သတင်း

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၂)

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက်
___________________

(ခ) အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂) အပိုဒ်(၄)နှင့် ငြိစွန်းမှုမရှိကြောင်း သုံးသပ်ချက်
၁၁။ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအခန်း(၂) အပိုဒ်(၄)တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ ဤစည်းမျဉ်းအရ သက်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်းတစ်ခုတည်းသာ ရှိရမည် ဟု ပြဋ္ဌာန်းထားပါသည်။
သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများ အခန်း(၂)အပိုဒ်(၃)တွင်
(က) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ဖွဲ့စည်းခွင့်တောင်းခံထားသည့် သာသနာရေးဆိုင်ရာ သံဃာ့အဖွဲ့အစည်းများကို သံဃနာယကအဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုကိုခံယူစေပြီး ခွင့်ပြုနိုင်သည်။ သို့သော် ၄င်းအဖွဲ့အစည်းများသည် နိုင်ငံရေးအဖွဲ့အစည်းများနှင့် ရောထွေးမှုမရှိစေရ။
(ခ) သံဃနာယကအဖွဲ့အဆင့်ဆင့်၏ ကြီးကြပ်မှုကို မခံယူသော ဘာသာရေးဆိုင်ရာ သံဃာ့အဖွဲ့အစည်းများကို ခွင့်မပြုရ။
၁၂။ ဘာသာရေးနှင့်သက်ဆိုင်သော သံဃာ့အဖွဲ့အစည်းများကို သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ဖွဲ့စည်းလိုလျှင် ခွင့်ပြုနိုင်သည်။
၁၃။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် ရဟန်းသံဃာများဖြင့် သီးသန့်ဖွဲ့စည်းထားသော သံဃာဂိုဏ်းသစ်မဟုတ်ပါ။ ဂိုဏ်း(၉)ဂိုဏ်းမှ ရဟန်းသံဃာများ၊ လူပုဂ္ဂိုလ်များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်ကို မပျက်စီး၊ မပျောက်ကွယ်၊ တည်တံ့ခိုင်မြဲ အောင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်သော အဖွဲ့အစည်းဖြစ်ပါသည်။
၁၄။ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအပိုဒ် ၁၂ တွင် သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်ကို သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားပါသည်။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးကို အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်ချက် ဖြင့် ဖွဲ့စည်းထားပါသည်။
၁၅။ သာသနာတော် တည်တံ့ခိုင်မြဲရန်အတွက် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်လိုအပ်ပါသည်။ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှုမရှိလျှင် သာသနာတော်သည် တည်တံ့ခိုင်မြဲမည်မဟုတ်ပါ။ ခေတ်သစ်မဟာဗျူဟာ အရ ဘာသာရေးကျူးကျော်နယ်ချဲ့မှုကြောင့် ဗုဒ္ဓဘာသာ၊ သာသနာတော်သည် ပျောက်ကွယ်၊ ပျက်စီးရန် အန္တရာယ်စက်ကွင်းအတွင်းသို့ ကျရောက်နေပါသည်။ သံဃနာယကအဖွဲ့အဆင့်ဆင့်၏ သာသနာတော်သန့် ရှင်းတည်တံ့ပြန့်ပွားရန်ဆိုသည့် ရည်မှန်းချက်ပန်းတိုင်ကြီး မပျောက်မပျက်၊ မပျက်စီးရအောင် တည်တံ့ခိုင်မြဲအောင် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် ဒေါက်တိုင်သဖွယ်၊ တံတိုင်းကြီး ပမာထိန်းသိမ်း ကာကွယ် စောင့်ရှောက်ကူညီပံ့ပိုး နေခြင်းဖြစ်ပါသည်။
၁၆။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် နိုင်ငံတော်အာဏာကို ရယူရန် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီအဖွဲ့အစည်းမဟုတ်သကဲ့သို့ အာဏာကို ရယူရန်ကြိုးစားဆောင်ရွက်နေခြင်းလည်း လုံးဝမရှိခဲ့ပါ။ နိုင်ငံရေးပါတီများ၏ လက်ကိုင်တုတ်လည်းမဟုတ်သောကြောင့် တရားမဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်း လည်းမဟုတ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၁၇။ (၈.၈.၂၀၁၄) ရက်နေ့တွင် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဗဟို ဦးဆောင်ဆရာတော်ကြီး များသည် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အကျိုးတော်ဆောင်ဆရာတော်ကြီးများ၏ သြဝါဒကို ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်ခန်းမတွင် ခံယူခဲ့ပါသည်။
၁၈။ ထို့ပြင် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဖွဲ့စည်းတည်ထောင်ခြင်း(၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့် သြဝါဒခံယူပွဲအခမ်းအနားကြီးကို ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၁-၂၂) ရက်နေ့များတွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် ယင်းအစည်းအဝေးပွဲကြီးကို နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ ကျင်းပမည်ဖြစ်ကြောင်း လိုအပ်သည့်လမ်းညွှန်မှုများပေးတော်မူပါဘုရားဟု (၁၇.၅.၂၀၁၄) ရက်စွဲပါ စာအမှတ် ၀၀၂၆/စီမံ-၂၀၁၄ ဖြင့် လျှောက်ထားလွှာ ဆက်ကပ်ခဲ့ပါသည်။
၁၉။ ထိုကဲ့သို့ လျှောက်ထားချက်အရ ညီလာခံကျင်းပသည့်အင်းစိန်မြို့၊ အောင်ဆန်းတောရကျောင်းသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဆင်မင်းဆရာတော်ကြီးတို့ကိုယ်တိုင် ကြွရောက်ပြီး ကိုယ့်အချင်းချင်း ညီအစ်ကိုတွေလို သားအဖတွေလို ညီအစ်ကိုအချင်းချင်း၊ ဆရာတပည့်အချင်းချင်း လက်တွဲပြီး လုပ်ကြရမှာ ဟု စသည်ဖြင့် ဝမ်းသာအားရ သြဝါဒ ကထာများချီးမြှင့်ပေးအပ်ခဲ့ပါသည်။
၂၀။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း(အခြေခံမူများ)ပါ အခန်း(၃) အပိုဒ်(ဂ)တွင် ဂိုဏ်းပေါင်းစုံသံဃအဖွဲ့အစည်းကြီးက သတ်မှတ်ထားသော သံဃဂိုဏ်းများမှတစ်ပါး သီးခြား ဂိုဏ်းမဟုတ်စေဘဲ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအတွက် သက်သက်ဖြစ်သည့် ရဟန်းရှင်လူပုဂ္ဂိုလ်များပါဝင်သော ဘာသာရေး၊ လူမှုရေးအခြေပြုသည့် သာသနာပြုအဖွဲ့အစည်းသာ ဖြစ်စေရမည်ဖြစ်သည်ဟု သတ်မှတ်ထားပါသည်။
၂၁။ ယင်းပြဋ္ဌာန်းချက်များအရ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်တို့ပါဝင်သော သာသနာပြုအဖွဲ့သာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့သည် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း(၂) အပိုဒ်(၄)နှင့် ငြိစွန်းမှုမရှိကြောင်း သုံးသပ်တွေ့ရှိ ရပါသည်အရှင်ဘုရား။
(ဂ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)ကို ဖျက်သိမ်းပိုင်ခွင့်မရှိကြောင်း သုံးသပ်ချက်
၂၂။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများအပိုဒ်(၁၁၀)တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လုပ်ငန်းတာဝန်များကို အပိုဒ်ခွဲ(က)မှ (ဋ)အထိ သတ်မှတ်ထားပါသည်။
