သတင်း

သမိုင်း၏တရားခံ(နိဒါန်း)

ထောင်တွင်းလက်ရာလေးပါ။ ၂၀၀၃ခုနှစ် အောက်တိုဘာလအထိသာ ဖြစ်ပါသည်။ ဤမှာဘက်အတွက် ဒုတိယအုပ်ရေးရပါဦးမည်။ ထောင်မှထွက်ခါစ အွန်လိုင်းနာမည်ကြီးဆောင်းပါးပါ။ အနီတွေသူကောင်းပြုကြတဲ့ စာမူပေါ့။ စာမူခွင့်ပြုချက် လွတ်လပ်လာတဲ့အခါ စာအုပ်အဖြစ်တရားဝင် ထုတ်ဝေလိုက်ပါတယ်။

အုပ်ရေသောင်းချီ ရိုက်နှိပ်ခဲ့ပါတယ်။ မဟနက ကမ္ဘာအေးသို့ ခေါ်ယူသတိပေးခြင်း မလုပ်ခဲ့သော်လည်း မစိုးရိမ်တိုက်သစ် ပထမမဟာနာယက ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသအား ဤစာအုပ်နှင့်ပတ်သက်၍ စာရေးသူကိုခေါ်ယူသတိပေးရန် တာဝန်ပေးခဲ့ပါတယ်။

ပထမ မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသကလည်း ဓမ္မဘာဏကကျောင်း၌ အခြားသော မဟာနာယကဆရာတော်များရှေ့မှောက်မှာပင် ဤစာအုပ်နှင့်ပတ်သက်၍ နောက်နောင် ထပ်မံရိုက်နှိပ်ခြင်း ဖြန့်ချိခြင်း လုံးဝမလုပ်ဖို့ မေတ္တာကရုဏာရှေ့ထား၍ ဆုံးမတော်မူပါတယ်။ အဲဒါကြောင့် သမိုင်း၏တရားခံစာအုပ်ကို ဆက်လက်ဖြန့်ချီမှုမပြုတော့ဘဲ ယခုမှသာ အွန်လိုင်းမှာ စတင် ပြန်လည် လွှင့်တင်လိုက်ရခြင်းဖြစ်ပါတယ်။ ဒုတိယတွဲထပ်ရေးပါဦးမည်။

မဘသအရေး ဝီရသူအရေး ၉၆၉ အရေး အမျိုးသားရေး ဘာသာသာသနာအရေး မဟန ၄၇ ပါးထဲက အာဏာရှင်ဆန်သော ပရိယတ် ပဋိပတ် ဘာမှမလုပ်သော အစိုးရကိုမျက်နှာလုပ်တတ်သော ဘုရားမျက်နှာကို မကြည့် လာဘ်လာဘမျက်နှာကိုသာကြည့်သော အဂတိတရားလိုက်စားသော အကျင့်ပျက်ခြစားသော မတရားဆုံးဖြတ်သော သာသနာတော်ကို ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေသော အစိုးရအားကိုးနဲ့မိုက်နေသော အချို့သော မဟနအမည်ခံထားသူတွေအကြောင်းတော့ ပယ်ပယ်နှယ်နှယ်ရေးပါ တော့မည်။ ယခုမှစ၍ သမိုင်း၏တရားခံ နိဒါန်းမှ ပြီးဆုံးသည်အထိ အခန်းဆက် လွှင့်တင်ပါတော့မည်။

ဝီရသူ(မစိုးရိမ်)
19.7.2017
PM 12:23

==========================================================

“သမိုင်း၏တရားခံ(နိဒါန်း)”

သမိုင်း၏ တရာခံမည်သောဤစာမူကို ကျွန်ုပ်သည် ၁၀၊ ၁၂၊ ၂၀၀၆ ရက်နေ့၌ ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ထေရဝါဒရာစုသစ်(သို့)ရာစုသစ်၏ထေရဝါဒ စာအုပ်၌ ထည့်သွင်းဖို့ စီစဉ်ခဲ့သော်လည်း စာပေစိစစ်ရေး ဝါဒနှင့်မကိုက်ညီသောကြောင့် ခွင့်ပြုချက်မရနိုင်သောစာမူဖြစ်နေရကား အင်တာနက်တွင်တင်ဖို့ စိတ်ကူးခဲ့ခြင်းဖြစ်သည်။

