သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက၊ အမျိုးသားရေးဝါဒီဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ ပေးပို့သော သဝဏ်လွှာ

(25.6.2017 ရက်နေ့မှာကျင်းပတဲ့ အဂတိသာဝန်ကန့်ကွက်ရှုတ်ချပွဲ(ရန်ကုန်)သို့ ပေးပို့သော သဝဏ်လွှာဖြစ်ပါသည်။
၎င်းနေ့၌ ရန်ကုန် မန္တလေးတို့၌ အဂတိသာဝန်ရှုတ်ချပွဲကို တစ်ပြိုင်နက်ကျင်းပခဲ့ကြပါသည်။
ရန်ကုန်သို့ပေးပို့သောသဝဏ်လွှာကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ အရှင်တေဇဝန္တက ဖတ်ကြားပါသည်။)

အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော မျိုးချစ်ဇာနည်အပေါင်းတို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုသည် နေရာဌာနနှင့်လုံးဝမလိုက်ဖက်သော ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။
သာသနာရေးဝန်ကြီးဖြစ်ပါလျက် သာသနာတော်ကို မချီးမြှောက်ခြင်း၊ သာသနာ့ဝန်ထမ်းရဟန်းသံဃာတော်များ ကို နှိပ်ကွပ်ခြင်း၊ သာသနာတော်ကို ကာကွယ်စောင့်ရှောက်နေသော ထေရ်ကြီးဝါကြီးဆရာတော်များကို ပြစ်မှားခြင်း၊ သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါးကို လူသိရှင်ကြား စော်ကားသူဘက်မှ ပြောင်ပြောင်တင်းတင်း ရပ်တည်ခြင်း၊ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ဝတ္တရား လစ်ဟင်းသည့်အပြင် ၄င်းကိုယ်တိုင်ပင် ဌာနတံဆိပ်ဖြင့် စာတစ်တန်ပေတစ်တန်ရေးသားစော်ကားခြင်းများ ကျူးလွန်ခဲ့ပါသည်။

ယဉ်ကျေးမှုဝန်ကြီးတာဝန်ကိုပါ ပူးတွဲထမ်းဆောင်နေသူဖြစ်ပါလျက် ကိုယ်နှုတ်အမှုအရာကို မစောင့်ထိမ်းပဲ အရပ်စကားပါးစပ်စကားများကို အဟုတ်ထင်ကာ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နေသော မဘသအဖွဲ့အစည်းကြီးအား အောင်သောင်းက သန်းရှစ်ထောင်ဘဏ်အပ်ပေး၍ စေခိုင်းခဲ့သည်ဟု စွပ်စွဲခြင်း၊ ဗုဒ္ဓသာသနာတော်ကို ဓမ္မဝိနယနှင့်အညီ ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်နေသော သိက္ခာသမာဓိတရားနှင့် ပြည့်စုံသည့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၏ မျက်နှာကိုမှမထောက်ထားဘဲ မဘသအဖွဲ့ကြီးကို အစွန်းရောက်ဘာသာရေးအဖွဲ့အစည်းဟု လူသိရှင်ကြား စွပ်စွဲပြောကြားခြင်းများကို ကျူးလွန်ခဲ့ပါသည်။
မိမိတာဝန်ကျရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနယ်ပယ်ကို ကျော်လွန်၍ တရားစီရင်ရေးနှင့် ဘဏ္ဍာရေးဌာနတို့၏ လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်ခြင်းများလည်း ကျူးလွန်ခဲ့ပါသည်။
ဤသို့သော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို အကြောင်းပြု၍ အစိုးရတစ်ဖွဲ့လုံး အထိအခိုက် မခံစေလိုပါ။