၂၃။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လုပ်ငန်းတာဝန်များတွင် သံဃာဂိုဏ်းသစ်မဟုတ်သည့် ရဟန်းရှင်လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို ဖျက်သိမ်းရန် တာဝန်နှင့်လုပ်ပိုင်ခွင့်အာဏာများ အပ်နှင်းထားခြင်းမရှိသောကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ထုတ်ပြန်ကြေညာချက်သည် သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများ၏ အပိုဒ်(၁၁၀)ပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်မှုမရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၂၄။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အမည်ကို သုံးစွဲခြင်းသည် ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်းကို ထိခိုက်နစ်နာခြင်းလုံးဝမရှိပါ။ နိုင်ငံတော်သံဃအဖွဲ့အစည်းအဆင့်ဆင့်သည် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိုသာ အဓိကထားပြီးလုပ်ဆောင်ပါသည်။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့သည် သာသနာပြန့်ပွားရေးထက် သာသနာတော်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သည့်လုပ်ငန်းများကို အဓိကဦးစားပေးလုပ်ဆောင်ပါသည်။ (တစ်နည်းအားဖြင့်) နိုင်ငံတော် သံဃအဖွဲ့အစည်းအဆင့်ဆင့်သည် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက်သာ ဆောင်ရွက် သကဲ့သို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် ဘာသာ သာသနာတော်ကို တရားသောနည်း လမ်းဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးသည့် လုပ်ငန်းကို ဆောင်ရွက်ပါသည်။
၂၅။ ပုဗ္ဗေစ ကတပုညတာ မင်္ဂလာဟူသည် ဘယ်အရာမဆို အနာဂတ်အတွက် ကြိုကြိုတင်တင် အကောင်းဆုံးပြင်ဆင်ထားရန်လိုအပ်ပါသည်။ ဗုဒ္ဓဘာသာဝင်များသည် ကိုယ့်အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ထိန်းသိမ်းရန် တာဝန်ကိုယ်စီကိုယ်ငှရှိကြပါသည်။ အမျိုး ဘာသာ သာသနာကို စနစ်တကျ ကာကွယ်စောင့်ရှောက်ရန်အတွက် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ကိုယ့်ဘာသာ ကိုယ့်နိုင်ငံကို ချစ်သော ဗုဒ္ဓဘာသာဝင်တိုင်းရင်းသား ၁၃၅ မျိုးသည် မြန်မာနိုင်ငံ၌ အမျိုးသားရေးလုပ်ငန်းများကို မြန်မာတစ်မျိုးသားလုံးက ဆောင်ရွက်ကြရန် တာဝန်ရှိပါသည်။ တတ်နိုင်ရာက တာဝန်ကျရာကမည်သူမဆို မြန်မာနိုင်ငံသား မြန်မာတိုင်းရင်းသားမှန်သမျှ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။

၂၆။ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းတွင်သော်လည်းကောင်း၊ သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများ တွင်သော်လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် မိမိအား အပ်နှင်းထားခြင်းမရှိသော တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ဘောင်ကျော်ပြီး အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)နှင့် အညီ အမျိုးသားရေးကို ဆောင်ရွက်နေသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဖျက်သိသမ်းခြင်းသည် မှားယွင်းနေကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၂၇။ မဘသ အမည်သည် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ အတိုကောက်ဖြစ်ပါသည်။ လက်ရှိ နိုင်ငံတော်အစိုးရကသော်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနကသော်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကသော်လည်းကောင်း