သတင်းအင်တာဗျူး

သံမဏိနှင်းဆီ ပြတ်သားလိုက်ပါ (၂)

(ဆရာတော်ဦးဝီရသူ၏ အမျိုးသားနိုင်ငံတော်ဆည်ဆောက်ရေး ရှုမြင်ချက်)
ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။

မေး – ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ပြီးခဲ့တဲ့နှစ်ကဖမ်းမိတဲ့ အကြမ်းဖက်သမားတွေရဲ့ စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ၇၁၈ ယောက်ရှိတယ်လို့ သိရပါတယ်ဘုရား။ ဒီအရေအတွက်ဟာ ၂ဝ၁၄ကထက် နှစ်ဆရှိပါတယ်ဘုရား။
ဆီးရီးယားအရေးကြောင့် အကြမ်းဖက်သမားတွေဟာ အီးယူနိုင်ငံတွေဆီ ပြန်ဝင်လာမှာကို စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်ဘုရား။
တစ်ဖက်မှာလည်းပဲ အစွန်းရောက် အကြမ်းဖက်အစ္စလာမ်မစ်တွေဟာ အရှေ့တောင်အာရှဒေသကို မျက်စိကျနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိတဲ့အပြင် စင်္ကာပူလိုနိုင်ငံမျိုးမှာတောင် ဇွန်လ ၁၂ ရက်နေ့ကပဲ အကြမ်းဖက်ဝါဒီလို့ ယုံကြည်ရတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းမိတယ်လို့ သိရပြန်ပါတယ်ဘုရား။
အရှေ့တောင်အာရှကို အကြမ်းဖက်သမားတွေ စိမ့်ဝင်လာတာနဲ့ပတ်သက်ပြီးတော့ အန္တရာယ်တွေကို ပြည်သူတွေသိအောင် ဘာလုပ်သင့်သလဲဘုရား၊ အစိုးရကရော ဘယ်လိုကာကွယ်မှုတွေ ပြုလုပ်သင့်ပါသလဲဘုရား။

ဖြေ – အစိုးရကတော့ ဧည့်စာရင်းဥပဒေကိုပါ ဖျက်သိမ်းထားတဲ့အခါကျတော့ အကြမ်းဖက်သမားတွေကို လမ်းဖွင့်ပေးသလိုဖြစ်သွားတာပေါ့နော်။
တစ်ဖက်က ဥပဒေဖျက်ထားပေမယ့် တစ်ဖက်မှာတော့ နိုင်ငံတော်လုံခြုံရေးမျက်စိနဲ့ ဘယ်လိုပုံစံမျိုးကာကွယ်ရမလဲဆိုတာကို စဉ်းစားရမှာပေါ့။ ဒါက အစိုးရအပိုင်းပေါ့။
ပြည်သူလူထုကတော့ ခုခေတ် ခုခါမှာ တော်တော်တာဝန်ကျေပါတယ်။ မင်္ဂလာတောင်ညွန့်ကိစ္စမျိုးဆိုရင် ပြည်သူလူထုက တကယ်တာဝန်သိလို့ တိုင်းပြည်အန္တရာယ်ကျရောက်နိုင်လို့ ရဲတပ်ဖွဲ့ကို တိုင်ကြားပြီးတော့ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းရှာဖွေမှုတွေပြုလုပ်ခဲ့တာလေ။ ပြည်သူလူထုကတော့ တာဝန်ကျေပါတယ်။
တာဝန်သိတဲ့ ပြည်သူလူထုကို အစိုးရကိုင်တွယ်လိုက်ပုံက အညွန့်ချိုးလိုက်သလိုဖြစ်သွားတဲ့ အခါကျတော့ အမျိုးသားရေးသမားတွေ စိတ်ဓာတ်အညွန့်ကျိုးသွားမှာ စိုးရတာပေါ့။ အဲတော့ စိတ်ဓာတ် မကျဘဲ ဆက်လက်ပြီးတော့ ပြည်သူတွေအပေါ် အန္တရာယ်မကျရောက်အောင် ကာကွယ်စောင့်ရှောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

