သတင်းအင်တာဗျူး

ရှိခိုးထိုက်တဲ့စေတီတော်ကို ရှိခိုးနေတာ ပြဿနာမဟုတ်ပေမယ့် တောင်ပို့ကြီးကို ရှိခိုးနေတာကို မြင်ပါလျက် ဒါဟာ တောင်ပို့ကြီးပါလို့ မပြောဘူဆိုရင် ကိုယ်က သမိုင်းကို သစ္စာဖောက်သလို ဖြစ်သွားမှာပေါ့ (အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)
မေး- ရွှေည၀ါဆရာတော်နဲ့ပတ်သက်ပြီး အမျိုးသားရေးနဲ့ နိုင်ငံရေးစိတ်ထားဆိုပြီးရေးထားတာ တွေ့ရပါတယ်။ အရှင်ဘုရားဘက်က သံဃာတော်ချင်းအပြစ်တင်တာမျိုးရေးလေ့မရှိပေမယ့် ရွှေည၀ါဆရာတော်နဲ့အကြောင်းကို ဘာကြောင့်ရေးဖြစ်တယ်ဆိုတာလေး သိချင်ပါတယ်ဘုရား။

ဖြေ – ဘုရားသားတော်အချင်းချင်း ရိုင်းပင်ကူညီရမှာကြီးကို အဲဒီလိုမဟုတ်ဘဲနဲ့ နိုင်ငံရေးအယူအဆမတူတာတစ်ခုတည်းနဲ့ပဲ
ရန်သူလိုသဘောထားပြီး ပါမောက္ခဖမ်းသင့်တာကြာပြီတို့၊ နောက်ထပ်ဖမ်းရမယ့်သူတွေ ရှိသေးတယ်တို့၊ ဘယ်သူဆိုတာ မြေပြင်မှာ ဆင်သွားသလိုထင်ရှားတယ်ဆိုတာတွေပြောနေတာကို သဘောမကျတာပေါ့။

ဦးဇင်းနဲ့ပတ်သက်လို့ပြောတာဆိုတာကတော့ ပုဂ္ဂိလ်ရေးအရ သည်းခံပါတယ်။ ဒါပေမယ့် ဘုရားသားတော်တွေဆိုတာ
အမြဲတမ်းသမဂ္ဂစိတ်ရှိရမယ်လေ။ ဥပမာ ဆိုကြပါစို့၊ မိတ္ထီလာမှာဆိုရင် ဦးသောဘိတကိုအကြောင်းပြုပြီးတော့ တုံ့ပြန်မှုအကြီးအမားကြီးဖြစ်ခဲ့တယ်ပေါ့။ နောက် စစ်အစိုးရတက်ခါစက မန္တလေး ဆွမ်းလောင်းပွဲမှာ ကိုရင်တစ်ပါးနဲ့ပတ်သက်ပြီး ကြီးကြီးမားမားကြီးကို အရေးအခင်းဖြစ်ခဲ့တယ်ပေါ့။ အဲဒီလိုပဲ မန္တလေးသံဃာထုဆိုတာ ဘယ်သံဃာကိုပဲ ထိထိ မခံနိုင်ဘူးပေါ့။ ခု ထောက်ကြံ့ကိစ္စမှာလည်း ဆရာတော်ကြီးနဲ့ပတ်သက်ပြီး သံဃာတော်တွေ မခံမရပ်နိုင်ဖြစ်ပြီး ဆရာတော်ကြီးကို ၀င်ပြီး ကူညီနေကြတာတွေလည်း ရှိတယ်လေ။

အဲဒီတော့ အဖမ်းခံရတဲ့ ဘုရားသားတော်အပေါ်မှာ ကရုဏာစိတ်မထားနိုင်တောင်မှ ဒီလိုငလန လွှင့်နေတဲ့အချိန်မှာ
ဒီလိုမေတ္တာမဲ့စကားတွေပြောပြီးတော့ မစော်ကားသင့်ဘူးပေါ့။ အဲဒါကြောင့်မို့ ရွှေည၀ါဆိုတာဘယ်လိုလူစားမျိုးဆိုတာပေါ်လွင်အောင် သမိုင်းကြောင်းနဲ့ချီပြီးတော့ ရေးသားလိုက်တာပေါ့နော့။

မေး – ရခိုင်ပြသနာဟာ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာရဲ့ပြသနာမဟုတ်ဘူးလို့ ဘာတေးလင့်တနာပြောတာတွေကို ခု မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြတာတွေ့ရပါတယ်ဘုရား။ အဲဒါကို ပြသနာတွေ ဒီလောက်မကြီးခင်ကတည်းက
အရှင်ဘုရားရဲ့တရားတော်တွေမှာရော၊ စာတွေထဲမှာရော ရခိုင်ပြသနာဟာ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာတွေရဲ့ပြသနာမဟုတ်ဘူးလို့ ပြောထားပြီးသားပေါ့ဘုရား၊ အဲဒါကို ခုမှ ဘာလို့ အထူးအဆန်းဖြစ်နေတယ်လို့ထင်ပါသလဲဘုရား။

ဖြေ – ပြောရမယ်ဆိုရင်တော့ သူတို့မလိုလားတဲ့သူတွေရဲ့စကားဆိုရင် ဘယ်လောက်မှန်မှန် လက်မခံနိုင်ဘူး။ လုံးဝအသိအမှတ်မပြုနိုင်ဘူး။ သူတို့လိုလားတဲ့သူဆိုရင် သူငယ်နှပ်စားလေးပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးသိအောင် ပုံကြီးချဲ့မယ်ပေါ့။ အဲဒါက နိုင်ငံရေး အဂတိလိုက်တယ်လို့ခေါ်တာပေါ့နော်။ အဲဒါလည်း အမျိုးသားရေးနဲ့နိုင်ငံရေး သဘောထားချင်းကွာသွားတာပေါ့နော့။ အမျိုးသားရေးသမားကျတော့ တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီးတော့ ရန်သူရဲ့ကောင်းကွက်ကိုလည်း ထောက်ခံတဲ့အလေ့ရှိ။ မုန်းသူရဲ့ အားသာချက်ကိုလည်း ချီးကျူးလေ့ရှိတာကိုး။ သူတို့ကျတော့ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့သဘောထားမျိုးနဲ့ တကယ် အားကိုးအားထားပြုလောက်တဲ့ အထောက်အထားခိုင်လုံစွာနဲ့ နှစ်ပရိစ္ဆေဒများစွာလေ့လာထားသူရဲ့စကားကို
ဘေးဖယ်လိုက်တာပေါ့လေ။ ရွာနားမြက် ရွာနွားမစားဆိုတဲ့ပုံစံမျိုးချိုးတာပေါ့။ အဲဒီသဘောပါပဲ။

မေး- အမျိုးသားရေးနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်းက ရခိုင်ပြည်နယ်အရေးဟာ အမျိုးသားရေးစိတ်ဓာတ်တစ်ခုတည်းနဲ့ဖြေရှင်းလို့မရနိုင်ဘူးလို့ ပြောပါတယ်။

ဦးကိုကိုလှိုင်ကတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အမျိုးသားရေးဝါဒနဲ့ပဲ ရခိုင်ပြည်ကို ကာကွယ်သွားရမယ်လို့ စက်တင်ဘာလ နေပြည်တော်မှာလုပ်တဲ့ ရခိုင်ပြည်နယ်အရေးနဲ့ လုံခြုံရေးအမြင် ဆွေးနွေးပွဲတစ်ခုမှာ ပြောထားဖူးတာရှိတယ်။ ဦးဖြိုးမင်းသိန်းပြောတာနဲ့ ဦးကိုကိုလှိုင်ပြောတဲ့အယူအဆနှစ်ခုက အတော်လေးကွာဝေးနေတယ်။ အရှင်ဘုရားကရော ရခိုင်ပြည်နယ်အရေးကိုဘယ်လိုသုံးသပ်ပါသလဲဘုရား။ ၀န်ကြီးချုပ်ပြောတဲ့အပေါ်မှာရော ဘယ်လိုသုံးသပ်ပါသလဲဘုရား။

ဖြေ- မှန်ပါတယ်။ ဦးကိုကိုလှိုင်ပြောတာက၊ ရခိုင်အရေးက အချုပ်အခြာအာဏာနဲ့ဆိုင်တဲ့အရေးဖြစ်နေတာပေါ့။ အဲဒါကို အမျိုးသားရေးစိတ်မရှိဘဲနဲ့ ဘယ်လိုမှ မကာကွယ်နိုင်ဘူး။ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ပြောတဲ့စကားကလည်း တစ်စိတ်တစ်ဒေသအနေနဲ့မှန်ပါတယ်။ အမျိုးသားရေးခြေခံရမှာ မှန်ပေမယ့် အမျိုးသားရေးတစ်ခုတည်းနဲ့တော့ ဖြေရှင်းလို့မရဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က နိုင်ငံတကာပြဿနာမျိုး ပုံစံသွင်းထားတာကိုး။ အဲတော့ နိုင်ငံတကာအမြင်နဲ့ ချင့်ချိန်ပြီးတော့ သွားရမှာပေါ့။ ဦးကိုကိုလှိုင်ပြောတဲ့အတိုင်း အမျိုးသားရေးဝါဒကို အခြေခံပြီးတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောသလို တခြားသောနည်းလမ်းတွေ ရှာကြံရမှာပေါ့။

မေး -အောင်ဆန်းတောရတပ်ဦးကျောင်းမှာလုပ်တဲ့ ဒီဇင်ဘာ ၁၄-၁၅ က်နေ့တွေမှာလုပ်ခဲ့တဲ့ ပရိယတ္တိဝန်ဆောင်စာချဆရာတော်များတွေ့ဆုံပွဲမှာ ပြည်နယ်နဲ့တိုင်းအသီးသီးကသံဃာတော်တွေက သံဃာတော်တွေရှားပါးတာနဲ့ ပရိယတ္တိပညာရေးစနစ်ကိုခေတ်နဲ့အညီပြင်ဆင်သွားဖို့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန်ဆွေးနွေးကြတယ်။ အဲဒီအပေါ်မှာရော အရှင်ဘုရားအနေနဲ့ ဘာများဆွေးနွေးချင်ပါသလဲဘုရား။

ဖြေ – ပရိယတ္တိပညာရေးကို ခေတ်စနစ်နဲ့အညီပြုပြင်ဖို့ တောင်းဆိုနေကြတာတွေကတော့ ကြာပါပြီ။ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့တဲ့ ကျောင်းတိုက်တွေလည်းရှိပါတယ်။ သူတို့စမ်းသပ်တာတွေ တော်တော်အောင်မြင်တာ တွေ့ရပါတယ်။ အဲဒီကျောင်းတိုက်တွေကို ကြည့်လိုက်ရင်တော့ လက်မခံနိုင်စရာအကြောင်း မရှိပါဘူး။ ဒါပေမယ့် တစ်ခါကတင်ပြထားသလိုမျိုးအငယ်တန်းမှာ ဘယ်အင်္ဂလိပ်စာ သချာင်္ထည့်ရမယ်၊ အလတ်တန်းမှာဆိုရင် အင်္ဂလိပ်စာ သချာင်္ဘယ်အဆင့်ထည့်ရမယ်၊ စာချတန်းဆိုရင် ဘယ်လိုမျိုးဆိုတာကြီးကတော့ မကောင်းဘူးပေါ့နော်။

ဘာဖြစ်လို့လဲဆိုတော့ သိရိလင်္ကာမှာ အဲဒီအတိုင်းပြဋ္ဌာန်းလိုက်တဲ့အတွက်ကြောင့် ပရိယတ္တိစာသင်တိုက်ဆိုတာ သီးခြားမရှိတော့ဘူးပေါ့နော့။ နောက်တစ်ခုက ထိုင်းမှာဆိုရင်လည်း အဲဒီပုံစံမျိုးဖြစ်သွားတဲ့အတွက်ကြောင့် ပရိယတ္တိသာသာနာက ကွယ်သလောက်ကို ဖြစ်နေတာပေါ့။ ဦးဇင်းတို့က အဲဒီလိုပုံစံမျိုးဖြစ်သွားမှာ တအားစိုးတာပေါ့။ နောက်ပြီးတော့ ဦးဇင်းတို့ ထေရ၀ါဒသံဃာတွေ ကျင့်သုံးထားတာက တံခါးပိတ်ဝါဒမဟုတ်ဘူး၊ တံခါးဖွင့်ဝါဒလေ။ အဲတော့ အကြီးတန်းအောင်လို့ရှိရင် လိုင်းတွေ အများကြီးပေါ့၊ အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ တက္ကသိုလ်လိုင်းတွေရှိတာပေါ့နော်။  အင်္ဂလိပ်စာတင်မကဘူး လောကီစာနဲ့ပတ်သက်ပြီး လိုင်းတွေ အများကြီးရှိတာပေါ့၊ အဲဒီလိုင်းကို သွားမယ်ဆိုရင်လည်း ရတာပေါ့၊ ဓမ္မစရိယအောင်မှ သီးသန့်ပြန်လုပ်မယ်ဆိုရင်လည်း ရတာပေါ့။ အဲတော့ ဟိုအရင်တုန်းကလို ခိုင်မာပြီးသား ပထမပြန် ဓမ္မာစရိယ စာမေးပွဲထဲ  လောကီစာတွေထည့်ပြီး ပြဋ္ဌာန်းသင့်ကြောင်းအဆိုပြုတာတွေဆိုရင်တော့ ဦးဇင်းတို့က လက်မခံပါဘူး။

မေး- ပညာရေးစနစ်ပြောင်းလဲတာရော၊ ပြောင်းလဲတယ်ဆိုတဲ့နေရာမှာ အားလုံးလက်ခံနိုင်တဲ့အချက်တွေနဲ့ ပီပီပြင်ပြင် ခေတ်စနစ်နဲ့အညီ ပြောင်းလဲဖို့၊ နောက် ကိုရင်ရှားပါးလာတဲ့ပြသနာတွေရော၊ သံဃာလောက အင်အားကောင်းပြီးခေတ်နဲ့လျော်ညီအောင် ပြောင်းလဲဖို့ဆိုရင် သံဃာ့မဟာနာယကပါမှဖြစ်မယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိပါတယ်ဘုရား။ သံဃာလောကနဲ့ပတ်သက်လာရင် မဟနပါမှသာလျှင် အရွေ့တစ်ခုဖြစ်နိုင်တယ်ပေါ့ဘုရား။ ဆိုတော့ မဟနနဲ့အနေနဲ့ရော ဘာတွေလုပ်ပေးနိုင်မလဲဘုရား၊ ဘာတွေလုပ်သင့်လဲဘုရား။

ဖြေ – မဟနဆရာတော်တွေက ဒီကိစ္စတွေမှာ တော်တော်များများသဘောတူကြပါတယ်။ ဦးဇင်းတို့နဲ့ တစ်ထပ်တည်းလို့တောင် ပြောလို့ရတာပေါ့နော်။ ဦးဇင်းတင်ပြသလို ပုံစံမျိုးဆိုရင် မဟနက အများကြီးအထောက်အပံ့ပေးကြမှာပါ။ ပယ်ချတာတို့၊ ပလပ်တာတို့ မလုပ်နိုင်ပါဘူး။ ကိုရင်တွေ ရှာပါးနေတဲ့ပြဿနာကတော့ ရေတိုက်စားလို့ ကမ်းပါးပြိုသလိုမျိုး၊ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ တစ်ရွာလုံးတောင် ရေထဲမြောရမယ့် သဘောဖြစ်သွားတာပေါ့။ ဟိုး မြတ်စွာဘုရားလက်ထက်ကတည်းကိုက ဒါမျိုးတွေဖြစ်လာနိုင်တယ်လို့ ကြိုဟောပြီးသားပါနော်။

နောက်သာသနာမှာ ဒီလိုဟာမျိုးတွေဖြစ်လာမယ်လို့လည်း ကြိုဟောပြီးသားပါ။ ရှိပြီးသားသံဃာတော်တွေ အရည်အချင်းပိုင်းရော အနေအထိုင်ပိုင်းရော စွမ်းဆောင်မှုပိုင်းရော ဒီသုံးခု တစ်ပါးချင်းတစ်ပါးချင်းစီမှာ ပြည့်စုံနေဖို့ လိုတာပေါ့နော်။
အဲဒီ တစ်ပါးချင်းတစ်ပါးချင်းစီမှာ ပြည့်စုံနေဖို့အတွက် ကိုယ်စီကိုယ်ငှ ဦးဆောင်ကြမယ်ဆိုရင်တော့ အန္တရာယ် သိပ်မကြီးလောက်ဘူး၊ သိပ်မစိုးရိမ်ရလောက်ဘူးလို့ ယူဆတာပေါ့နော်။