သတင်း

မဟနဆရာတော်များ ဒီအတိုင်းကြည့်နေကြတော့မှာလားဘုရား

မဟနဆရာတော်များ ဒီအတိုင်းကြည့်နေကြတော့မှာလားဘုရား
(အနှိပ်စက်ခံ အစွပ်စွဲခံ ရခိုင်ဆရာတော်ကြီး၏ ဂုဏ်သိက္ခာပြဿနာအပေါ်ဖွင့်ဟချက်များ)

● ———————————————(အပိုင်း ၁)

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဘာသာခြား ငုံးဥပြုတ်သည် ဦးအောင် သန်းကိစ္စကြောင့် အများပြည်သူကြား နောက်ဆက်တွဲအသံတွေ ပွက်လော ရိုက်ခဲ့ရသလို အောက်တိုဘာ ၂၄ ရက်၊ မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်မှာ ကျင်း ပခဲ့တဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲ ဓာတ်ပုံမြင်ကွင်းကြောင့်လည်း ဗုဒ္ဓဘာ သာဝင် ရဟန်းရှင်လူပြည်သူတွေကြား တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပွက်လော ရိုက်ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

နိုဝင်ဘာ လကုန်ပိုင်းမှာတော့ ထောက်ကြန့်လမ်းဆုံ၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအနီး လမင်း သာ(၂)စားသောက်ဆိုင်မှာဖြစ်ပွားခဲ့တဲ့ ဆိုင်ပိုင်ရှင်အုပ်စုနဲ့ ရခိုင်ဆရာတော်ကြီး တစ်ပါးတို့ပြဿနာက အွန်လိုင်းလူမှုကွန် ရက်စာမျက်နှာကတစ်ဆင့် အများပြည်သူ ကြား ပျံ့နှံ့ပွင့်အန်လာခဲ့ပြန်ပါတယ်။

● သံဃာတစ်ပါးအပေါ် ထိုးနှက် စွပ်စွဲချက်များ
အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အွန်လိုင်းပေါ် မှာ ထောက်ကြန့်လမ်းဆုံ၊ လမင်းသာ(၂) ဘီ ယာဆိုင်ပိုင်ရှင်နဲ့ လူတချို့က ရဟန်းအို တစ်ပါးကို ဆဲဆို၊ ပါးရိုက်နေတဲ့ ရုပ်သံဖိုင် တစ်ခု တက်လာခဲ့ပါတယ်။
ဒီပြဿနာဖြစ်တာဟာ နိုဝင်ဘာ ၂၈ ရက်နေ့ကလို့ သိရပြီး ဘယ်ကမှန်း သေချာမသိတဲ့ ဒီရဟန်းအိုကြီးက စား သောက်ဆိုင်ထဲဝင်ပြီး အလှူခံလို့၊ အရက် ဝင်ဝယ်လို့၊ သံဃာအတုဖြစ်နေလို့ ဆိုင် ပိုင်ရှင်တွေက ရိုက်နှက်၊ ဆုံးမလွှတ်လိုက် ရတယ်ဆိုတဲ့ တစ်ဖက်က အကြောင်းပြ၊ ဝေဖန်သံတွေလည်း အမျိုးမျိုးကြားခဲ့ရပါ တယ်။

နိုဝင်ဘာ ၃ဝ ရက်The Nyang News အွန်လိုင်းသတင်းမှာ ‘အရက် လာဝယ်သည့် သံဃာကို မြို့နယ်သံဃ နာယကက အရေးယူ၊ ရိုက်နှက်သည့် ဆိုင်ပိုင်ရှင်ကို ပုဒ်မ(၃)ခုဖြင့်အမှုဖွင့်’ ဆိုတဲ့ သတင်းတစ်ရပ်တွေ့ရပြီး-
‘သူက အရက်လာဝယ်တာ။ မူး လည်း မူးနေတယ်။ ဆိုင်ရှင်က မသင့် တော်ဘူးဆိုပြီး ဆိုင်ကထွက်သွားဖို့ပြော တယ်။ ပြောတော့ ဘုန်းကြီးက သူကိုင် တဲ့တောင်ဝှေးနဲ့ရိုက်လိုက်တယ်။ တောင် ဝှေးကိုလည်း တို့သိမ်းထားပြီးပြီ။ အဲဒီ မှာ ဆိုင်ရှင် ဦးအောင်မိုးနဲ့ ဦးမြင့်ကျော်တို့ က လက်သီးနဲ့ဝိုင်းပြီး ထိုးကြိတ်ကြတယ်။ ဖြစ်စဉ်က အဲဒါပဲ’လို့ ထောက်ကြန့်နယ်မြေ ရဲစခန်း၊ တာဝန်မှူးက ပြောဆိုကြောင်း ဖော်ပြထားပါတယ်။

၂-၁၂-၂ဝ၁၇ စနေနေ့ထုတ်၊ စောင့် ကြည့်သတင်းဂျာနယ်၊ အတွဲ(၁၂)၊ အမှတ် (၃၄)မှာလည်း ‘ဘုန်းကြီးတစ်ပါး အရက် ဝင်ဝယ်ရာမှ ဆိုင်ရှင်နှင့်ခိုက်ရန် ဖြစ်ပွား၊ ဘုန်းကြီးကို ရိုက်နှက်ခဲ့သည်ဟုဆိုကာ ဆိုင် ရှင်အားအရေးယူထား’ဆိုတဲ့ သတင်းတစ် ပုဒ် ဖော်ပြထားပြီး-

‘အဲဒီမှာ မြို့နယ်သံဃနာယကတွေ နဲ့ခေါ်ပြီး စစ်တော့လည်း ဟုတ်တယ်။ အ ရက်သောက်ထားတယ်။ နောက်နောင် ဒီလို မလုပ်ဖို့ဆိုပြီးမှ ဝန်ခံကတိတွေ ဘာတွေနဲ့ လက်မှတ်ထိုးထားတယ်။ မြို့နယ်သံဃ နာယကရှေ့မှာပဲ ဝန်ခံတယ်’လို့ ထောက် ကြန့်ရဲစခန်းတာဝန်မှူးက ရှင်းပြခဲ့ကြောင်း ပါရှိပါတယ်။

ဒီပြဿနာနဲ့ပတ်သက်ပြီး သံဃာ တစ်ပါးကို ရိုက်နှက်မှုအတွက် ဆိုင်ရှင် ဦးအောင်မိုးနဲ့ ဦးမြင့်ကျော်တို့ကို ပုဒ်မ (၃)ခုနဲ့ အမှုဖွင့်အရေးယူထားကြောင်း၊ ရိုက်နှက်ရာမှာပါဝင်ခဲ့တဲ့ ဦးမြင့်ကျော် ဆို သူကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ကြောင်း သတင်းတွေထဲမှာ ဖော်ပြခဲ့ တာ တွေ့ရပါတယ်။

ဒီလိုဆိုတော့ လမင်းသာ(၂)ဆိုင်မှာ ဆိုင်ပိုင်ရှင် ဦးအောင်မိုးနဲ့အဖွဲ့ ဝိုင်းပြီး ထိုးကြိတ်လွှတ်လိုက်တဲ့ ရဟန်းအိုကြီးဟာ အမှန်တကယ်ပဲ ဘီယာဆိုင်ထဲကို အရက် ဝင်ဝယ်ခဲ့တာလား၊ ဒီရဟန်းအိုကြီးက တောထွက်ကြီးလား၊ ဘယ်ကနေလာပြီး ဘယ်ကျောင်းမှာနေသလဲ …စသဖြင့် စဉ်းစားစရာတွေ အများကြီးဖြစ်လာပါ တယ်။

● အရိုက်နှက်ခံပုဂ္ဂိုလ်ကြီးဟာ စာသင်၊ စာချ
တရားဟော တရားပြ ရခိုင်ဆရာတော်ကြီးပါ
တကယ်တမ်းတော့ ဆရာတော်ကြီး ဟာ ဝေဖန်သူတွေစွပ်စွဲနေသလို တော ထွက်ကိုယ်တော်တစ်ပါးမဟုတ်ဘဲ ပရိ ယတ္တိစာပေကျမ်းဂန်တွေကို သင်ယူတတ် မြောက်ထားတဲ့ ငယ်ဖြူ ရခိုင်ဆရာတော် ကြီးတစ်ပါးပဲဖြစ်ပါတယ်။

ဆရာတော်ရဲ့ဘွဲ့က ဦးဣန္ဒကဖြစ် ပြီး လက်ရှိ လှည်းကူးမြို့နယ်၊ ဘုရားသုံး ဆူကျေးရွာ၊ ရမ္မာဝတီကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်နေတာပါ။ ဆရာတော် ကြီးဟာ ဘုရားသုံးဆူကိုပြောင်းလာတာ တစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ်လို့ သိရပြီး သူ့ရဲ့ဇာတိကတော့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သင်္ဘောဆိပ်အုပ်စု၊ ကျက်သရေရွာကပါ။

အွန်လိုင်းနဲ့သတင်းတွေမှာ ဆရာ တော်ကြီးရဲ့ အသက် ၆၇ နှစ်၊ ဝါတော် ၄၇ ဝါလို့ဖော်ပြတာ တွေ့ရပေမယ့် ကမ္မ ဋ္ဌာနာစရိယ၊ ဘွဲ့တံဆိပ်တော် လျှောက် လွှာပုံစံမှာ ဖော်ပြထားတဲ့ ဘဒ္ဒန္တ အရှင် ဣန္ဒကရဲ့ ထေရုပ္ပတ္တိအကျဉ်းမှာတော့ ၁၃၁ဝ ခုနှစ်၊ ကဆုန်လဆုတ် ၁ဝ ရက်၊ တနင်္ဂနွေနေ့ မွေးဖွားတယ်လို့ ဖော်ပြထား တာကြောင့် သက်တော် ၆၉ နှစ်ရှိနေပါ ပြီ။

၁၃၂၅ ခုနှစ်၊ တပေါင်းလဆန်း ၁၅ ရက်(လပြည့်)နေ့မှာ ကျက်သရေရွာ၊ သိမ် တောင်ကျောင်းဆရာတော် ဦးသီလဝံသ ကို ဥပဇ္ဈာယ်ပြုပြီး ရှင်သာမဏေအဖြစ် ကိုရောက်ရှိခဲ့တဲ့ အရှင်ဣန္ဒကဟာ ၁၃၃၁ ခု၊ တပို့တွဲလဆန်း ၁၅ ရက်နေ့မှာ ပုသိမ် မြို့၊ ပစ္ဆိမာရုံပရိယတ္တိ စာသင်တိုက်ဆရာ တော် ဦးဇာဂရိယ(အဂ္ဂမဟာပဏ္ဍိတ)ကို ဥပဇ္ဈာယ်ပြုပြီး ပစ္ဆိမာရုံစာသင်တိုက်၊ ခဏ္ဍ သိမ်တော်မှာ မြင့်မြင့်တဲ့ရဟန်းအဖြစ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဆရာတော်ရဲ့ စာပေသင်ယူခြင်း အ ပိုင်းကိုကြည့်လိုက်ရင် မြောင်းမြမြို့၊ ပဇ္ဇော တာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တÓာနိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရ၊ ဓမ္မာ စရိယ ပါဠိပါရဂူ ဘဒ္ဒန္တကာရုဏိက စတဲ့ ကျမ်းတတ်ပေတတ် ဆရာတော်ကြီးများ ထံမှာ အဆင့်ဆင့်သင်ယူခဲ့ပြီး အစိုးရ ငယ်၊ လတ်၊ ကြီးတန်းများကို ဖြေဆိုအောင်မြင် ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပုသိမ် မြို့၊ ဝိနယာဓိက ငယ်၊ လတ်၊ ကြီး၊ မြောင်း မြမြို့ ပဇ္ဇော တာရုံကျောင်းတိုက်၊ ငယ်၊ လတ်၊ ကြီး ဓမ္မာစရိယ၊ ညောင်တုန်းမြို့၊ ရွှေဟင်္သာ တောရ(ပါ)ကျောင်းတိုက် အဋ္ဌ သာလိနီ ကျမ်း၊ ကျောက်ဖြူမြို့၊ ဓမ္မရက္ခိ တစာမေးပွဲမှာ ပါရာဇိကဏ်ကျမ်းတို့ကို လည်း ဖြေဆိုအောင်မြင်တော်မူခဲ့ပါတယ်။

မိမိကိုယ်တိုင် ပရိယတ္တိစာမေးပွဲတွေ ကို ဖြေဆိုအောင်မြင်ခဲ့တဲ့ ရခိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒကဟာ စာချဆရာတော်တစ် ပါးအဖြစ်နဲ့လည်း ပရိယတ္တိစာပေပို့ချခြင်း လုပ်ငန်းများကိုလည်း နှစ်ပေါင်းများစွာ သာသနာ့ဝန်ထမ်းခဲ့ပြီး ရမ်းဗြဲမြို့၊ ကျက် သရေရွာ၊ သိမ်တောင်ကျောင်းထိုင်ဆရာ တော်အဖြစ်နဲ့ နှစ်ပေါင်း ၃ဝ ကျော် သီ တင်းသုံးနေထိုင်ခဲ့ပါတယ်။

