ထုတ်ပြန်ကြေညာချက်သတင်း

ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) သဘောထားထုတ်ပြန်ကြေညာချက်

နေ့စွဲ။ ၁၃၇၉-ခု၊ နယုန်လဆန်း ၁၀ ရက်(ဇွန် ၄-ရက်၊ ၂၀၁၇) တနင်္ဂနွေနေ့။

ဇွန်လ ၂-ရက်၊ ၂၀၁၇ ခု၊ သောကြာနေ့ နံနက်ပိုင်းမှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ရန်ဂါမတီ(ရခိုင်အခေါ် သက်ထောင်)တွင် အသက် ၇၀ အရွယ် ဂုဏမာလာ(Gunamal) အမည်ရှိ အမျိုးသမီးကြီးတစ်ဦး အသတ်ခံရပြီး လူနေအိမ်နှင့် ဈေးဆိုင်ခန်း ၂၀၀-ခန့် လုယက် ဖျက်ဆီးမီးရှို့ခံခဲ့ရကြောင်း နှင့် လူပေါင်း ၃၀၀၀-ခန့် ဘေးလွတ်ရာသို့ အိုးမဲ့ အိမ်မဲ့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Online သတင်းများနှင့် The Daily Star သတင်းဌာန၊ Narjnjara သတင်းဌာနများ၌ တွေ့ရသည်၊ အဆိုပါ အမျိုးသမီးကြီး သေနေသောပုံ၊ အဆောက်အအုံများ မီးလောင်နေသောပုံများလည်း တွေ့ရသည်။
၎င်းအပြင် မေ ၂၂-ရက်၊ ၂၀၁၇-ခု၌ ဖြစ်ပွားခဲ့သော မန်ချက်စတာ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဇွန်လ ၃-ရက်၊ ၂၀၁၇-ခု၊ စနေနေ့ည လန်ဒန် အကြမ်းဖက်တိုက်ခိုက်မှု အကြောင်းများကိုလည်း မီဒီယာများ၌ တွေ့မြင်ကြား သိနေရပါသည်။
ဒုက္ခရောက်နေသည့် မည်သည့်သတ္တဝါမဆို တွေ့မြင်ကြားသိရလျှင် သနားကရုဏာထားရသည်မှာ သူတော်ကောင်းစိတ်ဓာတ်ပင်ဖြစ်ပါသည်။ မိမိတို့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီးကလည်း ယခုကိစ္စအတွက် များစွာကရုဏာသက် စိတ်မကောင်းဖြစ်ရပါသည်။

ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်ရပ်တွင် အမှန်တကယ် ဒုက္ခရောက် နေသူများကို မြန်မာနိုင်ငံအစိုးရ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူ နိုင်ငံတော်အစိုးရ အဖွဲ့အစည်းအသီးသီး အနေဖြင့်-
၁။ ချစ်ကြည်ရင်းနှီးစွာ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက် ကူညီဖေးမ စောင့်ရှောက်ပေးကြပါ
၂။ မတရားသော အကြမ်းဖက်လုပ်ရပ်များကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးကြပါ
ဟု မိမိတို့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီးက မေတ္တာရပ်ခံ ပန်ကြားလိုက်ကြောင်း သဘောထား ထုတ်ပြန်ကြေညာလိုက်သည်။
ဦးဆောင်တာဝန်ခံ နာယကများ
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီး