈)ခုနဲ့ အမည်ပေးထားပြီး စာမျက်နှာ(၂၄)မျက်နှာရှိပါတယ်။ အကြောင်းအရာလိုက် တင်ပြထားပြီး ပထမဆုံးခေါင်းစီစာမျက်နှာကို သမီးနှင့် အုန်းသီးလို့ အမည်ပေးထားပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးနဲ့ သာသနာတော်ထွန်း ကားရေးတို့အတွက်ဖွဲ့စည်းထားတဲ့သံဃာ့အစိုးရတရပ်ဖြစ်ကြောင်း၊ မဟနဆရာတော်များအတွင်းမှာ ရဟန်းသီလလုံးဝပျက်စီးနေသော ထေရ်ကြီးဝါကြီးများ ပါဝင်နေကြောင်း၊ သံဃာ့ကိုယ်စားလှယ်ရွေးချယ်ရမှာ အကျင့်သီလသိက္ခာကိုအလေးမထားဘဲ ဆိုင်ရာပက်သက်ရာကိုသာ ရွေးချယ်တဲ့အတွက် ပါရာဇိက(ဂျိုး)များ ပါဝင်နေကြောင်း၊ တချို့ဆရာတော်များဆိုရင် သာသနာတော်အတွက် နှမ်းတစေ့မျှလောက်တောင် အလုပ် မလုပ်ဘဲ ထင်ရာစိုင်းနေတဲ့ဆရာတော်များ ပါဝင်နေကြောင်း၊ သမီးနဲ့ အုန်းသီးမထိရင်ပြီးတာဘဲ၊ ကျန်တာလုပ်ချင်လုပ်ဆိုတဲ့ လူမိုက်အားပေးဆရာတော်တွေကြောင့် ပျက်စီးနေသော ရဟန်းငယ်တွေ များစွာပေါ်ထွန်းလာကြောင်း၊ မဟနအဖွဲ့ရဲ့ မမှန်မကန်လုပ်ဆောင်မှုများကြောင့် သတင်းများထွက်ပေါ်ခဲ့ ကြောင်း၊ အမြင်မတော်သဖြင့် မြက်နဲ့ဖုံးလွှမ်းထားပေမယ့် အနံ့မထွက်အောင်တော့ မတတ်နိုင်ကြောင်း၊ အောင်းကောင်ကြီးတွေ များစွာရှိကြောင်း စသည်ရေးသားထားတာကို တွေ့ရပါတယ်။
သာသနာတော်ကို တကယ်သန့်ရှင်းစင်ကြယ်စေလိုရင် မဟနအဖွဲ့ကို အရင်သန့်ရှင်းအောင်လုပ်ဆောင်ဖို့ အကြံပြုထားတာကိုတွေ့ရပါတယ်။
မဏ္ဍိုင်ဗဟို လဲပြိုနေဆိုတဲ့ ခေါင်းစီးအောက်မှာတော့ မဟနအဖွဲ့ရဲ့ ဝိနိစ္ဆယဆုံးဖြတ်ရေးဌာနတွေ မမှန် မကန် ဘက်လိုက်ပြီး အနိုင်ကျင့်ဆုံးဖြတ်နေကြောင်းနဲ့ လာဘ်ပေးလာဘ်ယူမှုတွေရှိကြောင်း၊ လာဘ်ပေးမှ တရားနိုင်ကြောင်း စသည်ရေးသားထားတာကို တွေ့ရပါတယ်။
ဒေါ်လာစား မဟနဆိုတဲ့ခေါင်းစီးအောက်မှာ တန့်ကြည့်တောင်ဆရာတော်ရဲ့ ငိုရယ်ကမ္မဋ္ဌာန်းတရားနဲ့ ပတ်သက်ပြီး ပိဋကတ်တော်နဲ့ ညီ မညီ သူကိုယ်တိုင်စုံစမ်းလေ့လာတဲ့အကြောင်း၊ အဓမ္မတရားကြီးဖြစ်နေတာ တွေ့ရတဲ့အတွက် တန့်ကြည့်တောင်အမှားတော်ပုံ(ခ) တရားထိုင် ငိုရယ်ခြင်းအကြောင်း စာအုပ်ရေးသားပြီး သာသနာရေးဌာနသို့ ခွင့်ပြုချက်တောင်းခံခဲ့ပေမဲ့ စာအုပ်ထုတ်ဝေခွင့် ပယ်ချခံရကြောင်း၊ တန့်ကြည့်တောင် ဆရာတော်က မဟနဆရာတော်တွေကို ဒေါ်လာလှူဒါန်းထားတဲ့အတွက် အရေးမယူကြောင်း၊ ဒုဥက္ကဋ္ဌဆရာတော်တစ်ပါးက သူကိုယ်တိုင် တရားထိုင်ရင်း စိန်ခြူးကြာညောင် သီချင်းတစ်ပုဒ်ဆိုပြီး ထ ကတယ်လို့ မိန့်ကြားဖူးကြောင်းနဲ့ စိန်ခြူးကြာညောင် သီချင်းတစ်ပုဒ်နဲ့ တန့်ကြည့်တောင်ဇာတ်ထုတ်ကို စားပွဲခုံပေါ်မှ ရုပ်သိမ်းပေးခဲ့ကြောင်း၊ အရည်အချင်းရှိပေမယ့် တရားမရှိ၍ အမှားသိခြင်းဖြစ်ကြောင်း ဟာသစွက်ပြီး ရေးသားထားတာကို ဖတ်ရလို့ ပြုံးမိပါတယ်။
လက်နက်မပါသည့် အာဏာရှင်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကိုယ်တွေ့ မဟန တရားစီရင်ရေးအကြောင်းနဲ့ ထောင်ကျလောက်တဲ့အပြစ်မရှိဘဲ သံဃာတော်တွေ ထောင်ချခံနေရကြောင်း၊ ထောင်တွင်းမှ သံဃာတော်တွေ မိလ္လာသန့်ရှင်းရေးတွေ လုပ်ခိုင်းကြောင်း၊ သံဃာ့အဖွဲ့အစည်း၏ မညှာမတာလုပ်ဆောင်မှုကြောင့် ထောင်ကျနေသူများဖြစ်ကြောင်း ရေးသားထားတာကို တွေ့ရသလို အာဏာအားကိုးနဲ့ မိုက်လုံးကြီးနေသော သံဃာ့အဖွဲ့အစည်း လက်နက်မရှိသော အာဏာရှင်များဖြစ်ကြောင်း ပြစ်တင်ရေးသားထားပါတယ်။
ကျန်တဲ့အခန်းတွေမှာတော့ သံဃာကိုယ်စားလှယ်ရွေးချယ်တဲ့အခါ ဒီမိုကရေစီနဲ့အညီရွေးချယ်ဖို့၊ သန့်ရှင်း လွတ်လပ်တဲ့သံဃာ့ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းထားသလို စစ်အစိုးရက နှစ်စဉ်ဆက်ကပ်ပေးတဲ့(လာဘ်ထိုးမှရတဲ့)တံဆိပ်တော်တွေအကြောင်း၊ သာသနာ့သန့်ရှင်းရေး အကြောင်း၊ စစ်အစိုးရလက်ကိုင်တုတ်ကြီးများအကြောင်း စတဲ့အကြောင်းအရာများနဲ့ ဆရာတော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်များစွာကို စိတ်ဝင်စားဘွယ် ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။
သံဃာ့နာယကအကြောင်း အတွင်းကျကျသိလိုသူများနဲ့ ပြုပြင်လိုသူများဖတ်သင့်တဲ့ စာတမ်းတခုဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရေးသားတင်ပြချက်တွေဟာ ရဲဝင့်ပြတ်သားလှပါတယ်။ ဟုတ်သည် မဟုတ်သည် မှန်သည် မှားသည်ကတော့ မိမိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ဖို့ အကြံပြုပါတယ်။
နောက်ဆုံးမှတ်ချက်အနေနဲ့ ဆရာတော်က ဒီစာရေးရခြင်းရဲ့ ရည်ရွယ်ချက်ကို တင်ပြထားပါတယ်။
ကျွန်ုပ်သည် ကျွန်ုပ်၏အနာဂတ်သာသနာအတွက် သည်စာတမ်းကို ပြုစုပါသည်။ အတ္တကြီး၍ သဘောထား အမြင်ကျဉ်းလျင်စုဖုဘုရားလတ်လို ပယ်ချနိုင်ပါသည်။ အတ္တပါးလွှာ၍ အမြင်ကြီး အမြင်ကျယ်ပါမူ အပြုသဘော နှင့် ဝေဖန်အကြံပြု၍ အနာဂတ်သာသနာ၏ အခြေခံအုဋ်မြစ်ကို စနစ်တကျခိုင်မာအောင် လုပ်သင့်ပါသည်။ အကယ်၍ ရောဂါပေါင်းစုံဝင်ရောက်နေသည့် ဂီလာနသာသနာကို အချိန်မီမကုစားပါလျင် သမိုင်း၏တရားခံ သည် စုဖုဘရားလတ်ပင်ဖြစ်ပေမည်။ သမိုင်း၏ လက်ညှိုးထိုးကျိန်ဆဲမှုကို ခံရပါလိမ့်မည်။ သာသနာကြီး နာတာရှည်ရောဂါဆိုးကြီးဖြင့် ပျက်စီးရပါလိမ့်မည်။ သည်လိုဆိုရင် သမိုင်း၏ တရားခံအစစ်သည် သင်ကိုယ်တိုင် ဖြစ်လိမ့်မည်။
ကျွန်ုပ်သည် သည်စာတမ်းကို မော်စကိုမြို့မှာ ရေးသားပါသည်။ သည်စာမူထွက်ရှိလာသည့်အခါ စနစ်မပြောင်း သေးလျင် တခေါက်ဂျောင်းရပေဦးမည်။ ထိုအခါ မော်စကိုသို့ ဒုတိယမ္ပိ ခြေဦးလှည့်ခွင့်ပေးတော်မူသော ဆရာကြီးများကို ကျေးဇူးတင်ရပေဦးမည်လို့ ဆိုထားပါတယ်။ ဆရာတော်လေးရဲ့ တင်ပြချက်တွေကို ဖတ်ရှုပြီး ပြင်သင့်တာတွေကို အချိန်မှီပြုပြင်ဘို့ လက်ရှိအစိုးရကိုရော သံဃာတော်များကိုပါ တိုက်တွန်းချင်ပါတယ်။
စီစဉ်သူ
အရှင်ပညာနန္ဒ
ပြည်ပရောက် မြန်မာရဟန်းတော်များအဖွဲ့
ယူတီကာ၊ နယူးယောက်
မေ၊ ၀၁၊ ၂၀၁၂