‘ဗုဒ္ဓဘာသာဝင် သိစေချင်’အစရှိ တဲ့စာအုပ်အပါအဝင် ကျမ်းစာအုပ်အချို့ ကိုလည်း ရေးသားတော်မူခဲ့တဲ့ ဆရာ တော်အရှင်ဣန္ဒကဟာ သူကိုယ်တိုင် ပဋိပတ္တိ တရားအားထုတ်ခြင်းအလုပ်ကို လုပ်ကိုင်ခဲ့သလို ဝိပဿနာတရားစခန်း ပေါင်းများစွာမှာ တရားဟော၊ တရားပြ အဖြစ်နဲ့ နှစ်ပေါင်းများစွာ သာသနာပြုခဲ့ တဲ့အတွက်လည်း ရမ်းဗြဲမြို့နယ်၊ အုပ် ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့ နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌစတဲ့ ဆိုင် ရာဆိုင်ရာအဖွဲ့အစည်းနဲ့ ဆရာတော်များ ထံက ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ရရှိရေး ထောက်ခံချက်တွေ ရရှိခဲ့တာ ပဲဖြစ်ပါတယ်။

လမင်းသာဘီယာဆိုင်ထဲမှာ လူ တစ်စုရဲ့
ထိုးကြိမ်ဆဲဆိုခြင်းကို ခံခဲ့ရတဲ့ ငယ်ဖြူဆရာတော်ကြီးရဲ့ ဘဝဖြစ်စဉ်ကို ခုလောက်ထိ ရှည်ရှည်ဝေးဝေးရှင်းပြနေ ရတာကတော့ ဆရာတော်ကြီးဟာ သူ တို့တွေ စွပ်စွဲနေသလို တောထွက်၊ အ ရက်သမားကြီးမဟုတ်ဘဲ တကယ့်ငယ် ဖြူစစ်စစ်၊ ကျမ်းတတ်ပေတတ် သံဃာ တစ်ပါးဖြစ်တယ်ဆိုတာ သိစေဖို့ပါပဲ။

● ဆရာတော်ကြီး ဘာဖြစ်လို့ ဘီယာဆိုင်ထဲဝင်ခဲ့လဲ
ရဟန်းတစ်ပါးက အရက်ဝင်ဝယ် လို့ အထိုးခံရတယ်ဆိုတဲ့သတင်းဟာ ဗုဒ္ဓဘာ သာဝင်အားလုံးရဲ့ ပုံရိပ်နဲ့လည်း ဆက်စပ် နေတာကြောင့် ဒီစွပ်စွဲချက်တွေ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ ဆန်းစစ်သုံးသပ်နိုင်ဖို့အ တွက် ရခိုင်ဆရာတော်ကြီး လက်ရှိသီတင်း သုံးရာ လှည်းကူးဘုရားသုံးဆူရွာ၊ ဒေသခံ တွေနဲ့ ဆရာတော်အချို့ကိုလည်း တွေ့ဆုံ မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

သူကိုယ်တိုင်ဟာ ဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒကရဲ့ တပည့်တစ်ပိုင်းဖြစ်ခဲ့ဖူး တယ်လို့ ဆိုထားတဲ့ လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာ၊ ဓမ္မရိပ်သွင် ဓမ္မရိပ် သာ၊ ပဓာနနာယကဆရာတော် အရှင် ဝိသာရဒ(ရမ္မာဝတီ)က ‘ဦးဇင်းတို့က ဒီ ဆရာတော်ရဲ့ တပည့်ဆိုလည်း ဖြစ်ပါ တယ်။ ငယ်ငယ်ကတည်းက ဒီဆရာ တော်နဲ့ ဦးဇင်းတို့ တော်တော့်ကို နီးနီး နားနားနေခဲ့ရပါတယ်။ နေခဲ့ရတဲ့အခါ ကျတော့ ဒီဆရာတော်ရဲ့အကျင့်စရဏ ဘယ်လိုရှိလဲဆိုတာ ဦးဇင်းတို့က သိ တယ်။