စာမူပေါက်သွားလျှင် လှောင်အိမ်ထဲမှာ စောင်ကြည့်ခံဘဝဖြင့်အနေကြပ် အနေခက်မည့်အရေးကြောင့် တပည့်လေးက တင်မပေးပေ။ စာရေးသူမဲဇာလွန်တောရမှ ပြန်ရောက်လာသည့်အခါ ပြည်ပရှိ တပည့်များ၊ သူငယ်ချင်းများကပူဆာသောကြောင့် ပရိသတ်မိတ်ဆက်အဖြစ် ဤစာမူကို အင်တာနက်ဝက်ဘ်ဆိုဒ်မှာတင်ပေး လိုက်ခြင်းဖြစ်ပါသည်။ အရှင်မေတ္တာစာရ၏ Buddha FM မှာတင်ထားခြင်းဖြစ်ပါသည်။

ပရု(သ်)မဖတ်ရသေးသောစာမူကြမ်းပင်ဖြစ်သော်လည်း ဧရာဝတီ၊ ဒေါက်တာလွဏ်းဆွေ၊ သစ်ထူးလွင်၊ စသည့်ဝတ်ဘ်ဆိုက်ဒ်ကြီးများမှလည်း လူဖတ်များသည့်စာမူဖြစ်ခဲ့ကြောင်းသိရသည်။ ဤစာမူသည် ဝေဟင်မှမြေပြင်သို့ဆင်းသက်ကာ ယခုအချိန်ထိ ပြည်တွင်း ပြည်ပ တောရော မြို့ပါမကျန် နေရာအနှံ့၌ ခြေဆန့်၍ ခရီးရှည်အသွင် ချီတက်ဖြန့်ကျက်လျက်ပင်ရှိနေသည်ကို တွေ့ရပေသည်။

အင်တာနက် ဖေ့စ်ဘုတ်မှဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ စကားစပ်မိလျှင်လည်း ဤစာမူအကြောင်းများစွာပါဝင်လေ သည်။ အထူးသဖြင့် သမီးနှင့် အုန်းသီး၊ အောင်းကောင်ကြီးများအကြောင်းဖြစ်လေ၏။ တွေ့မြင်သမျှ ပရိသတ်များကိုကြည့်လျှင် သြဘာပေးသူများ၊ သာဓုခေါ်သူများ အနုမောဒနာပြုသူများ၊ လက်ခုပ်တီးသူများ၊ ရင်တမမနှင့် စိုးရိမ်သောကရောက်နေသူများက များသေးသည်။

နောက်ဆုံးအပိုဒ်ကို သတိမထားမိသူ နားမလည်သူများသည် ဤစာမူကို ကျောင်းရောက်မှ ရေးသည်ထင်ကာ မော်စကိုတခေါက်ပြန်ရောက်သွားမည့်အရေးတွေး၍ စိုးရိမ်သောကဖြစ်နေကြခြင်းဖြစ်သည်။ ထောင်ထဲမှာ နေရသူက သည်မျှသိရသလားဟု သူငယ်ချင်းများက တအံ့တသြပြောလာခြင်းများလည်း ရှိပေသည်။ ကြားဘူးနားဝ တစစဖြင့် ကျောင်းသို့လာ၍ စာမူဝယ်သူများပင်ရှိလာလေသည်။ ထိုအခါကျမှ ဒေါင်းလုပ်လုပ်ယူ၍ ပရင့်ထုတ်ကာ ဖြန့်ဖြူးဆောင်ရွက်သူများရှိနေကြောင်း သိခွင့်ရခြင်းဖြစ်ပေသည်။ အချို့ကလည်း သူများတွေလိုပင် ဖြန့်ဖြူးရောင်းချဘို့ အကြံပြုလေသည်။ အသိဥာဏ်ထွန်းကားရေးကို အဓိကထားသူဖြစ်သောကြောင့် ဘယ်သူတွေ ဘယ်လိုရောင်းရောင်း ရောင်းပါစေဟူ၍သာ ပြန်လည်ပြောပြ ခဲ့ရပေသည်။ ကျွန်ုပ်ကိုယ်တိုင် လက်ဆောင်ပေးဘို့အတွက် ၄၀၀ ကျပ် ၅၀၀ ကျပ်ဖြင့် အားပေးခဲ့ဘူးလေ၏။

ဤစာမူနှင့်ပတ်သက်၍ မဟနဘက်မှ(သို့မဟုတ်) အစိုးရဘက်မှ မည်သို့သော တုန့်ပြန်မှုများရှိခဲ့လေသနည်း မေးခွန်းကား မကြားချင်အဆုံး အမေးခံရဆုံးဖြစ်လေသည်။ လက်ရှိအဖွဲ့နှင့် မဆိုင်ဘူး။ အဖွဲ့ဟောင်းနှင့်သာ သက်ဆိုင်သည်ဖြစ်၍ မည်သို့မျှ ဖိအားမပေးကြပါဟူ၍သာ ဆြေိုခဲ့ရလေသည်။

