သတင်း

လွန်လေပြီးသော မဘသ

၁။ မဘသကို ဝေဖန်တဲ့၊ တိုက်ခိုက်တဲ့ သတင်းများ၊ ဆောင်းပါးများအတွက် မှားယွင်းတဲ့အချက်အလက်တွေသုံးစွဲပြီး ရေးသားနေတဲ့အချိန်မျိုးမှာ အဲဒီသတင်းတွေ၊ ဆောင်းပါးတွေကို ပြန်လည်တုံ့ပြန်ဖို့အတွက် လိုအပ် မလိုအပ်ဆိုတဲ့ ပြသနာရှိလာပါတယ်။

ဘာကြောင့်လဲဆိုတော့ မဘသအဖွဲ့ကြီးဟာ ဆက်ရှိနေသေးရဲ့လား၊ ဒါမှမဟုတ် မဘသရဲ့အချိန်တွေဟာ ကုန်လွန်ခဲ့ပြီလား၊ အငွေ့ပျံပျောက်ဆုံးကုန်ပြီလားဆိုတာဟာ အကြောင်းကြောင်းကြောင့် ဝေခွဲရခက်စေတဲ့အတွက်ဖြစ်ပါတယ်။

၂။ ဒါပေမယ့် ဒီရက်ပိုင်းမှာ မီဒီယာတွေက မဘသဆိုင်းဘုတ်မဖြုတ်တဲ့ မန်းနဲ့ ကရင်ကို လက်ညှိုးတထိုးထိုးလုပ်ပြီး တရားခံတွေလို၊ အပြစ်သားတွေလို၊ နိုင်ငံတော်ကို ပုန်ကန်သူတွေကို စွပ်စွဲရေးသား ပြောဆိုနေတာတွေကို နေ့စဉ်နဲ့အမျှ မြင်နေရ ကြားနေရပါတယ်။

ဗုဒ္ဓဘာသာဟာ ဂုဏ်ထူးဝိသေသနဲ့ပြည်စုံတဲ့ဘာသာဖြစ်တယ်၊ ဒီမိုကရေစီစနစ်ကိုသွားနေတယ်ဆိုတဲ့ နိုင်ငံတစ်ခုမှာ ဘာသာရေးအဖွဲ့အစည်းတစ်ခု၊ ဒါမှမဟုတ် ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုကို ဘက်ပေါင်းစုံကနေ အကျပ်အတည်းထဲကိုပို့၊ ပြိုကွဲအောင်ဖြိုခွဲ၊ ပြိုလဲအောင် ဖြိုလှဲနေကြတာတွေဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အင်မတန်မှကို ခံပြင်းစရာကောင်းလှပါတယ်။ အဲဒီအတွက် ဒီစာကိုရေးရတာပါ။

၃။ သူရဦးအောင်ကိုက ‘အဲဒီဆိုင်းဘုတ်ကလေးနှစ်ခု၊ သုံး ခုနဲ့ မဘသအဖွဲ့ကြီးက ပြန်လည် ရှင်သန်လာမှာ မဟုတ်ဘူး’’
(မူရင်းလင့်-http://www.7daydaily.com/story/102706)လို့ ပြောခဲ့တယ်။

ရှင်သန်လာမှာ မဟုတ်ပါဘူးဆိုတဲ့ စကားကို ဖြန့်ကျက်တွေးရင် သေဆုံးသွားပြီ၊ မရှိတော့ဘူးဆိုတဲ့ အနက်ဂယက်တွေက ဆက်ထွက်လာတယ်။

ဆိုတော့ မဘသအဖွဲ့ကြီးဟာ တကယ်ပဲ လေလွင့်ပျောက်ကွယ်သွားပြီလား၊ ဒါမှမဟုတ် သေဆုံးသွားပြီလားဆိုတာကို မဘသအဖွဲ့ဝင်တွေကိုယ်တိုင် မှန်မှန်ကန်ကန် ပြန်သုံးသပ်ကြဖို့ ကောင်းပါတယ်။

ပြိုကွဲပျက်စီးခဲ့ပြီးဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်ဟာ အရှိတရားနဲ့ ဘယ်လောက်အထိ နီးစပ်သလဲဆိုတာကို ခေါင်းဆောင်ပိုင်းက ဆရာတော်သံဃာတော်ကြီးများ စုပေါင်းအဖြေရှာကြဖို့ ကောင်းပါတယ်။

ငါတို့အရိုးစည်းရိုးထိုးပြီးကာမယ်ဆိုတဲ့သူတွေက သူတို့ဆိုင်းဘုတ်လေးတောင် မကာကွယ်နိုင်ရှာဘူးလို့ မလိုသူတွေ ရယ်ပွဲဖွဲ့တာကို အခုအချိန်မှာတော့ ခေါင်းငုံပြီး၊ အံကျိတ်ပြီး တင်းခံနေရပေါ့။

၎။ မဘသဆိုင်းဘုတ်တွေနဲ့ပတ်သက်ပြီး သူရဦးအောင်ကိုပြောနေတာကို နာစရာမဟုတ်ဘူးလို့ သဘောထားနိုင်ရင်တောင်
သမိုင်းထဲမှာ စာရင်းလည်းမရှိ နံပါတ်လည်းမသိတဲ့ မြတ်ကျော်လိုကောင်က ငါ့တရားနွားရစကားလုံးတွေနဲ့ -မဘသဆိုင်းဘုတ်တွေ မဖြုတ်သေးတာဟာ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်တယ် ဘာညာပြောတာကိုတော့ နာရကောင်းမှန်းသိသင့်တယ်။ ကြေကွဲစရာ နှလုံးသားရှိတယ်ဆိုရင်လည်း ကြေကွဲသင့်တယ်လို့ ကျနော်ကတော့ ထင်တာပါပဲ။

(ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က တာဝန်ရှိသူတွေကိုကချင်ပြည်နယ်ငြိမ်းချမ်းရေး၊ NCA လက်မှတ်ရေးထိုးရေးနှင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသူများကိစ္စရပ်များ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေချိန်မှာ မဘသက ဆိုင်းဘုတ်တွေဖြုတ်ပေးရ၊ နာမည်တွေ ပြောင်းပေးရတဲ့ အခြေအနေကိုလည်းပဲ မြင်အောင်ကြည့်သင့်တယ်။)

ဦးသိန်းစိန်လက်ထက်တုန်းက ငါ့တို့အရိုးစည်းရိုးထိုးကာမယ်ဆိုတဲ့သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်လက်ထက်ကြတော့ အသံတိတ်သွားတာဟာ ကြောက်လို့ပဲဆိုတဲ့ မှတ်ချက်ကို ကျနော်တို့ ဘယ်လိုပြန်ငြင်းကြမလဲ။ ကြောက်တတ်ရင် ကြောက်တတ်တဲ့အလျောက် ဟောဟိုဘက်က ဖြဲခြောက်နေဦးမှာပဲ။ အကြောက်တရားနဲ့ အမှန်တရားကို သတ်ပစ်နေဦးမှာပဲ။

အမျိုးသားရေးလမ်းကြောင်းဆိုတာဟာ ဦးလှည့်မသုန် ခိုင်ကြည် ပြတ်သားနေရမှာမဟုတ်ဘူးလား။ ဘယ်သူနဲ့ ထိပ်တိုက်တွေ့ဖို့မသင့်၊ ဘယ်သူတွေ မျက်နှာကိုတော့ဖြင့် စောင်းငဲ့လို့ကြည့်ကြပါလို့ ရွှေပြည်အေးတရား အဟောခံရတာကိုလည်း အသည်းနာလှပါတယ်။

အင်းစိန်ဆရာတော်ကြီးပြောခဲ့တဲ့ မဘသဟာ ဓမ္မစက်လို လည်နေလိမ့်မယ်၊ မဘသဟာ သူ့လမ်းကြောင်းကို မသွေမဖည်ခိုင်ကြည်စွာ သွားနေလိမ့်မယ်ဆိုတဲ့ စကားလုံးတွေဟာ ခုတော့ ပုံပြင်ထဲမှာလို လွမ်းစရာပေါ့လေ။

၅။ ဒီအချိန်မှာဖြစ်နေသင့်တာက မဘသ ဆိုင်းဘုတ်တွေ မဖြုတ်ဘဲထားတဲ့ မန်း၊ ကရင်တို့ကို အခြားအခြားသော ဘာသာ
သာသနာစိတ်ရှိသူတွေက ၀န်းရံနေကြရမှာမဟုတ်ဘူးလား။ လူအားဖြင့်၊ နုတ်အားဖြင့်၊ စာအားဖြင့် ထိုက်သင့်သလို ပူးပေါင်းလက်တွဲသင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

မဘသ(ဗဟို)က ဗုဒ္ဓဓမ္မပရဟိဖောင်ဒေးရှင်းအမည်ပြောင်းရမယ်ဆိုတဲ့အတွက် ပြောင်းလိုက်တယ်၊ ရည်ရွယ်ချက်၊ ရပ်တည်ချက်၊ မူဝါဒ၊ လမ်းစဉ်၊ ပန်းတိုင်ဟာ ယခင် မဘသအတိုင်းပဲ တစ်သဝေမတိမ်း မယိမ်းမယိုင်ရှိကြသေးတယ်ဆိုရင် ကရင်နဲ့ မန်းအတွက် ကြေညာချက်တွေ၊ ၀ိုင်းဝန်းနေမှုတွေဟာ အခုအချိန်မှာ ဘာကြောင့် နည်းလွန်းနေရတာလဲ။ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး၊ အမျိုးသားနိုင်ငံရေး၊ အမျိုးသားရေးဆိုတဲ့ စကားလုံးတွေ လေးနှစ်နီးပါး ပြောခဲ့၊ ဟောခဲ့၊ ရေးခဲ့၊ သားခဲ့တဲ့ စကားလုံးတွေကို ကျနော်ကဖြင့် အားနာလှပါတယ်။

၆။ မဘသကို နှိမ်နင်းနိုင်ခဲ့ပြီ၊ မဘသကို ချုပ်ငြိမ်းနိုင်ခဲ့ပြီ၊ မဘသကို ဖြိုခွဲနိုင်ခဲ့ပြီ၊ မဘသကို နေ၀င်စေခဲ့ပြီ၊ မဘသ မရှိတော့ဘူး၊ မဘသသေဆုံးသွားပြီ …. စသည်ဖြင့် ကြိုက်တဲ့စကားလုံးတွေသုံးစွဲပြီး မသဘအကြောင်းကို မဘသကို မလိုသူတွေရော၊ လိုသူတွေပါ ပြောနေကြတာကို မြင်နေရတာဟာ နာနာကျင်ကျင်ရှိလှပါတယ်။

-သာသနာတော်သန့်ရှင်းဖို့အတွက် ကျနော်အလုပ်တွေအများကြီး လုပ်ခဲ့ပြီးပါပြီ။ အအောင်မြင်ဆုံးကိုပြောဆိုရင် မဘသကို ဖြိုခွင်း၊ နှိမ်နင်း၊ ချုပ်ငြိမ်း၊ ဇာတ်သိမ်းစေခဲ့တာပါပဲ-လို့ တချိန်မှာ တစ်ယောက်ယောက်ကများ မိန်းမလိုမိန်းမရပြောလာခဲ့ရင် အဲဒီစကားကို ကျနော်တို့ကြားရတာဟာ အသက်ရှင်လျက်နဲ့ ငရဲကိုရတာပဲဖြစ်ပါလိမ့်မယ်။

ကိုယ့်သမိုင်းကိုယ် အရိုင်းခံရတာထက် နာကျင်ရတာ ဘာတွေများရှိသေးလဲ။ ဂုဏ်သိက္ခာရှုံးရင် ကျန်တာဘာမှ နိုင်စရာမရှိတော့ပါဘူး။ ကျနော်တို့ကတော့ ဆုတောင်းရုံ၊ သစ္စာဆိုရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။ ရင်ထဲမှာ မဘသ၊ ဆိုင်းဘုတ်ပဲဖြုတ်လို့ရမယ် အရှိနဲ့ အသိကို ဖြုတ်မရဘူး၊ ငါက ထာဝရမဘသ ဆိုတဲ့  အရှုံးကို ဖာထေး ဖုံးဖိဖို့ကြိုးစားနေတဲ့ စကားလုံးတွေထဲမှာလဲ စိတ်ရှိတိုင်း အကြိမ်ကြိမ်အခါ ပျက်ကျရ၊ သေဆုံးရ၊ နာကျင်ရပါတယ်။

အဲဒီစကားလုံးတွေကို ကြားရတိုင်း၊ မြင်ရတိုင်း၊ ရေးရတိုင်း ပြောရတိုင်းမှာလည်း အကြိမ်ကြိမ်အခါ ပျက်ကျရ၊ သေဆုံးရ၊ နာကျင်ရပါတယ်။ အလံမလှဲစတမ်း-ဆို ဥဒါန်းကြူးရင့်ပြီး ဘာသာ သာသနာအတွက် ညီညွတ်ကြရင် ဘယ်လောက်များ ပျော်ဖို့ကောင်းလောက်မလဲ။ ခုတော့ ….။

၇။ တတ်နိုင်ကြသူတွေ၊ ပြောရေးဆိုခွင့်ရှိသူတွေ ကိုယ်တိုင် မဘသကို ကာကွယ်ကြဖို့၊ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ကြဖို့၊ အဖဘုရားရှင်ရဲ့ သာသနာတော်ကို ကာကွယ်ကြဖို့ ဆုတောင်းပါတယ်။ ကျနော်တို့ကတော့ ဆုတောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။ ကျနော်တို့ကတော့ ပြုသမျှကုသိုလ်၊ ဖြူစင်ခဲ့သမျှကိုယ်ကျင့်တရား သစ္စာပြုတိုင်တည်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။

၈။ (ဦး)အောင်ချိမ့်က သူ့ကဗျာထဲ ဟောဒီလိုရေးခဲ့ဖူးတယ်။ ငါရှုံးပါစေ၊ တရားနိုင်ပါစေ …တဲ့။

ငြိမ်းချမ်းသာ
25-7-2016