သတင်း

သိင်္ဂီရွှေခွက်နှင့် ခြင်္သေ့ဆီ(၃)

(၂၁.၁၂.၂ဝဝ၆ရက်နေ့၌ အိုးဘိုဘဝတက္ကသိုလ်မှာရေးသားသည်။)

ရွှေမြန်မာနှင့် သာသနာ
ကျနုပ်တို့သာသနာသည် ကျနုပ်တို့ မြန်မာလူမျိုးများနှင့်ကား လိုက်ဖက်ညီလှပေသည်။ မြန်မာအစိုးရ အစဉ်အဆက်သည် မြန်မာလူမျိုးအတွက်၊ နိုင်ငံအတွက် စီမံကိန်းကြီးမားစွာ ချခဲ့သည်ကိုလည်းကောင်း၊ လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ မတွေ့မြင် ရပေ။ ပြည်သူလူထုကောင်းကျိုးအတွက် တစ်မျိုးလုံးနှင့်ချီ၍ အလုပ်လုပ်ခဲ့ သည်များ လုံးဝမရှိသလောက်ပင်။ ဥပမာ ဂျပန်နိုင်ငံ၏ နွားနို့စီမံကိန်းများ ဖြစ်သည်။ နွားနို့စီမံကိန်းကြောင့် ဂျပန်လူထု ကျန်းမာသည်၊ ဥာဏ်ရည်မြင့် သည်၊ အသက်ရှည်သည်။ ယနေ့ကမ္ဘာ၌ ပျမ်းမျှ အသက်ရှည်သူ အများဆုံးရှိသော နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်လေသည်။ မြန်မာအစိုးရ များအနေဖြင့် ပြည်သူလူထုအတွက် ထူးခြားသည့် စီမံကိန်းများ မရှိဘဲ ဖြစ်သလိုပစ်ထားကာ သမားရိုးကျပုံစံဟောင်းဖြင့် ဆွေးမြေ့၍ အသုံးမဝင် တော့ပြီဖြစ်သော ရှေးရိုးနည်းများဖြင့်သာ အုပ်ချုပ်ခဲ့ကြလေသည်။ ထို့ကြောင့် လည်း လူငယ်အများစု မူးယဇ်သောက်စား ပျော်ပါးကြ၍ ရောဂါဆန်း ရောဂါဆိုးများဖြင့် အသေအပျောက်များခဲ့ကြခြင်းဖြစ်၏။ မသေသူများမှာ လည်း စီးပွားရေးကြီးပွားရေး၌ အားမကိုးရသော အလောင်းကစားသမားများ အပျော်ကြူးသူများ၊ ပျက်စီးသူများ ဖြစ်နေကြလေသည်။ လုံးဝ မပျက်စီးသူများမှာလည်း အရည်အချင်းမရှိကြပေ၊ နိုင်ငံအတွက် အကျိုးပြု မည့် အသုံးဝင်မည့် လူငယ်များမှာ တစ်ရာခိုင်နှုန်းမျှသာ ရှိကြလေသည်။ ဝမ်းနည်းဖွယ်ကောင်းလှ၏။

ကျနုပ်တို့သာသနာ၌လည်း ထို့အတူပင်။ သာသနာသန့်ရှင်းရေးလုပ် ခဲ့သည်။ အောင်မြင်သည်လည်းရှိ၏။ အောင်မြင်ခဲ့သော်လည်း တပ်မတော် အစိုးရလက်ထက်၌ ဆက်မလုပ်ကြတော့ပေ။ တပ်မတော်အစိုးရကား နေရာတကာ အလျှော့ပေး၍ အုပ်ချုပ်နေရလေသောကြောင့် သံဃာများကို တင်းတင်းရင်းရင်း မကိုင်တွယ်ရဲကြပေ။ သံဃာ့အဖွဲ့အစည်း ဆိုသူများ ကလည်း စားပွဲပေါ်ရောက်လာသည့် အမှုတွဲလောက်၊ ကန်တော့ပွဲပါသည့် အခမ်းအနားလောက်သာ စိတ်ဝင်စားကြလေရာ သာသနာတော်ကြီး အဘက်ဘက်က ပျက်စီးလာခဲ့ပေသည်။ ရံဖန်ရံခါ သံဃနာယက ဆိုသူများကပင် သာသနာကို ဖျက်ဆီးနေသည်ကို တွေ့မြင်နေရလေသည်။ ရွှေမြန်မာ အုပ်ချုပ်ရေးနှင့် သာသနာအုပ်ချုပ်ရေးကား နေနှင့်လ ရွှေနှင့်မြလို လိုက်ဖက်လွန်းလှ၏။ ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် ”ငတေ” အုပ်ချုပ်ရေးများသာတည်း။ ပဒေသရာဇ် ဧကရာဇ်သက်ဦးဆံ ပိုင်ဘုရင်များလို အခွန်ကောက်စားပြီး စော်ကားနေကြသူများ၊ ဇိမ်ခံနေကြသူ များ၊ နေရာလုနေကြသူများဖြစ်လေသည်။ သာသနာတော်ကြီးကိုလည်း လှည့်ကြည့်သင့်လှပြီ။

အချို့ကျောင်းများမှာ နာမည်ဆိုးဖြင့် ကျော်ကြားနေကြ၏။ အပုပ်နံ့ ဟောင်နေကြ၏။ ဒုစရိုက်ဂိုဏ်းများ၊ လောင်းကစားဂိုဏ်းများ၊ မူးယဇ် သောက်စားဂိုဏ်းများ၊ ကာမဂုဏ်အရောင်းအဝယ်လုပ်သူများ၊ မှောင်ခို စီးပွားရေးဂိုဏ်းများထူထောင်ထားကြ၏။ ၄င်းတို့ကို မြတ်စွာဘုရား၏ ညွှန်ကြားမှုဖြင့် အဂ္ဂသာဝကနှစ်ပါး ဦးဆောင်ကာ ကီဋာဂီရိဇနပုဒ်ကို နှိမ်နင်း သလို နှိမ်နင်းထိုက်လှပေသည်။ တာဝန်ရှိသံဃာ့အဖွဲ့အစည်းများသည် အာဏာပိုင်များ၏ အကူအညီ၊ သံဃာထု၏ အကူအညီဖြင့် ဖမ်းဆီးအရေး ယူခြင်း၊ ချိပ်ပိတ်အရေးယူခြင်း၊ အစားထိုးပြုပြင်ခြင်းများ ပြုလုပ်သင့်ပေသည်။ သံလမ်းဘေး၌ လူသူလေးပါး မသွားလာရဲလောက်အောင် ပြောင်ပြောင် တင်းတင်း ဒုစရိုက်ကျူးလွန်သူများကိုလည်း ဤနည်းအတိုင်းပင် အင်အားသုံး ၍ နှိမ်နင်းသင့်ပေသည်။

ဘူတာရုံ၊ ဘုရား၊ ဈေး၊ ဆိုင်ခန်း စသည်တို့၌သင်္ကန်းဝတ်ဖြင့် တောင်းစားနေသူများ၊ ထိုတောင်းစားသူများကို မွေးမြူထားသည့် ဂိုဏ်းများကို ဖော်ထုတ်ဖမ်းဆီးအရေးယူရှင်းလင်းသင့်ပေသည်။ ဤစာရေးနေစဉ်၌ပင် ၇ီပေ နြတျ ဂျာနယ် အတွဲ(၅) အမှတ်(၄ဝ) ၁၄.၁၂.ဝ၆ ၌ ဘုန်းကြီးမဟုတ် သင်္ကန်းဝတ်များခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ တွင်း၌ အုပ်စုဖွဲ့၍ ခပ်ကြမ်းကြမ်း အလှူခံနေသူများ ရှင်းလင်းသင့်ကြောင်း သတင်းဖတ်လိုက်ရလေသည်။ သူရဇ္ဇမဂ္ဂဇင်း၌လည်း မာမကသုတေသီက သာသနာသန့်ရှင်းရေးလိုအပ်နေကြောင်း ရေးသားလေသည်။ အခြားအခြား သောမဂ္ဂဇင်း၊ ဂျာနယ်များ၌လည်း ရေးသားကြမည် အမှန်ပင်။ ထို့ကြောင့် သာသနာသန့်ရှင်းရေးကို အရေးပေါ်လုပ်ငန်း၊ အရေးကြီးလုပ်ငန်း တစ်ခု အဖြစ် ဦးစားပေးလုပ်ကိုင်ဖို့ အချိန်တန်လှပေပြီ။

အရပ်ထဲ၌ မူးရူးရမ်းကားနေသူများ၊ ဂိုဏ်းဖွဲ့၍ အိမ်တွေဝင် မိုက်ကြေး ခွဲကြသူများ၊ ကားပေါ်၊ ရထားပေါ်၌ အမြင်မတော်သော အတွဲများ၊ ပွဲတော်များ၌ လောင်ကစားထိုးနေကြသူများ၊ ချဲဒိုင်ခံ၊ ချဲနံပါတ်ရောင်းနေ ကြသူများ၊ အရက်ဆိုင်များတွင် အရက်ဝင်သောက်နေသူများ၊ လမ်းဘေးတွင် ကျားထိုး ချက်ထိုးနေကြသူများ၊ နေမွန်းလွဲချိန် ဈေးဆိုင်များ၌ ပြောင်ပြောင် တင်းတင်း စားသောက်နေကြသူများ၊ ကိုယ်တိုင်ကားမောင်းနေကြသူများ၊ ကိုယ်တိုင်ဆိုင်ကယ်မောင်းနေကြသူများအား သတိပေးခြင်း၊ ဝန်ခံကတိလက် မှတ်ထိုးခိုင်းခြင်း၊ အရေးယူအပြစ်ပေးခြင်းများ ပြုလုပ်သင့်လှပေသည်။ ကျနုပ်တို့ မစိုးရိမ်တိုက်သစ် ပဌမ မဟာနာယကဆရာတော်ကြီး ဦးစီး၍ ပြုလုပ်သော သာသနမလဝိသောဓနီ(သာသနာသန့်ရှင်းရေး)အဖွဲ့နှင့် မိုးကောင်းကျောင်းတိုက်မှ ပြုလုပ်သော သာသနာသန့်ရှင်းရေးအဖွဲ့များကဲ့သို့ အရုပ်ဆိုး အကျည်းတန်သော၊ အကြည်ညိုပျက်နိုင်သော အကျင့်ပျက် ကိုယ်တော်များကို စနစ်တကျအရေးယူဆောင်ရွက်သင့်လှပေသည်။ မြို့နယ် တိုင်း၌ ဆက်သွယ်ရမည့်လိပ်စာများ၊ ဖုန်းနံပါတ်များကို အများသိနိုင်အောင် ကြေညာထားခြင်း၊ သတင်းပို့တိုင်ကြားလာပါက ချက်ချင်းအရေးယူနိုင်ရန် ဆောင်ရွက်ခြင်းများပြုလုပ်မည်ဆိုပါက တဖြည်းဖြည်းလျော့ပါး ပပျောက် သွားမှာဖြစ်ပါသည်။ ကြည်ညိုဖွယ်ရာ သာသနာဖြစ်လာနိုင်ပါသည်။
ရထားပေါ် ကားပေါ်များ၌ ဖလားကြီးများဖြင့် ဘုရားအတွက်လိုလို၊ ကျောင်းအတွက်လိုလို အလှူခံနေကြသည့် အလှူခံအတုများကိုလည်း အရေးယူဆောင်ရွက်သင့်လှပေသည်။ သာသနာကို အကြောင်းပြုပြီး အလှူခံစားနေသည့် စီးပွားရေးဂိုဏ်းများဖြစ်ကြ၏။

(ဆက်လက်ဖော်ပြပါမည်)
(မဟာဝီရ ရသစုံမဂ္ဂဇင်း အမှတ်(၂၅)၊ ၂၀၁၇၊ ဇူလိုင်လ)

ဝီရသူ (မစိုးရိမ်)