ရန်ကုန်ပရိသတ်ကား ထက်မြက်လက်သွက်လှ၏။ တပေါင်းလပြည့် ဆွမ်းဆန်တော်လောင်းလှူပွဲမှာ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များကိုရော၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များကိုပါ သမိုင်း၏ တရားခံမည်သော ဤစာမူကို တစ်မူစီလောင်းလှူသည်ဆို၏။ သာသနာတော်ကို ချစ်မြတ်နိုးသောစိတ်တစ်ခု တည်းနှင့် ငွေကုန်လူပန်းခံကာ စွန့်လွှတ်စွန့်စားဆောင်ရွက်ကြခြင်းဖြစ်သောကြောင့် များစွာဂုဏ်ယူထိုက်သော ဆောင်ရွက်ချက်ပင်ဖြစ်လေသည်။ တစ်နေ့သောအခါ နောင်တော်ကြီးအရှင်ပညာနန္ဒ(နယူးယောက်)က ပြောလာပေသည်။

စာအုပ်ထုတ်ချင်သည်။ စာမူခတော့ ရမည်မဟုတ်ပါ။ ဓမ္မဒါနပြုမည်ဖြစ်သောကြောင့်ဟု ဆိုလာ၏။ စာမူခ မလိုပါ။ ကျယ်ပြန့်ဖို့အဓိကပါ။ ထို့ကြောင့် စာအုပ်ထုတ်မည်ဆိုလျှင် တည်းဖြတ်ပေးပါမည်။ တည်းဖြတ်ပြီးမှ ထုတ်ဝေပါဟု ပြန်လည်လျှောက်ထားရလေသည်။

လွန်ခဲ့သော ၂၀၀၃ ခုနှစ်၌ကား မန္တလေးမှာ အင်တာနက် မတွင်ကျယ်သေးပေ။ ထိုအချိန်တုန်းကသာ တွင်ကျယ်ခဲ့လျှင် ကျွနုပ်ထောင်ကျမည်မဟုတ်ပေ။ စာပေခွင့်ပြုချက်မရခဲ့သော ထေရဝါဒတိုက်ပွဲ စာအုပ်ကို အင်တာနက်တင်ပြီး ရင်ဖွင့်ခွင့်ရမည်ဖြစ်သောကြောင့်တည်း။ ယခုမူ ထေရဝါဒတိုက်ပွဲ ပရိယတ္တိရွှေချိန်ခွင် စာအုပ်တို့ကြောင့် ပုံနှိပ်အက် ၁၇/၂၀ ဖြင့် ထောင်ဒဏ်(၁၄)နှစ် အဆစ်ပေး အပြစ်ပေးခံခဲ့ရလေသည်။

ဤစာမူရေးရခြင်း၏ ရည်ရွယ်ချက်မှာ သာသနာတော်ကို ကာကွယ်စေလိုသောကြောင့် ဖြစ်ပါသည်။ ဆရာတော်ကြီးများကို စော်ကားပြစ်မှားလိုခြင်းမဟုတ်ပါ။ သာသနာတော်ကို သန့်ရှင်းစေလိုသောကြောင့်ဖြစ်သည်။ အဖွဲ့အစည်းကို ပစ်ပယ်ခြင်းမဟုတ်ပါ။ သာသနတော် ထွန်းကားပြန့်ပွား စေလိုသောကြောင့်ဖြစ်ပါသည်။ အကုသိုလ်တရားများ တိုးပွားစေလိုသောကြောင့် မဟုတ်ပါ။ ဤစာမူကို စာစီပေးသော တပည့်များ၊ ဝတ်ဆိုဒ်၌ တင်ပေးသော တပည့် ရှင်ခေမာနန္ဒ၊ မိတ်ဆွေ အရှင်မေတ္တာစာရ၊ လုံ့လစိုက်ထုတ်စာအုပ်လုပ်ပေးတော်မူသော နောင်တော်ကြီး အရှင်ပညာနန္ဒ၊ အဘက်ဘက်မှ အကူအညီပေး တော်မူသော ဆရာတော်ကြီးဦးဇဝနတို့အား ကျေးဇူးစကားဆိုရမည်ဖြစ်ပါသည်။ စာရှုသူအားလုံး သက်တူချစ်စေ ထပ်တူမျှဝေနိုင်ကြပါစေသတည်း…..။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး