သတင်း

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၁)

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက်

ရက်စွဲ။ ။ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၀)ရက်

(က) အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆည်ဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်

၁။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ဘာသာ သာသနာရေးနှင့်စပ်လျဉ်း၍ ပေါက်ပါအတိုင်း ပြဋ္ဌာန်း ထားပါသည်။
ပုဒ်မ ၃၄။ ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော် လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာအတွက် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်။
ပုဒ်မ ၃၅၃။ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ။
ပုဒ်မ ၃၅၄။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်-
(က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြာဆိုခွင့် ရေးသားဖြန့်ဝေခွင့်။
(ခ) လက်နက်မပါဘဲ ငြိမ်းစွာ စုဝေးခွင့် စီတန်းလှည့်လည်ခွင့်။
(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများဖွဲ့စည်းဆောင်ရွက်ခွင့်။
(ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကိုလည်းကောင်း အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်။
ပုဒ်မ ၃၆၀။ (က) ဘာသာ သာသနာဆိုင်ရာ ကိုးကွယ်ဆောက်တည်မှုသည် စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ အခြားလောကီရေးရာဆောင်ရွက်မှု တစ်ခုခုနှင့် ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါ ဘာသာ သာသနာရေးဆိုင်ရာ လွတ်လပ်ခွင့်များတွင် မပါဝင်စေရ။
(ခ) ထိုသို့ ဘာသာ သာနသာရေးနှင့်စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေးများကို ပေးထားသော်လည်း အများပြည်သူအကျိုးကိစ္စနှင့် ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေပြုခြင်းကို မတားမြစ်ရ။
ပုဒ်ုမ ၃၆၁။ နိုင်ငံတော် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။
ပုဒ်မ ၃၆၃။ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။
ပုဒ်မ ၃၆၄။ နိုင်ငံတော်ကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့် သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြု အမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။
ပုဒ်မ ၃၇၄။ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။

၂။ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို ယင်းဥပဒေပုဒ်မ ၃ အရ အောက်ပါအတိုင်း ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားပါသည်။
(က) အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းကို ဤဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်စေရန်။
(ခ) အသင်းအဖွဲ့များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်စေရန်။
(ဂ) အသင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားအကျိုးကို အထောက်အကူပြုနိုင်စေရန်။
(ဃ) အသင်းအဖွဲ့များသည် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ ဥပဒေနှင့်အညီ အကူအညီများ ရယူနိုင်ရန်။
(င) လူမှုအဖွဲ့အစည်းများ ခိုင်မာအားကောင်းစေရန်။

၃။ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ တွင် ဤဥပဒေအရ မှတ်ပုံတင်ခွင့်လျှောက်ထားရန် မလိုသောအသင်းအဖွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဘာသာရေး သာသနာရေးနှင့် စီးပွားရေးသက်သက်ကိုသာ ကျင့်သုံးဆောင်ရွက်သော အသင်းအဖွဲ့များ
(ခ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားရမည့် နိုင်ငံရေးအသင်းအဖွဲ့များ
(ဂ) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ဖွဲ့စည်းထားသော အသင်းအဖွဲ့များဟု ပြဋ္ဌာန်းထားပါသည်။

၎။ ဖွဲ့စည်းပုံအခြေခံဥပဒေုဒ်မ ၃၆၁ အရ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည် ဟု နိုင်ငံတော်က အသိအမှတ်ပြုထားပါသည်။

၅။ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄ အရ လွတ်လပ်စွာကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိပါမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်ုမ ၃၅၄ ပုဒ်မခွဲ(က)(ဃ) တို့အရ ဗုဒ္ဓဘာသာဝင်နိုင်ငံသားများသည် မိမိတို့၏ ဗုဒ္ဓဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ထုတ်ဖော်ပြောဆိုခွင့်ရှိရပါမည်။

၆။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ဂ)တွင် နိုင်ငံသားတိုင်းသည် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်ဟု ဥပဒေအရ အခွင့်အရေးပေးထားပါသည်။ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ခ) တွင် အသင်းအဖွဲ့များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြဋ္ဌာန်းထားပါသည်။

၇။ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(က) အရ ဘာသာရေး သာသနာရေးနှင့် စီးပွားရေးသက်သက်ကိုသာ ကျင့်သုံးဆောင်ရွက်သော အသင်းအဖွဲ့များသည် မှတ်ပုံတင်ခွင့် လျှောက်ထားရန် မလိုသော အသင်းအဖွဲ့များဖြစ်သည်ဟု ပြဋ္ဌာန်းထားပါသည်။

၈။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် ၄င်းအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အခန်း(၃) အပိုဒ်(ဂ) အရ သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများ၊ အခန်း(၂) အပိုဒ်(၃)(က)၊(ခ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၄၊ ပုဒ်မ ၃၅၄ ပုဒ်မခွဲ(က)၊ (ဂ)၊(ဃ)၊ ပုဒ်မ ၃၆၀၊ ပုဒ်မ ၃၆၁၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေပုဒ်မ ၃(ခ)၊ ပုဒ်မ၁၉(က) တို့နှင့်အညီ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရန်အတွက် ရဟန်းပုဂ္ဂိုလ်နှင့် လူပုဂ္ဂိုလ်တို့ဖြင့် စုပေါင်းဖွဲ့စည်းထားသော သာသနာပြုလူမှုရေး အခြေပြုသည့် ပရဟိတအသင်းအဖွဲ့အစည်းသာဖြစ်ပါသည်။ သီးခြား သံဃာ့ဂိုဏ်းအဖြစ် အဖွဲ့စည်းထားသည့် အဖွဲ့အစည်း မဟုတ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

၉။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ အရ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးပေးရပါမည်။ ယင်းဥပဒေပုဒ်မ ၃၆၃ အရ အသိအမှတ်ပြုထားသော ဘာသာ သာသနာကိုလည်း တတ်နိုင်သမျှကူညီစောင့်ရှောက်ပေးရပါမည်။ ယင်းဥပဒေပုဒ်မ ၃၄ ရ လွတ်လပ်စွာ ကိုးကွယ်ခွင့်လည်း ပြုရပါမည်။

၁၀။ သို့ဖြစ်ပါ၍ အမျိုး ဘာသာ သာနသာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ တရားဝင်ဖွဲ့စည်းထားသော ဘာသာရေးအသင်းအဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်အပ်ပါသည်။