သတင်း

“ဒီမိုကရေစီ(၁)” သခင်ဘသောင်း

အမှာစကား

ဒီမိုကရေစီဆိုတဲ့စာအုပ်လေးကို အရင်က သခင်ဘသောင်းကရေးပြီး ဒီမိုကရေစီစာအုပ်တိုက်က ၁၉၅၄ ခုနှစ်မှာ ထုတ်ခဲ့တာပါ။ သာမာမန်ပြည်သူလူထု အတွင်း ဒီမိုကရေစီရဲ့ အနက်အဓိပ္ပါယ်၊ သဘောတရားတွေကို ကောင်းကောင်းနားမလည်တဲ့သူတွေများနေသေးလို့ ထုတ်ဝေခဲ့တာပါ။ ဒီမိုကရေစီဆိုတာ မြန်မာနိုင်ငံက လူတွေအတွက်တင်မကဘဲ လူတွေအားလုံးအတွက် အရေးကြီးပါတယ်တဲ့။ ဒီမိုကရေစီယဉ်ကျေးမှု ဒီမိုကရေစီသဘောတရားတွေကို နိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေတင် သိဖို့နားလည်ဖို့လိုတာ မုဟတ်ပါဘူး သာမာန် သူလိုကိုယ်လို ရပ်သူရွာသားတွေလည်း သိဖို့လိုပါတယ်တဲ့။
ဒီမိုကရေစီစနစ်ကို ထူထောင်မယ်ဆိုရင် ပြည်သူလူထုရဲ့ အသိအမြင် အတွေးအခေါ်တွေဟာ မြင့်မားနေဖို့ လိုတယ်ဆိုတာ ပြောဖို့တောင် မလိုပါဘူး။ ဒီလိုမြင့်မားနေဖို့ဆိုရင် ပညာရှင်ဆိုတဲ့သူတွေ ပညာတတ်တွေဟာ သာမာန်ပြည်သူတွေရဲ့ဘဝ လိုအပ်ချက်တွေ ဆန္ဒတွေနဲ့ ကိုက်ညီတဲ့အတွေးအခေါ် အယူအဆတွေကို ပြောဆိုရေးသား ဖြန့်ချီထုတ်ဝေနေဖို့ လိုအပ်ပါတယ်။

ဒီစာအုပ်ငယ်ဟာ မူလက သခင်ဘသောင်းရေးသားခဲ့တဲ့ ဒီမိုကရေစီဆိုဒါ(Definlng Democracy) ဆိုတဲ့စာအုပ်လေးကို သာမာန်လူတွေ ခဏလေးနဲ့ နားလည်အောင် စကားပြောတဲ့ဟန်နဲ့ ပြန်ပြီး ထုတ်နုတ်တင်ပြထားတာဖြစ်ပါတယ်။ မူလစာရေးဆရာကြီး သခင်ဘသောင်းရဲ့ အာဘော်တွေ မပျောက်မပျက်ရအောင် ခြုံငုံမိအောင် ကြိုးစားထားပါတယ်။

ဒီစာအုပ်လေးဟာ ပညာရှင်တွေ ပညာတတ်တွေသာ ဖတ်ပြီးနားလည်မဲ့ စကားလုံးတွေ အခေါ်အဝေါ်တွေပါတဲ့ စာအုပ်မျိုးမဟုတ်ပါဘူး။ သာမာန်ရပ်သူရွာသားတွေရဲ့ နေ့စဉ်ဘဝတွေ အတွေးအခေါ်တွေထဲမှာ စစ်မှန်တဲ့ ဒီမိုကရေစီ သဘောတရားတွေ ရှင်သန်စေဖို့အတွက် တစ်စိတ်တစ်ဒေသ အထောက်အပံ့ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဒါပေမယ့် စာမျက်နှာ နည်းနည်းနဲ့ပြန်ဲပီး တင်ပြထားရတဲ့အတွက် တချို့အကြောင်းအရာတွေတော့ ပြန်မပါလာနိုင်တော့ပါဘူး။ ခွင့်လွှတ်ပေးစေလိုပါတယ်။

နောက်ပြီး သခင်ဘသောင်းဆိုတာ မြန်မာစာဖတ်ပရိသတ်ကို အထူးဆိတ်ဆက်ပေးစရာမလိုဘူးလို့ ထင်ပါတယ်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ထင်ရှားတဲ့ ဒို့ဗမာအစည်းအရုံးကို ၁၉၃၀ ခုနှစ်မှာ စတင်ထူထောင်သူတစ်ဦးပါ။ ပန်းသာ မစာဥ၊ အာဏာရှင်စနစ်ကို လှောင်ပြောင်သရော်တဲ့ ခြေလေးချောင်း တော်လှန်းရေး လောကနိဗ္ဗာန် စတဲ့ စာအုပ်တွေဟာ စာဖတ်ပရိသတ်ကြားမှာ ထင်ရှားပါတယ်။ ဒီလိုစာရေးဆရာကြီးရဲ့ စာအုပ်ကို အခုလို အချိန်မှာ ပြန်ပြီးကောက်နှုတ်တင်ပြ ဖြန့်ဝေရတာကို အရမ်းဂုဏ်ယူမိပါတယ်။

အရင်က ဖြန့်ဝေပြီးဖြစ်တဲ့ မြန်မာ့နိုင်ငံရေးအတွေးအခေါ်(ဒေါက်တာမောင်မောင်ကြီး)၊ အတွေးအခေါ်တော်လှန်ရေး(Jonathan Isreal၊ ဒေါက်တာအောင်ခင်)၊ ငါနှင့်မတူ ငါ့ရန်သူ (Mary P. Callahan၊ ဒေါက်တာအောင်ခင်) ကျောင်းတွင်းဒီမိုကရေစီ (မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း) အစရှိတဲ့ စာအုပ်ငယ်များကို တဆင့်ပြန် မိတ္တူကူးပြီး ဖြန့်ဝေခဲ့တဲ့ အသင်းအဖွဲ့တွေ၊ NGO တွေ၊ Institute တွေ စာဖတ်သူ မိတ်ဆွေတွေကို အထူးကျေးဇူးတင်ပါတယ်။

သာမန်လက်လုပ်လက်စားပြည်သူတွေကြားမှာ
ဒီမိုကရေစီရှင်သန်ပါစေ။

အခန်း၁။

ဒီမိုကရေစီအလို
ဒီကမ္ဘာပေါ်မှာ လူထက်ပိုပြီး မြင့်မြတ်တဲ့ သတ္တဝါမရှိဘူးလို့ ဆိုကြပါတယ်။ ကိုးကွယ်ရာဘာသာ အားလုံးကလည်း လူဟာ အမြင့်မြတ်ဆုံးသတ္တဝါဖြစ်တယ်ဆိုတာကို တညီတညွတ်တည်း ဆိုကြပါတယ်။ ဒီမိုကရေစီအလိုအရ လူဖြစ်ရင် အသားဖြူဖြူ မည်းမည်း ချမ်းသာတဲ့သူဖြစ်ဖြစ် ဆင်းရဲတဲ့သူဖြစ်ဖြစ် ဘယ်ဘာသာကို ကိုးကွယ် ကိုးကွယ် အတူတူပဲလို့ဆိုတယ်။ ဒါကြောင့် လူလူချင်း ဘယ်သူ့ကိုမှ မလေးမစားမပြုသင့်ပါဘူး။ လူတွေအားလုံးဟာ သူတို့ဘဝအတွက်တော့ ရှင်ဘုရင်တွေပါပဲ။ ဒါပေမဲ့ အာဏာရှင်ဝါဒသမားတွေကတော့ သူတို့သာသူများထက်ပိုပြီး မြင့်မြတ်တယ်လို့ မြင်ကြပြီး တခြားလူတွေဟာသူတို့ရဲ့အမိန့်ကို နာခံရမယ်လို့ ယုံကြည်ကြပါတယ်။ တခြားလူတွေကို အဆင့်နိမ့်တိရစ္ဆာန်တွေလို သဘောထားကြပါတယ်။ တန်ဖိုးမထားကြပါဘူး။ ဒီမိုကရေစီဝါဒက လူတွေအချင်းချင်း ခွဲပြားခြားနားတာကို အကြောင်းပြပြီး ချမ်းသာတဲ့သူက ဆင်းရဲတဲ့သူကို ပညာတတ်တဲ့သူက မတတ်တဲ့သူကို အသားဖြူတဲ့သူက အသားမဲတဲ့သူကို အာဏာရှိတဲ့သူက အာဏာမရှိတဲ့သူကို နှိပ်စက်ညှဉ်းပန်း ဗိုလ်ကျတာကို လုံးဝ လက်မခံပါဘူး။ ကမ္ဘာပေါ်က လူတွေအားလုံး အတွက်တော့ လူတွေရဲ့ဘဝကို ရိုသေလေးစားတဲ့ ဒီမိုကရေစီဝါဒထက် ကောင်းတဲ့ဝါဒ မရှိပါဘူး။ လူတွေဟာ ကိုယ့်ဘဝကိုကိုယ်မြတ်နိုးရိုသေရမယ်ဆိုတာ သိနားလည်နေသရွေ့ ဒီမိုကရေစီဝါဒဟာ ပျောက်ပျက်မသွားနိုင်ပါဘူး။

ဒါပေမယ့် တိုင်းသူပြည်သားတွေဟာ ကိုယ့်ရဲ့မြင့်မြတ်တဲ့လူ့ဘဝကို အမှုမဲ့အမှတ်မဲ့နေတတ်ကြတဲ့အတွက် ဒီမိုကရေစီဝါဒဟာ ထွန်းကားသင့်ပေမဲ့ အမြဲတမ်း မထွန်းကားပဲဖြစ်နေတာပါ။ ဒါကြောင့် ဒီမိုကရေစီဝါဒကို မြတ်နိုးကြတဲ့ ပြည်သူတွေဟာ ဒီမိုကရေစီဝါဒအကြောင်းကို အမြဲမပြတ် ဆွေးနွေးနေဖို့ လိုပါတယ်။ မိမိတို့နေထိုင်တဲ့နိုင်ငံကို ပြည်သူတွေကသာ ပိုင်ပါတယ်။ နိုင်ငံကို ဘယ်အဖွဲ့အစည်း ဘယ်လူပုဂ္ဂိုလ်ကမှ မပိုင်ပါဘူး။ သူလိုကိုယ်လို သာမန်နိုင်ငံသားတွေကသာ ပိုင်ဆိုင်ကြတာပါ။ သမ္မတဆိုတာ နိုင်ငံသားတွေက မိမိတို့ကိုယ်စား တိုင်းပြည်ကို ခဏတာအုပ်ချုပ်ဖို့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ပါပဲ။ ဒါကြောင့် သမ္မတကို ရွေးတဲ့အခါမှာ အမိုက်မဲဆုံးလူကိုမရွေးဘဲ အမြော်အမြင်အရှိဆုံး လူကိုသာ ရွေးကြပါတယ်။ ယနေ့ခေတ် ဒီမိုကရေစီနိုင်ငံတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အတော်အရေးကြီးကပါတယ်။
အခြေခံဥပဒေထဲမှာ လူတွေကို မသတ်ရဘူး။ အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းမလုပ်ရဘူး။ လွတ်လပ်စွာပြောဆိုရေးသား ဖြန့်ချီခွင့်ရှိရမယ်။ ကိုယ်ယုံကြည်ချင်တဲ့ဘာသာကို လွတ်လွတ်လပ်လပ် ယုံကြည်ကိုးကွယ်ခွင့် ရှိတယ်ဆိုတာတွေကို အသေအချာ ရေးသားထားကြပါတယ်။ ဒါပေမယ့် ဒီမိုကရေစီဆိုတာ လူတွေအတွက် အလိုအလျှောက် ဘာမှ မလုပ်ပေးနိုင်ပါဘူး။ ဒီမိုကရေစီကို အားကိုးပြီး ဘာမှမလုပ်ပဲ င်ုတုတ်ထိုင်နေမယ်ဆိုရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီမှ မုတ်ပါဘူး၊ ဘယ်သူကမှ လူတွေအတွက် အလိုအလျောက် ကောင်းအောင် ချမ်းသာအောင် မလုပ်ပေးနိုင်ပါဘူး။ ဒီမိုကရေစီက လူတွေအတွက် ချမ်းသာရာ ချမ်းသာကြောင်းကို လမ်းပြတဲ့အလုပ်တော့ လုပ်ပေးနိုင်ပါတယ်။ ဒီမိုကရေစီစနစ်က လမ်းညွှန်ပြသပေးထားတဲ့ နည်းလမ်းတွေကို လိုက်နာ မလိုက်နာဆိုတာကိုတော့ မိမိတို့ကိုယ်တိုင်ကပဲ ဆုံးဖြတ်ရမှာပါ။