မေး – အစ္စလာမ်မစ်အကြမ်းဖက်မှုတွေရဲ့ ခေါင်းကိုင်အဖကြီးလို့ ပြောလို့ရနိုင်တဲ့ ဘင်လာဒင်က ပြောခဲ့ဖူးပါတယ်ဘုရား။ AK ၄၇ တစ်လက်နဲ့ စာအုပ်တစ်အုပ်ဆိုရင် သူက စာအုပ်တစ်အုပ်ကိုယူသွားပါ။ ဒီစာအုပ်က AK ၄၇ တစ်လက်ထက်ပိုပြီး ဝါဒဖြန့်ချိနိုင်တယ်လို့ ကြွေကြော်ပြီး ဝါဒဖြန့်ချိရေးကို စာအုပ်တွေ၊ အွန် လိုင်းဝက်ဘ်ဆိုဒ်တွေနဲ့ လုပ်ခဲ့တာကို တွေ့ရပါတယ်ဘုရား။
အမျိုးသားရေးနဲ့ပတ်သက်လာရင် ထုတ်ဝေဖြန့်ချိနေတဲ့ စာအုပ်တွေ၊ ဂျာနယ်တွေဟာ စောင်ရေအတိုင်းအတာတစ်ခုထိ ရောင်းရတယ်ဆိုပေမယ့် အားရလောက်တဲ့အခြေအနေမှာတော့ မရှိသေးဘူးပေါ့ဘုရား။
ဆိုတော့ အမျိုးသားရေးအင်အားစုတွေဖတ်လာဖို့ ဖတ်လာအောင် အရှင်ဘုရားအနေနဲ့ ဘာများပြောချင်ပါသလဲဘုရား။

ဖြေ – ပြောရမယ်ဆိုလို့ရှိရင်တော့ အရောင်အသွေးစုံ ကဏ္ဍစုံထုတ်ဝေနေတဲ့ ဂျာနယ်တွေက ရာချီပါတယ်။ အမျိုးသားရေး ဂျာနယ်တွေကျတော့ လက်တစ်ဖက်တောင်မပြည့်ဘူးပေါ့။ အဲတော့ ရှိစုမဲ့စုလေးနဲ့ပဲ အမျိုးသားရေးသမားတွေဟာ ကာကွယ်နေကြရတာလေ။ နိုင်ငံရေး၊ အားကစား၊ စီးပွားရေး၊ အနုပညာ စတဲ့ ဂျာနယ်တွေကို ထိုးဖောက်ဖို့ဆိုတာကတော့ မလွယ်ဘူးပေါ့။
အဲတော့ ဦးဇင်းတို့အားကိုးရမှာက နယ်ပရိသတ်ပေါ့။ ရွာတိုင်းရွာတိုင်းမှာ၊ မြို့တိုင်းမြို့တိုင်းမှာရှိတဲ့ အမျိုးသားရေးဦးဆောင်ဆရာတော်တွေနဲ့ မျိုးချစ်ညီနောင်တွေဟာ မိမိနယ်တစ်ခုလုံးကို အမျိုးသားရေးနဲ့ပတ်သက်တဲ့ စာအုပ်၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်း ဒါတွေကို အပတ်စဉ် သွေးနွှေးပေးတဲ့ အနေနဲ့ ဖြန့်ကျက်ပေးမယ်၊ ဖြန့်ချိပေးမယ်ဆိုရင်တော့ ဦးဇင်းတို့ဘက်က ခံတပ်ကြီး ခိုင်ခန့်သွားပြီလို့ ပြောရမှာပေါ့။ အဲဒီလို လုပ်ကြပါလို့လည်း တိုက်တွန်းချင်ပါတယ်။

မေး – အရှင်ဘုရားတည်ထောင်ထားတဲ့ “လောကအလင်း” ပညာဒါနကျူရှင်ကျောင်းလေးအကြောင်းကိုလည်း သိချင်ပါတယ်ဘုရား။ ကျောင်းသားအရေအတွက် ဘယ်လောက်ရှိတယ်၊ ဘာတွေဆက်လုပ်ဖို့ရှိတယ်ဆိုတာနဲ့ ဘာကြောင့် တည်ထောင်ဖြစ်တယ်ဆိုတာတွေကို သိချင်ပါတယ်ဘုရား။

