သတင်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမင်းသာ(၂) စားသောက်ဆိုင်အတွင်း ရိုက်ပုတ်နှိပ်စက်ခံရသော ဆရာတော်ဦးဣန္ဒကနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်

ရက်စွဲ၊ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်

၁။ ၂၀၁၇ခု၊ နိုဝင်ဘာလ (၂၈)ရက်နေ့ နေ့လည် ၂း၀၀ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာ ရမ္မာဝတီကျောင်းတိုက်နေ ဆရာတော် ဦးဣန္ဒက သက်တော်(၆၉)နှစ်အား မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမင်းသာ(၂)စားသောက်ဆိုင်၌ ဆိုင်ပိုင်ရှင် ဦးအောင်မိုးနှင့် ဆိုင်တွင်ရောက်ရှိနေသူ ဦးမြင့်ကျော်တို့က ရဟန်းအတုဟု စွပ်စွဲခြင်း၊ ပြင်းထန်စွာရိုက်နှက်ခြင်း၊ ညစ်နွမ်းစွာ ဆဲဆိုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်ဟု သိရှိရပါသည်။ ထိုဖြစ်စဉ်၏ အကြောင်းမှန်ကို သိစေနိုင်ရန်အတွက် မိမိတို့အနေဖြင့် လေ့လာကြည့်ရှုနေခဲ့ကြပါသည်။

၂။ ထိုဖြစ်စဉ်၌ ဆရာတော်ဦးဣန္ဒကမှာ မတရားစွပ်စွဲခံရခြင်း၊ မတရားနှိပ်စက်ညဉ်းပမ်းခံရခြင်းတို့ကိုသာ သုံးသပ်ရှုမြင်ခဲ့ကြရပါသည်။

၃။ ဆရာတော်ဦးဣန္ဒကမှာ ရဟန်းအစစ်အမှန်ဖြစ်ခြင်း၊ စာပေကျွမ်းကျင်လိမ္မာခြင်း၊ စာပေရေးသားခြင်း၊ ဝိပဿနာတရားများပြသဟောကြားခြင်း၊ ကိုယ်တိုင်ခြိုးခြံစွာကျင့်ကြံခြင်းစသော ကြည်ညိုဖွယ်ရာဂုဏ်တို့နှင့် ပြည့်စုံသော ဆရာတော်တစ်ပါးဖြစ်ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။

ဆရာတော်ဦးဣန္ဒကနှင့် အတူသီတင်းသုံးနေထိုင်ခဲ့ဖူးသော စစ်တွေမြို့နေ ဆရာတော်အချို့မှလည်း ဆရာတော်ဦးဣန္ဒကသည် ကြည်ညိုဖွယ်ကောင်းသော ရဟန်းတစ်ပါးဖြစ်ကြောင်းနှင့် ယခုဖြစ်ရပ်အပေါ် အလွန်စိတ်ထိခိုက်ခဲ့ရကြောင်း မိန့်ကြားချက်များကိုလည်း ကြားသိရပါသည်။

၎။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေခြင်း၊ တရားဥပဒေကို မျက်ကွယ်ပြု၍ လက်လွတ်စပါယ်ပြုလုပ်နေကြခြင်း၊ အမှန်တရားကို အမှားဖြစ်အောင် ပြုလွယ်ကြခြင်းတို့ကို တွေ့ရှိရ၍ အနာဂါတ်သာသနာတော်အတွက် လွန်စွာပင် စိုးရိမ်ပူပင်စရာအဖြစ်ကို တွေ့မြင်ရပါသည်။

၅။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာမှ ပြစ်မှုကျူးလွန်သူတို့အား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်ပေးရေးနှင့် ထိုသို့ ဗုဒ္ဓသားတော်ရဟန်းတော်တစ်ပါးအား လူမိုက်ဆန်စွာ ဥပဒေမဲ့ပြုလုပ်ခြင်းတို့ကို မိမိတို့အနေဖြင့် ပြင်းထန်စွာ ရှုံ့ချကြောင်း သဘောထားထုတ်ပြန်လိုက်ပါသည်။

ဥက္ကဋ္ဌ
စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များ
စစ်တွေမြို့
ရခိုင်ပြည်နယ်