အခန်း ၂။

ဒီမိုကရေစီဆိုတာဟာ ရှင်ဘုရင်တွေ အုပ်ချုပ်တဲ့စနစ်လို စနစ်မျိုးမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ ဘုရင်အစိုးရမင်းတွေဟာ ရန်သူမျိုးငါးပါးစာရင်းမှာ ပါဝင်တယ်လို့ ဆိုကြပါတယ်။ ပထမပိုင်းကတော့ သမ္မတ ဒါမှမဟုတ် အစိုးရမင်းတွေဟာ ပြည်သူတွေရဲ့ ရန်သူတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် နောက်ပိုင်း လက်နက်အင်အားကို အားကိုးတဲ့လူတွေ ယုတ်မာတွေလူတွေ သမ္မတဖြစ်လာကြပြီး ပြည်သူတွေကို ရန်သူတွေလို ဆက်ဆံလာကြတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေက အစိုးရမင်းတွေကို ရန်သူမျိုးငါးပါး စာရင်းသွင်းလိုက်ကြတာပါ။ အုပ်ချုပ်တဲ့ အစိုးရမင်း အစဉ်အဆက်ရဲ့ တရားလက်လွတ် နှိပ်စက်တာကို ခံလာရတာကြာတော့ အစိုးရမင်းတွေကို ပြည်သူတွေရဲ့ အစေခံဆိုတာကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပါတယ်။ တကယ်တော့ အစိုးရမင်းဆိုတာ ကိုယ်လုပ်ချင်ရာကို လုပ်ပိုင်ခွင့်ရှိတဲ့သူတွေ မဟုတ်ကြပါဘူး။ ဒီမိုကရေစီဝါဒဟာ အစိုးရမင်းတွေရဲ့ ထင်ရာမြင်ရာလုပ်ချင်တာ လုပ်တာကို အသိအမှတ် မပြုပါဘူး။ အစိုးရဆိုတာ ပြည်သူတွေ စေခိုင်းရာကို လုပ်ဖို့အတွက် ဖွဲ့ထားတဲ့အဖွဲ့ပဲလို့ သတ်မှတ်ထားတာပါ။ ဒါကြောင့် ဒီမိုကရေစီစနစ်မှာတော့ အစိုးရဟာ ရန်သူမျိုးငါးပါး စာရင်းမဝင်ပါဘူး။

ပြည်သူတွေက အစိုးရမင်းတွေကို အခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ကြတာ ဖြစ်ပါတယ်။ အခုခေတ်က လူတစ်ယောက် ဒါမှမဟုတ် လူတစ်စုက တိုင်းသူပြည်သားတွေကို ထင်သလိုလုပ်ပြီး အုပ်ချုပ်လို့ရတဲ့ ခေတ်မဟုတ်တော့ပါဘူး။ ပြည်သူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကိုလည်း အဲဒီအခြေခံဥပဒေထဲမှာ အတိအလင်း သတ်မှတ်ပေးထားပါတယ်။ နောက်အခန်းမှာတော့ အခြေခံဥပဒေအရ ရွေးကောက်ပွဲ(ပြည့်စေခံရွေးပွဲ)တွေ အရေးကြီးတဲ့အကြောင်းကို တင်ပြပါမယ်။