အသက်အန္တရာယ်ကို ခြိမ်းခြောက်လာပါက ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကိုပင် ဖြတ်တောက်ကြရပါသည်။
သို့ဖြစ်ပါ၍ ရဟန်းရှင်လူပြည်သူများ လုံးဝမလိုလားသော သူရဦးအောင်ကိုလို ပုဂ္ဂိုလ်များအား ၄င်းတို့နှင့် လုံးဝ မထိုက်တန်သော နေရာဌာနမျိုးမှာမထားဘဲ ပြည်သူလူထုကို အမှန်တကယ် အလုပ်အကျွေးပြုမည့် ဝန်ထမ်းကောင်းများနှင့် ပြောင်းလဲအစားထိုးပေးပါရန် တောင်းဆိုပွဲကြီးအား အပြတ်အသတ် ထောက်ခံအားပေး လျက်ရှိပါသည်။
ပြည်ထောင်စုအစိုးရအနေဖြင့် ဝန်ကြီးဦးအောင်ကိုအရေးကို ပျားရည်တစ်စက်ကြောင့် ပြည်အပျက်မခံဘဲ အဂတိတရားကင်းရှင်းစွာ အဆုံးအဖြတ်ပေးနိုင်ဖို့လိုပါသည်။
ထိုသို့ အဆုံးအဖြတ်ပေးရာတွင် ထေရဝါဒပိဋကတ်တော်လာ မြတ်ဗုဒ္ဓ၏ အဆုံးအမတရားများကို လေးစားလိုက်နာနိုင်စေရန် မဃဒေဝလင်္ကာများဖြင့် အလေးအနက်သတိပေးအပ်ပါသည်။

ယုတ်မာကြီးမား၊ ဂတိအားဖြင့်၊ တိမ်းပါးချွတ်ယွင်း၊ မကျင့်လျင်းနှင့်၊ ငါ့မြင်းငါစီး၊ ငါ့ထီးငါဆောင်း၊ ငါ့ကျောင်းငါထိုင်၊ ဘယ်သူဆိုင်ဟု၊ ကိုယ်ပိုင်လိုဆိုး၊ မာနမိုး၍၊ ကြောင်းကျိုးမသိ၊ ပြုမိပြုရာ၊ မအပ်စွာတည်း။ (မဃဒေဝ။ ၂၃၄။)
ဆန္ဒာဒေါသ၊ ဘယမောဟာ၊ လွန်ဆိုးစွာသား၊ လေးဖြာဂတိ၊ လိုက်မှားငြိက၊ သီရိနွမ်းညှိုး၊ ဘုန်းမတိုးဘူး။ တန်ခိုးသိမ်ဖျင်း၊ သတင်းညံ့ယုတ်၊ လဆုတ်သဘော၊ ရွေ့ရွေ့လျော၍၊ နစ်မျောဘဝ၊ ပါယ်တွင်းကျရှင့်။ (မဃဒေဝ။ ၂၃၆)
ပြည်ထောင်စုအစိုးရသည် လဆုတ်ရက်မှာ ထွက်သောလလို တန်ခိုးသိမ်းဖျင်း၊ ဂုဏ်သတင်း ယုတ်ညံ့၍၊ ကျက်သရေနွမ်းညှိုး၊ ဘုန်းမတိုးကြောင်းဖြစ်သော
ငါ့မြင်းငါစီး၊ ငါ့ထီးငါဆောင်း၊ ငါ့ကျောင်းငါထိုင် သဘောမျိုးသက်ရောက်စေမည့် အဂတိတရားလိုက်စားခြင်းမှ လုံးဝကင်းရှင်းပါစေကြောင်း ထပ်လောင်းဆန္ဒပြလိုက်ပါသည်။
ငါ့မြင်းငါစီး၊ ငါ့ထီးငါဆောင်း၊
ငါ့ကျောင်းငါထိုင် ဟူသော ငါတကောအစိုးရမဖြစ်ပါစေနှင့်။
ငါ့မြင်းငါစီး၊ ငါ့ထီးငါဆောင်း၊
ငါ့ကျောင်းငါထိုင် ဟူသော ငါတကောအစိုးရမဖြစ်ပါစေနှင့်။
ငါ့မြင်းငါစီး၊ ငါ့ထီးငါဆောင်း၊
ငါ့ကျောင်းငါထိုင် ဟူသော ငါတကောအစိုးရမဖြစ်ပါစေနှင့်။

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
အရှင်ဝီရသူ(မစိုးရိမ်)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့။