သတင်းပေးစာ

သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သို့

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

စာအမှတ်။       ။ ၄/ဝီရဝံသ(ပထစ)/၂၀၂၁

ရက်စွဲ။           ။ ၂၀၂၁ ခုနှစ်၊ ဇူလှိုင်လ (၂၂)ရက်။

အကြောင်းအရာ။         ။ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ-မစိုးရိမ်)အား စွဲဆိုထားသော အမှုမှ ရုပ်သိမ်းပေးပါရန် ဒုတိယအကြိမ် ထပ်မံတင်ပြခြင်း။

၁။ ဝီရဝံသအဖွဲ့သည် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(အရှင်ဝီရသူ-မစိုးရိမ်)က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၂ ရက်၊ တနင်္လာနေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် အဖွဲ့ဖြစ်ပါသည်။

၂။ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ဖြင့်

ဆရာတော်ကို စွဲဆိုထားသည့် အဆိုပါအမှုအား ရုပ်သိမ်းပေးနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ လိပ်မူ၍ စာအမှတ် ၂/ဝီရဝံသ(ပထစ)/၂၀၂၁ ဖြင့် ၃-၂-၂၀၂၁ ရက်တွင် ပထမအကြိမ် ပေးပို့ခဲ့ပြီးဖြစ်ပါသည်။

၃။ ပထမအကြိမ်ပေးပို့သည့်စာတွင်

ဆရာတော်၏ အမှုဖြစ်စဉ်၊ အမှုစွဲဆိုထားသည့်အခြေအနေများကို ထည့်သွင်းရေးသား၍ အမှုမှ အမြန်ဆုံးရုပ်သိမ်းပေးနိုင်ရန်အတွက် တင်ပြခဲ့သော်လည်း ယခုအချိန်အထိ အာမခံပေးခြင်း၊ အမှုမှ ရုပ်သိမ်းပေးခြင်းမရှိသေးပါ။ ယခုအချိန်တွင် ဆရာတော်သည် လက်နှစ်ဖက်စလုံး ပခုံးအေးခဲဝေဒနာကြောင့် ဆေးကုသမှုခံယူနေရခြင်းကို ဥက္ကဋ္ဌကြီးကိုယ်တိုင် သိရှိပြီးဖြစ်ပါသည်။

၎။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် 29.6.2021 တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသော အနုပညာရှင် ၂၄ဦးတို့အား အမှုမှ ရုပ်သိမ်းပေးခဲ့ပါသည်။ ထိုကဲ့သို့ ရုပ်သိမ်းပေးခဲ့သူများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ရုန့်ရင်းကြမ်းတမ်းသော အမှုအရာများ၊ စကားလုံးများဖြင့် ဆဲဆိုပြုမူခဲ့ကြသူများပင် ပါဝင်နေသည်ကို တွေ့ရှိရပါသည်။ မိမိအပေါ် ရန်သူသဖွယ် ရိုင်းစိုင်းစွာ ရေးသားပြောဆို ပြုခဲ့ရုံမျှမက ဆူပူအကြမ်းဖက်ရန် လှုံ့ဆော်ခဲ့ကြသူများကိုပင် အမှုမှ ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်ပါသည်။ 

၅။ ထို့အပြင် ၃၀.၆.၂၀၂၁ တွင်လည်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ရဲစစ်ဆေးဆဲအမှု အမျိုးသား၊ အမျိုးသမီး ၈၆ဦး၊ တရားရုံးစစ်ဆေးဆဲအမှု အမျိုးသား၊ အမျိုးသမီး ၂၂၁၀ ဦး စုစုပေါင်း ၂၂၉၆ ဦးတို့အား အမှုမှ ရုပ်သိမ်း၍ လွှတ်ပေးခဲ့ပါသည်။  

၆။ ဆူပူအကြမ်းဖက်ရန် လှုံ့ဆောင်ခဲ့ကြသူများ၊ ဆူပူအကြမ်းဖက်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြသူများကို မေတ္တာထားကာ အမှုမှရုပ်သိမ်းပေးခဲ့သော်လည်း တိုင်းပြည်အချုပ်အခြာအာဏာအတွက် တပ်မတော်ဘက်မှ အပြည့်အဝရပ်တည်ပေးခဲ့သည့် ဆရာတော်ကို အမှုရုပ်သိမ်းပေးမှု မရှိခြင်းကြောင့် အမျိုးဘာသာ သာသနာချစ်မျိုးနိုးကြသူများ အံ့သြဝမ်းနည်း စိတ်ပျက်နေကြရသကဲ့သို့ ဆူပူသောင်းကျန်းသူများအပေါ် မေတ္တာထားနိုင်ပါလျက် ဘုရားသားတော် သံဃာတော်တစ်ပါးအပေါ် မေတ္တာမထားနိုင်သည့်သဘော သက်ရောက်နေပါသည်။ ထို့အပြင် တပ်မတော်မုန်းတီးရေးစိတ်ဖြင့် တိုင်းပြည်အကျိုးစီးပွားကို ဖျက်ဆီးခဲ့သူများ၏ အကျိုးကိုလိုလားပြီး တပ်မတော်ကို ချစ်မြတ်နိုးစိတ်ဖြင့် တပ်မတော်နှင့်အတူလက်တွဲ၍ ပြည်ပရန်ကို အကျဉ်းကျခံကာ ခုခံကာကွယ်ခဲ့သော ဆရာတော်၏ ကျေးဇူးတရားကိုကား လစ်လျူရှုသကဲ့သို့ ဖြစ်နေပါသည်။

၇။ ၂၀.၇.၂၀၂၁ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကာင်စီ အမိန့်အမှတ် (၂၄၇/၂၀၂၁)ဖြင့် တရားရုံးစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပေးရာတွင်လည်း ဆရာတော်အား စွဲဆိုထားသော ပုဒ်မ ၁၂၄-က ကဲ့သို့သော နိုင်ငံရေးပုဒ်မများ မပါဝင်ခဲ့ပါ။ တိုင်းပြည်တည်ဆောက်ရာတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်သော နိုင်ငံ့သားကောင်းများကို လွှတ်ပေးလိုစိတ်မရှိဘဲ ခိုးမှု၊ ပြည့်တန်ဆာအမှု၊ မူးယစ်အမှု၊ လောင်းကစားအမှုများကိုသာ ရွေးချယ်လွှတ်ပေးခဲ့သည်မှာလည်း ပြည်သူများသည် ဥက္ကဋ္ဌကြီး၏ စေတနာမေတ္တာကို နားလည်ရခက်လျက် ရှိပါသည်။

၈။ ဆရာတော်ကို တရားစွဲဆိုသည့် ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးဟောင်း ဦးစန်းမင်းသည်လည်း ၁၉.၅.၂၀၂၁ ရုံးချိန်း၌ ဆရာတော်၏ရှေ့မှောက်တွင် အစစ်ခံထွက်ဆိုရာ ဆရာတော်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုကို ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုသွားခဲ့ခြင်းမရှိပေ။ ဆရာတော်၌ အပြစ်တစ်စုံတစ်ရာ ရှိကြောင်းလည်း ထွက်ဆိုသွားခဲ့ခြင်း လုံးဝ မရှိသည့်အပြင် ၎င်းကိုယ်တိုင် ဆရာတော်အား ခြေတောင်ဦးခိုက်၍ ဝန်ချတောင်းပန်ခဲ့ပြီး ဖြစ်ပါသည်။

၉။ တရားလိုဖြစ်သူ ဦးစန်းမင်းတင်ပြထားသည့် တရားလိုပြသက်သေများအနက်မှ သုံးဦးကို ဆရာတော်၏ ရှေ့မှောက်၌ စစ်ဆေးရာတွင်လည်း ဆရာတော်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုကို ကျူးလွန်ခဲ့သည်ဟု မည်သူကမျှ ထွက်ဆိုခဲ့ခြင်း အလျဉ်းမရှိပေ။ ဆရာတော်၌ အပြစ်ရှိကြောင်း သက်သေများကလည်း သက်သေပြနိုင်ခြင်းမရှိသည့်အပြင် ၎င်းတို့ကို တာဝန်ပေးအပ်သဖြင့်သာ ဆရာတော်ဟောပြောသည့် ဟောပြောပွဲ၌ ရောက်ရှိနေရခြင်းသာဖြစ်ကြောင်း အသီးသီးထွက်ဆိုခဲ့ကြသည်။

၁၀။ ဆရာတော်၏အမှုနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် နည်းလမ်းနှစ်ခုရှိပါသည်။ ပထမနည်းလမ်းမှာ အမှုမှ ရုပ်သိမ်းရန်အတွက် တရားလိုဖြစ်သူ ဦးစန်းမင်းကို ညွှန်ကြားချက်ထုတ်ပေးရန် ဖြစ်ပါသည်။ ဘူးလက်ဦးလှဆွေ၊ ဦးလှဝင်း (ခ) ရွှေခီး၊ ဦးမိုက်ကယ်ကျော်မြင့်နှင့် ဦးဌေးအောင်တို့၏ အမှုများတွင် ဤနည်းလမ်းအတိုင်းသာ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထိုကဲ့သို့ ညွှန်ကြားချက်ထုတ်ပေးခြင်းမှာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ကြောင်းလည်း သိရှိရပါသည်။

၁၁။ ဒုတိယနည်းလမ်းမှာ အမှုစစ်ဆေးမှုသည် နောက်ဆုံးအဆင့် အမိန့်ချရန်သာ ကျန်ရှိသဖြင့် အမှုမှ အပြီးအပြတ်လွှတ်ပေးသည့်အမိန့်ကို ချမှတ်ပေးနိုင်ရန်အတွက် လမ်းညွှန်မှုပြုပေးရန် ဖြစ်ပါသည်။ ထိုကဲ့သို့ လမ်းညွှန်မှုပြုပေးခြင်းသည် တရားစီရင်ရေးအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် ၄၁၈(က)၊ ၄၁၉ တို့အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှုကိစ္စနှင့်ပတ်သက်၍ လိုအပ်သည့်လမ်းညွှန်မှုပြုပေးခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ကြောင်း တွေ့ရှိရပါသည်။

၁၂။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈(၁)တွင်လည်း စွဲချက်တင်ပြီးဖြစ်သည့် မည်သည့်အမှုကိုမဆို တရားခံ၌ အပြစ်မရှိကြောင်း ရာဇဝတ်တရားသူကြီးက တွေ့ရှိလျှင် ၎င်းတရားခံအား အမှုမှ အပြီးအပြတ်လွှတ်သည့်အမိန့်ကို ရေးသားချမှတ်ရမည်ဟု ပြဋ္ဌာန်းပါရှိသဖြင့် တရားသူကြီးသည် ဆရာတော်၌ အပြစ်မရှိကြောင်း စစ်ဆေးပေါ်ပေါက်ချက်များအရ အပြီးအပြတ်လွှတ်ပေးနိုင်ပါသည်။ ထိုကဲ့သို့ လွှတ်ပေးခြင်းမှာလည်း ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ၏ ရှင်းလင်းချက်များ၊ ရာဇဝတ်ကျင်းထုံးဥပဒေပုဒ်မ ၂၅၈(၁)တို့နှင့် ညီညွတ်ကြောင်း တွေ့ရှိရပြီး တရားလို၊ တရားလိုပြသက်သေတို့လည်း ထွက်ဆိုချက်များနှင့် ကိုက်ညီမှုရှိပါသည်။  

၁၃။ ယခုအခါ သံဃာတော်များ ဝါဆိုဝါကပ် အချိန်နီးလာပြီဖြစ်သဖြင့် ဆရာတော်ဦးဝီရသူကို သီတင်းသုံးရာကျောင်းတိုက်တွင် ဝါဆိုဝါကပ်၍ စာသင်စာချ ပရိယတ္တိသာသနာ့တာဝန်များ ဆောင်ရွက်တော်မူသည်ကို မြင်တွေ့လိုသည်မှာ မိမိတို့ ဝီရဝံသအဖွဲ့သာမက နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးဘာသာ သာသနာချစ်မြတ်နိုးကြသူတို့ အမှတ်တကယ် လိုလားတောင်းတလျက်ရှိသည့် အရေးကိစ္စ ဖြစ်ပါသည်။ သာသနာတော်ကို ကြည်ညိုလေးမြတ်စွာ ချီးမြှောက်ထောက်ပံ့လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မျိုးချစ်သံဃာတစ်ပါးဖြစ်သည့် ဆရာတော်ဦးဝီရသူကိုလည်း မိခင်ကျောင်းတိုက်ဖြစ်သော မစိုးရိမ်တိုက်သစ်ကြီးတွင် ဝါဆိုဝါကပ် ပရိယတ်၊ ပဋိပတ်တည်းဟူသော ဂန္ထဓုရ၊ ဝိပဿနာဓုရ သာသနာတော်၏ တာဝန်နှစ်ရပ်ကို ပြန်လည်ထမ်းရွက်ခွင့်ပြုခြင်းဖြင့် ဆရာ ဒကာ ညီညွတ်စွာ အမျိုးဘာသာ သာသနာအကျိုး သယ်ပိုးဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်နေမိပါသည်။

၁၄။ သို့ဖြစ်ပါ၍ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ-မစိုးရိမ်)အား ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတော်၌ စွဲဆိုထားသော ရာဇဝန်ကြီးအမှုအမှတ် ၁၀၉/ ၂၀၂၀ အား အပြီးအပြတ် ရုပ်သိမ်းပေးပါရန်နှင့် ရုပ်သိမ်းပေးနိုင်ခြင်းမရှိပါက အမှုမှ လွတ်သည့်အမိန့်ကို အမြန်ဆုံး ချမှတ်ပေးရန် လမ်းညွှန်မှုပြုပေးပါရန် သင်ပြအပ်ပါသည်။ အမှုကိစ္စနှင့်ပတ်သက်၍ မည်ကဲ့သို့ စီမံဆောင်ပေးနိုင်မည် ဆိုသည်ကို ဝီရဝံသအဖွဲ့သို့ အမြန်ဆုံး အကြောင်းပြန်ကြားပေးစေလိုပါကြောင်း လေးစားမှုဖြင့်

#ဝီရဝံသအဖွဲ့

ဘဒ္ဒန္တေကသရ – ၀၉ ၆၈၆၈၂၆၉၀၄

ဦးဝင်းကိုကိုလတ် – ၀၉ ၇၇၂၁၇၇၉၆၉

ဦးလပြည့်ဇင် – ၀၉ ၄၅၀၀၅၉၅၈၂

ဦးကိုကိုဦး – ၀၉ ၆၉၄၅၃၉၉၆၉