မဘသ အမည်ကို သုံးစွဲပိုင်ခွင့်မရှိကြောင်း ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြေညာစာများ ထုတ်ပြန်ထားခြင်းမရှိပါ။ မဘသ အမည်ကို မတရားအသင်းဥပဒေအရ မတရားအသင်း ဖြစ်သည်ဟု ကြေညာထားခြင်း လုံးဝမရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၂၈။ ၁၉၀၈ ခုနှစ် မတရားအသင်းအက်ဥပဒေ(The Unlawiul Assoclation Act,1908) ပုဒ်မ ၁၆၊ ပုဒ်မခွဲ(၁)တွင် အပ်နှင်းထားသော အာဏာများအရ နိုင်ငံတော်အစိုးရက မတရားအသင်းဟု ကြေညာထားခြင်း ခံရသော အဖွဲ့အစည်းတစ်ခုခုသည် မတရားအသင်းဖြစ်သည်ဟု ပြဋ္ဌာန်းထားပါသည်။ မတရားအသင်း ဆိုသည်မှာ ရုန်းရင်းကြမ်းတမ်းမှုများနှင့် ခြိမ်းခြောက်မှုများကို ကျူးလွန်ရန် အားပေးသော သို့မဟုတ် ကူညီအားပေးသော အဖွဲ့အစည်း သို့တည်းမဟုတ် ထိုကဲ့သို့သောပြုမူချက်များကို ပြုကျင့်လေ့ရှိသော အဖွဲ့ဝင်များပါဝင်သော အသင်းဖြစ်သည်ဟု မတရားအသင်းအက်ဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။
၂၉။ အမျိုး ဘာသာ သာနသာစောင့်ရှောက်ရေးအဖွဲ့ကို မတရားအသင်းဥပဒေပုဒ်မ ၁၆(ခ)အရ လက်ရှိနိုင်ငံ တော်အစိုးရသည် မတရားအသင်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားခြင်းလုံးဝမရှိပါ။
၃၀။ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့သည် ဥပဒေပြုသည့် အာဏာပိုင်အဖွဲ့အစည်းလည်းမဟုတ်သည့် အပြင် ဥပဒေကို အတည်ပြုပြဋ္ဌာန်းပေးသည့် နိုင်ငံတော်အစိုးရအဖွဲ့အစည်းလည်းမဟုတ်ပါ။ ယနေ့ မျက်မှောက်ကာလတွင် ပြည်ထောင်စုလွှတ်တော်က မဘသ ဆိုသည့်စကားရပ်ကို ပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ သုံးစွဲလျက် မည်သည့်အမှုကိစ္စမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် (မဘသ)အဖွဲ့ ဆိုင်းဘုတ် များကို အပြီးအပိုင်ဖြုတ်သိမ်းရန် စသည်ဖြင့် ဥပဒေပြုထားခြင်းမရှိသောကြောင့် နိုင်ငံတော်အစိုးရကလည်း ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းထားခြင်းမရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၃၁။ အထက်ပါသုံးသပ်ချက်များအရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ဥပဒေရေးဆွဲသည့် ပြည်ထောင်စုလွှတ်တော်လည်းမဟုတ်၊ ဥပဒေပြဋ္ဌာန်းသည့် နိုင်ငံတော်အာဏပြိုင်အစိုးရအဖွဲ့အစည်းလည်း မဟုတ်၊ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများတွင်လည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို မဘသ ဆိုသည့် စကားရပ်အား အသုံးမပြုရန်၊ ဆိုင်းဘုတ်ဖြုတ်ရန် တာဝန်နှင့် လုပ်ပိုင်ခွင့်အာဏာပေးထားခြင်းလည်းမဟုတ်၊ မဘသ ဆိုသည့် စကားရပ်ကို နိုင်ငံတော်အစိုးရက မတရားအသင်း အဖြစ်ကြေညာပြီး ဥပဒေပြဋ္ဌာန်းထားခြင်းလည်းမဟုတ်သောကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ကိုသော် လည်းကောင်း၊ မဘသဆိုသည့် အမည်နာမကိုလုံးဝမသုံးရန်နှင့် ဆိုင်းဘုတ်ဖြုတ်ချရန် ဆိုသည့်အမိန့်သြဝါဒ ကိုသော်လည်းကောင်း စီရင်ဆုံးဖြတ်ပိုင်ခွင့်၊ ဖျက်သိမ်းပိုင်ခွင့်မရှိကြောင်းနှင့် ထုတ်ပြန်ထားသည့် အမိန့်သည် ဥပဒေ၊ ဝိနိစ္ဆယလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိကြောင်း သုံးသပ်တင်ပြလျှောက်ထားအပ်ပါသည်။

(ဆက်လက်တင်ပြပါမည်)