သတင်း

ထူးခြားတဲ့ အလှူတော်မင်္ဂလာ

ဖခင်ကြီး (ဦးထွန်းလှိုင်)+မိခင်ကြီးဒေါ်ခင်ညိုတို့အား အမှူးထား၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အရှေ့ပတ္တာရပ်ကွက်နေ ရဟန်း၊ ကျောင်း ဒါယိကာမကြီး ဒေါ်ခင်အေးလှိုင်၊ သား မောင်စိုးမင်းဦး+မချိုချိုဝင်း၊ မောင်နိုင်လင်းကို (မဲကြီး ဝပ်ရှော့ နှင့် ဆိုင်ကယ်ရောင်းဝယ်ရေး)၊ သမီး မပပ(ခ) မမြတ်သဉ္ဇာစိုး၊ မနှင်းယုဆွေ၊ မြေး ရွှန်းရတီဦး မိသားစုတို့ရဲ့ ရဟန်းခံ၊ အနေကဇာတင်၊ ကျောင်းရေစက်ချ အလှူတော်မင်္ဂလာ ဖြစ်ပါတယ်။

၁၃၇၉-ခု၊ ဝါဆိုလပြည့်နေ့ 8.7.2017 ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဝိမုတ္တိရသဆွမ်းစားကျောင်းဆောင်မှာ ကျင်းပပါတယ်။

မစိုးရိမ်တိုက်သစ် ပထမ မဟာနာယဆရာတော်ကြီး ဘဒ္ဒန္တကေသရာဘိဝံသ အမှူးပြုသော နာယကဆရာတော်များနှင့် ပင့်သံဃာတော်များ ကြွရောက်ချီးမြှောက်ကြပါတယ်။ မနက် (၅း၃၀)နာရီ အနေကဇာတင်မင်္ဂလာအပြီးမှာ သံဃာတော်များအား ဆွမ်းဆက်ကပ်ပါတယ်။ မနက်(၉း၀၀)နာရီမှာ မတ္တရာ မစိုးရိမ်တိုက်သစ်နေ ရှင်ဝိသုတအား ရဟန်းခံပေးခြင်း ဥပသမ္ပဒကံဆောင်မင်္ဂလာကျင်းပပါတယ်။

မနက် (၁၀း၃၀)နာရီမှာ ပထမ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တကေသရာဘိဝံသမှ ဓမ္မဝိမုတ္တိရသဆွမ်းစားကျောင်းဆောင် လှူဒါန်းခြင်းအပါအဝင် အလှူဒါန်းမှုအစုအစုအတွက် ရေစက်ချ အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူပါတယ်။ ဆရာတော်ကြီးမှ ကျောင်းအလှူသည် အပါယ်တားသည့် ကုသိုလ်ဖြစ၍ အပါယ်မကျအောင် အာမခံပေးတဲ့ အလှူဖြစ်ကြောင်း၊ ကျောင်းနေရာရှားပါးတဲ့ မစိုးရိမ်တိုက်သစ်လိုနေရာမျိုးမှာ လှူဒါန်းခွင့်ရတာ အလွန်ပဲကံကောင်းကြောင်း၊ မစိုးရိမ်တိုက်သစ်စည်းကမ်းအရ ပုဂ္ဂလိကပိုင်အဖြစ် လှူဒါန်းခွင့်မရှိကြောင်း၊ ဆောက်သမျှကျောင်းအားလုံး သံဃိကအဖြစ်သာ ထားရှိရကြောင်း၊ အစဉ်အဆက် သီတင်းသုံးမည့်သံဃာများ အသုံးပြုရန် ရည်မှန်း၍ လှူဒါန်းတဲ့ကုသိုလ်ဖြစ်တာကြောင့် အလွန်ပဲ အကျိုးများကြောင်း စသည်ဖြင့် အနုမောဒနာချီးမြှင့်တော်မူပါတယ်။

ယခုရေစက်ချလှူဒါန်းတဲ့ ဓမ္မဝိမုတ္တိရသဆွမ်းစားကျောင်းဆောင်ကို ဆိုင်ကယ်ဝပ်ရှော့လုပ်ရင်း သစ်သီးဝလံရောင်းရင်း ရလာတဲ့ချွေးနည်းစာလေးတွေနဲ့ ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ကြောင်း၊ ၂၈×၃၇ ပေရှိ နှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး ကျပ်သိန်း(၂၀၀)ခန့် ကုန်ကျကြောင်း၊ မစိုးရိမ်တိုက်သစ်မှာ ကျောင်းနေရာရှားပါးလွန်းတာကြောင့် ရေလှောင်ကန်ကြီးကို ငုံ၍ဆောက်လုပ်ထားကြောင်း အလှူရှင် ဒေါ်ခင်အေးလှိုင်မှ ပြောပြပါတယ်။

အလှူအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်လွန်းလို့ လာရောက်ချီးမြှောက်အားကြတဲ့ ဧည့်ပရိသတ်တွေလည်း ကျောင်းနဲ့လျံထွက်မတတ် များပြားလှပြီး နေအိမ်မှာလည်း ယနေ့ညနေ (၆း၀၀)နာရီထိ ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း ဒေါ်ခင်အေးလှိုင်မှ ထပ်မံပြောပြပါတယ်။

ဒေါ်ခင်အေးလှိုင်သည် မစိုးရိမ်တိုက်သစ် သံဃာတော်များအတွက် အထူးသဖြင့် သာမဏေကျော်စာလိုက်နေကြတဲ့ ကိုရင်လေးတွေအတွက် နေ့စဉ်မပြတ် အသီး ဖျော်ရည် ဆွမ်းစသည် လှူဒါန်းနေကျသူဖြစ်ပြီး သံဃာတော်များနှင့် တရင်းတနှီးရှိနေတဲ့သူဖြစ်ပါတယ်။

၎င်းတို့မိသားစု ဘဝဖြတ်သန်းမှုအခြေအနေကို သိနားလည်ကြတဲ့ အသိမိတ်ဆွေတွေက ကျောင်းလှူတာကို ဝမ်းမြောက်ဝမ်းသာဖြစ်လွန်းလို့ ဂုဏ်ယူစွာ ချီးမွမ်းထောမနာပြုကြ၊ တအံ့တသြဖြစ်ကြတာ တွေ့ရပါတယ်။ မြင်သမျှ ကြားသမျှ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ…။

ဝီရခေမိန်