ဦးဇင်းတို့သိရသလောက် တစ်ဆင့် ကြားနဲ့ပေါ့၊ ဆရာတော်က အဲဒီနေ့(နိုဝင် ဘာ ၂၈ ရက်)၊ နေ့လယ်ပိုင်းက ဘဏ် မှာ(ုဇြ)မှာ ငွေသွားသွင်းတယ်။ ဘဏ်ကနေ ပြန်ထွက်လာတဲ့အချိန်မှာ အဲဒီဆိုင်ထဲကို ရေနွေးတောင်းသောက် တာ။ ရေနွေးတောင်းသောက်တဲ့အခါ ကျတော့ ရခိုင်အလိုက ရေနွေးကို ရီနွေး လို့ထွက်တာ၊ အဲဒီလိုထွက်တော့ ရီနဲ့ ဝီနဲ့ မှားသွားသလားတော့ မပြောတတ်ဘူး။ အဲဒါနဲ့ ဝိုင်းပြီးတော့ အရိုက်ခံလိုက်ရ တယ်ပေါ့လေ။

အမှန်က ဒီဆရာတော်ကြီးဟာ ရ ခိုင်မှာ နှစ်ပေါင်း ၃ဝ လောက်ကျောင်း ထိုင်ခဲ့တယ်။ ဆရာတော်ဟာ သူကျောင်း ထိုင်တဲ့ ရွာကနေ မြို့ပေါ်က တောင် ကျောင်းပရိယတ္တိစာသင်တိုက်ကို အမြဲ တမ်း စာဝါသွားပြီးပို့ချတာ။ နောက်ပိုင်း မှာ ဆရာတော်က ဒီမဟာစည်ရိပ်သာမှာ တရားတွေ၊ ဘာတွေ အားထုတ်တယ်။ ရခိုင်မှာ တရားစခန်းတွေလည်း ဖွင့်ခဲ့ပါ တယ်’လို့ မိန့်ကြားပါတယ်။

သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ရွာ၊ ဥတ္တ ရာရာမမြောက်ကျောင်း၊ ဆရာတော် အရှင်သုဝဏ္ဏကလည်း ရခိုင်ဆရာတော် ကြီးကို အရက်သောက်တယ်လို့ စွပ်စွဲနေ တာဟာ ဘယ်လိုမှ မဖြစ်တန်ရာကြောင်း မိန့်ကြားထားပြီး အွန်လိုင်းပေါ်မှာ ဗီဒီယို ဖိုင်တက်လာတုန်းကဆိုရင် ဆိုင်ရှင်တွေ ရဲ့ ရိုက်ပုတ်ခြင်းကိုခံနေရတာက ဘဒ္ဒန္တ အရှင်ဣန္ဒက လုံးဝမဖြစ်နိုင်ဘူးလို့တောင် မှတ်ထင်ခဲ့ရကြောင်း မိန့်ပါတယ်။

ရမ္မာဝတီဆရာတော်ကြီးက သူတစ် ပါးတည်းနေတဲ့ ရမ္မာဝတီကျောင်းမှာ လုံ ခြုံမှုသိပ်မရှိတဲ့အတွက် ဘုရားသုံးဆူရွာ ကနေ ထောက်ကြန့် ကမ္ဘောဇဘဏ်ကို ငွေနှစ်သိန်း သွားအပ်တယ်။ ဘဏ်က နေထွက်လာပြီး ဘဏ်နဲ့ကပ်လျက်မှာရှိ တဲ့ လမင်းသာ(၂)စားသောက် ဆိုင်ထဲကို ဘီယာဆိုင်ရယ်၊ ဘာဆိုင် ရယ်မသိဘဲ ဝင်ပြီး ဆေးသောက်ဖို့ ရေတောင်းတယ်။

ဆရာတော်က အနေအထိုင်ရိုးပြီး ဝတ် ထားတဲ့သင်္ကန်းကလည်း အရောင်အဆင်း မရှိတော့ တောထွက်ကြီးလို့ ဆိုင်ပိုင်ရှင် တွေက ထင်တယ်။ ဒီလိုအချိန်မှာ သွေး ဆူနေတဲ့လူတစ်စုကို နားလည်ဖို့ ရှင်းပြ တဲ့အခါကျတော့လည်း ဆရာတော်ကြီး မှာ မြန်မာစကားက အဲဒီလောက်ထိ ပီပီ ပြင်ပြင်မပြောနိုင်တော့ ရဟန်းအတု၊ တောထွက်၊ အရက်သမား စတဲ့ စွပ်စွဲ ချက်တွေနဲ့ ဝိုင်းဝန်း ဆဲဆိုထိုးကြိတ်ခြင်း ကို ခံရတော့ တာပါပဲ …စတဲ့ ရှင်းလင်း ပြောပြချက်တွေလည်း ကြားခဲ့ရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
မိုးအောင်လင်းနိုင်
#မြန်မာ့ဥဒါန်းဂျာနယ် အမှတ်(၁၀)