သတင်း

ဒီမိုကရေစီခေတ်လို့ ပြောရင် ယုံမှာတောင်မဟုတ်ဘူး

စာရေးသူကြုံခဲ့ရတဲ့ အမှန်တကယ်အဖြစ်အပျက်လေးပါ။ ဒီနှစ် သြဂုတ်လ ၂၇ ရက်(27.8.2017) နေ့တုန်းက ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ကြုံခဲ့ရတာပါ။

ဖျာပုံမြို့မှ ဦးသိန်းဆွေ+ဒေါ်မာမာသိမ့် မိသားစုက စာရေးသူကို ပင့်ဖိတ်ပြီး နဝကမ္မအလှူငွေ လှူဒါန်းကြမည့် အစီစဉ်ပါ။ သမီးလတ် မဆွေမာလတ်ရဲ့ ၂၃ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းဖို့ စီစဉ်ကြတာပါ။

နီးစပ်ရာဓမ္မမိတ်ဆွေများလည်း ဖိတ်ကြားဖို့ စီစဉ်ပါတယ်။ ဒီသတင်းကို ဖျာပုံထွေအုပ်အနံ့ရသွားပြီး ဒေါ်မာမာသိမ့်ကို ခေါ်မေးပါတယ်။ ဒေါ်မာမာသိမ့်က မှန်ကန်ကြောင်း ပြောဆိုတဲ့အခါ ဖျာပုံထွေအုပ်က သူတို့ကြားထားတာက တစ်မျိုးဖြစ်နေလို့ ခေါ်မေးတာဖြစ်ကြောင်းလောက်ပဲ ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ နောက်တစ်ခါ ထပ်ခေါ်ပါတယ်။ စာရေးသူနဲ့ ပတ်သက်တဲ့ ဖိုင်လ်တွဲ(လူဆိုးမှတ်တမ်း) ကြီးပြပြီး ထပ်မံစစ်ဆေးတာပါ။ ဒေါ်မာမာသိမ့်က အားလုံးသိတဲ့အကြောင်းနှင့် ကြည်ညိုလို့ ပင့်ဖိတ်လှူတဲ့အကြောင်း ပြန်ပြောပါတယ်။

နောက်တစ်ခါ ရပ်ကွက်ရုံးသို့ ဆင့်ခေါ်ပြန်ပါတယ်။ ရပ်ကွက်ရုံးမှာ ခရိုင်ထွေအုပ်နှင့် သာသနာရေးဦးစီးတို့က ထပ်မံစစ်ဆေးမေးမြန်းကြပြီး ခံဝန်ကတိအဖြစ် လက်မှတ်ထိုးခိုင်းပါတယ်။

အဲဒီနောက်တော့ ဦးသိန်းဆွေ+ဒေါ်မာမာသိမ့်တို့ကိုယ်ရေးအကျဉ်းနဲ့ မျိုးရိုးအစဉ်အဆက် သမိုင်းကြောင်းတွေ ထပ်မံစစ်ဆေးစုံစမ်းကြပြန်ပါတယ်။

ဖျာပုံအာဏာပိုင်တွေဟာ ဒီလောက်နှောက်ယှက်ရုံနဲ့ အားရပုံမပေါ်ပါဘူး။ ဖိတ်ကြားထားသူများစာရင်းတွေ တောင်းတာ၊ ပင့်သံဃာ ၃ ပါးရဲ့ ဘွဲ့အမည်၊ ကျောင်းတိုက်နှင့် သာသနာဝင်အမှတ်တွေပါ ထပ်မံတောင်းခံ ပြန်ပါတယ်။

ဒါတင်မကသေးဘဲ စာရေးသူနှင့်အတူ ပါလာမည့် လူဦးရေ၊ မှတ်ပုံတင်နံပါတ်၊ ကားနံပါတ်၊ ကားမောင်းသူ၊ ကားအမျိုးအစား ဒါတွေကို ထပ်တောင်းတဲ့အပြင် ဘယ်အချိန်ရန်ကုန်မှထွက်လာမယ်၊ ဘယ်အချိန်ဖျာပုံ ရောက်မယ်၊ ဘယ်အချိန်ဆွမ်းကပ်မယ်ဆိုတာတွေပါ အတိအကျထပ်တောင်းလိုက်ပါသေးတယ်။

မူလအစီအစဉ်က နေ့ဆွမ်းကပ်ဖို့ဖြစ်ပေမယ့် စာရေးသူက အချိန်မပေးနိုင်တာကြောင့် အရုဏ်ဆွမ်းကပ်ဖို့ စီစဉ်ဖြစ်သွားတာပါ။

စာရေးသူမှာ တရားပွဲတွေမရှိလို့ ဓမ္မပူဇာအလှူငွေတွေလည်း မရှိ၊ လောကအလင်းနှင့် ပရဟိတလုပ်ငန်းတွေကြောင့် လစဉ်ငွေကြေးသုံးစွဲမှုကလည်း များပြားနေလို့ ဒေါ်မာမာသိမ့်က သူ့သမီးမွေးနေ့မှာ သိန်း၂၀ ကျပ် ပင့်ဖိတ်လှူဒါန်းဖို့ စီစဉ်တာဖြစ်ပါတယ်။ သူ့လိုပဲ ဝိုင်းဝန်းလှူကြဖို့ ဓမ္မမိတ်ဆွေတွေကို နှိုးဆော်ထားတာပါ။

ဒါပေမဲ့ ဖျာပုံအာဏာပိုင်တွေရဲ့ အစစ်အဆေးအမေးအမြန်းနဲ့ အစုံစအမ်း အထောက်အလှမ်းတွေများတာ ကြောင့် ဖိတ်ကြားထားသူတွေထဲမှ လင်မယားနှစ်ဦးပဲ လာကြပါတယ်။ အင်မတန်ရင်းနှီးသူတစ်ဦးကတော့ လူမလာတော့ဘဲ စာအိတ်ပေးပို့သွားပါတယ်။ နယ်ခံပင့်သံဃာသုံးပါးလည်း တစ်ပါးမှ မကြွတော့ပါ။

ဓမ္မမိတ်ဆွေ လင်မယားနှစ်ဦးကလည်း သက်တော်ရှည်ဆရာတော်ကြီးတစ်ပါးကျောင်းမှာ အလှူပေးတာ အလှူရက်နဲ့တိုက်ဆိုင်နေလို့ စာအိတ်ကပ်ပြီး ပြန်သွားကြပါတယ်။ ဒေါ်မာမာသိမ့်ရဲ့ သမီးဆွေမာလတ်မွေးနေ့ပွဲလေးမှာ စာရေးသူနှင့် တပည့်လေးရယ် ဒေါ်မာမာသိမ့်မိသားစုရယ် ခြောက်တီးခြောက်ကပ်နဲ့ပဲ ပွဲပြီးသွားပါတယ်။

အနုမောဒနာတရားလေးဟောဖို့နေနေသာသာ ရေစက်ချ အမျှဝေတာလေးတောင် မလုပ်ခဲ့ရပါဘူး။ အရုဏ်ဆွမ်းကပ်ပြီး ခဏနား၊ ဒေါ်မာမာသိမ့်တို့ မိသားစု လျှောက်ထားသမျှလေး နားထောင်၊ တစ်မှေးအိပ်ပြီး နေ့ဆွမ်းစားကာ ပြန်လာခဲ့ရပါတော့တယ်။

ရောက်တုန်းရောက်ခိုက် ဖျာပုံ မဘသ နောင်တော်များနှင့် တည်ခိုဖူးရာထန်းပင်ကျောင်းဆရာတော်များ၊ မထေရ်ကြီးဝါကြီးဆရာတော်ကြီးများထံအား ဖူးမြော်ပူဇော်ချင်ပေမယ့် ဒေါ်မာမာသိမ့်က အကြိမ်ကြိမ် ကတိပေးထားရခြင်း၊ ခံဝန်ကတိလက်မှတ်ထိုးထားရခြင်းကြောင့် မသွားဖြစ်တော့ပါဘူး။

တိုင်းအစိုးရ တိုက်ရိုက်ညွှန်ကြားချက်ကြောင့် ခရိုင်ထွေအုပ် ခရိုင်သာမှူးတို့က ဒေါ်မာမာသိမ့်ကို ခေါ်ယူမေးမြန်း လက်မှတ်ထိုးခိုင်းတာလို့ သိရပါတယ်။

ခံဝန်ထဲမှာတော့ မဟနတရားပွဲပိတ်တာ သိရှိကြောင်း၊ တရားပွဲကျင်းပဖို့ ပင့်ဖိတ်တာမဟုတ်ကြောင်း၊ အစစအရာရာတာဝန်ယူကြောင်း ရေးထားတာပါ။

ဧရာတိုင်းအစိုးရဟာ မဟနအမိန့်ထဲမှာ ဆွမ်းစားမကြွရ၊ သာရေး နာရေး မကြွရ၊ သီလပေးရေစက်ချ မလုပ်ရ စတာတွေ မပါလို့သာ ဒေါ်မာမာသိမ့်ဆွမ်းကပ်ပွဲကို မပိတ်ပင် မတားဆီးခဲ့ပေမယ့် ဝီရသူကိုတော့ ဖျာပုံမှာတစ်မနက် အကျယ်ချုပ် ချုပ်ထားနိုင်ခဲ့ပါတယ်။ ဘာကြောင့်ဆို ဝီရသူကလည်း မြို့ထဲမပြောနဲ့ ဘုန်းကြီးကျောင်းတောင် မသွားရ၊ ဝီရသူရှိရာ ဒေါ်မာမာသိမ့်အိမ်သို့လည်း ဘယ်သူမှ မလာရလို့ပါပဲ။

သံဃာတစ်ပါးကို ဆွမ်းစားပင့်ရေးအတွက် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် စုံစမ်းခံရတာ ရုံးသို့အကြိမ်ကြိမ် ခေါ်၊ ဖုန်းတွေတဂွမ်ဂွမ်ဆက်နဲ့ နေ့စဉ် ဖိအားပေးခံရတာ၊ ပင့်ဖိတ်သူစာရင်းတွေ၊ ပင့်သံဃာစာရင်းတွေ၊ မှတ်ပုံတင်နဲ့ နေရပ်လိပ်စာတွေတောင်းတာ စစ်အစိုးရလက်ထက်မှာတောင် ရှိခဲ့ဖူးပါသလား?

ဒါတောင် တိုင်းရင်းသားစစ်စစ် ဝန်ကြီးချုပ်လက်ထက်မှာပါ။ ဘာသာလေးပဲ ခြားသေးတာပါ။ သွေးမခြားသေးပါဘူး။ တကယ်လို့များ တိုင်းရင်းသားလည်းမဟုတ် လူမျိုးရော ဘာသာပါ ခြားနေတဲ့ အနီတို့ရဲ့ ကိုးကွယ်ရာကြီးတွေသာ ဝန်ကြီးချုပ်ဖြစ်ခွင့်ရခဲ့ရင် သိုဟန်ဘွားလိုပဲ သေချာမှာပါနော်။

ယုံချင်ယုံ မယုံချင်နေ ပြည်သူလူထု တင်မြှောက်ထားတဲ့ အရပ်သားဒီမိုကရေစီအစိုးရလက်ထက်မှာ ဝီရသူကတော့ ဆွမ်းကပ်ပွဲကို အကြောင်းပြုပြီး နေအိမ်အကျယ်ချုပ် တစ်မနက်ကျခဲ့ပါတယ်ဗျာ။