ဖြေ – လောကအလင်းကို ဦးဇင်းတို့ တည်ထောင်ခဲ့တာကတော့ ၂ဝ၁၂ ပေါ့။ အဲဒီတုန်းက ကျောင်းသား ၅ဝ ပဲရှိတယ်။ ဆယ်တန်းသီးသန့်ပေါ့။
ဒီနှစ်မှာတော့ Fresherတန်း(နှစ်သစ်တန်း)အဖြစ် တက်နေကြတာ ၇၈ ယောက်ရှိပါတယ်။ မနက်ဖြန်အောင်စာရင်းထွက်မှာဆိုတော့ အောင်စာရင်းထွက်တဲ့အခါကျရင် Repeater (နှစ်ကျ)တွေတိုးလာပါတယ်။ နှစ်ကျတွေ ဘယ်လောက်တိုးမယ်ဆိုတာ လောလောဆယ် မသိရသေးပါဘူး။
၂ဝ၁၆-၁၇ ပညာသင်နှစ်ကတော့ နှစ်ကျ ၈၂ ဦးနဲ့ နှစ်သစ် ၅၁ ဦးရှိခဲ့ပါတယ်။ အားလုံးပေါင်း ၁၃၃ ဦးပါ။
(စာမေးပွဲကြီးမှာတော့ Fresher ၁၇ဦး၊ Repeater ၅၁ ဦးဖြေဆိုပါတယ်။ Fresher ၃ဦး Repeater ၁၃ ဦး အောင်ပါတယ်။ Fresher ၃ဦးမှာ တစ်ဦးက ၂ ဘာသာဂုဏ်ထူးရပါတယ်။)
ကျောင်းကို စပြီး တည်ထောင်တယ်ဆိုတာကတော့ ဆင်းရဲသားမိဘ ပြည်သူတွေ ပညာရေးစရိတ်ကြောင့် သူတို့ဘဝ မနစ်မွန်းအောင်လို့က ပထမ ရည်ရွယ်ပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ ငွေကြေးပြေလည်သူတွေနဲ့အတူ တန်းတူပညာသင်ကြားခွင့်ကိုလည်း ဖန်တီးပေးတဲ့ သဘောပေါ့။
နောက်တစ်ခုကတော့ ဦးဇင်းတို့ သင်ကြားတဲ့အထဲမှာ မြန်မာစာတို့၊ အင်္ဂလိပ်စာတို့ဆိုရင် တစ်တန်းကို သံဃာတော်နှစ်ပါး ခန့်အပ်ထားပါတယ်။ ရဟန်းသံဃာတွေနဲ့ ထိတွေ့ပြီးတော့ သံဃာတွေရဲ့အဆုံးအမရပြီး သူတို့လေးတွေ ဘွဲ့ရပညာတတ် မဖြစ်ဦးတော့ ဘုရားမှန်းတရားမှန်း သိသွားစေချင်တဲ့သဘောပေါ့။ အဲဒီရည်ရွယ်ချက်သုံးခုနဲ့ ဖွင့်လှစ် ထားတာပါ။ သာသနာပြုကျောင်းတော်လေးပါ။

မေး – ပြီးခဲ့တဲ့ ရွေးကောက်ပွဲမတိုင်မီကာလအတွင်းမှာ ပြည်တွင်းသတင်း ဌာနတွေရော၊ နိုင်ငံတကာသတင်းဌာ နတွေရော သတင်းဌာနတွေအများကြီးနဲ့ အင်တာဗျူးတွေ လုပ်ခဲ့တယ်ပေါ့ဘုရား။ သတင်းဌာနပေါင်း တစ်ရာ ကျော်နှစ်ရာနီးပါးလောက်ရှိတာကို တွေ့ရပါတယ်ဘုရား။ အဲဒီမှာ TIME မဂ္ဂဇင်း ကစလို့ ဒီလိုအင်တာဗျူးတွေပေးတိုင်း ပေးတိုင်း သူတို့က မကောင်းတဲ့အမြင်တွေနဲ့ အရှင်ဘုရားကို ရေးတာများလျက် သားနဲ့ အင်တာဗျူးတွေကို အရှင်ဘုရားအနေနဲ့ ဘာကြောင့်ဖြေပေးခဲ့တာလဲဆိုတာကို သိလို့ရရင် သိချင်ပါတယ် ဘုရား။
ဖြေ – ကိုယ်က လက်မခံရင်လည်း သူတို့ရေးချင်ရာ ရေးတဲ့အခါကျတော့ ပြန်ချေပတဲ့အခါမှာ အထောက်အထား မရှိဘူးပေါ့။ ကိုယ်ကပြောတယ်၊ ပြောတဲ့အတိုင်းမရေးဘူးဆိုရင်တော့ ကိုယ့်မှာ ချေပစရာအထောက်အထားရှိတာပေါ့။ အဲဒီ အချက်ကြောင့်လည်း သူတို့မကောင်းမှန်းသိလျက်သားနဲ့ လက်ခံခဲ့ တာပေါ့။
နောက်တစ်ချက်ကတော့ ဦးဇင်းမှာက မီဒီယာကျယ်ကျယ်ပြန့်ပြန့်မရှိတော့ သူတို့ရဲ့ မီဒီယာတွေထဲကပဲ တကယ်ဖြောင့်ဖြောင့်မတ်မတ် မီဒီယာတစ်ခုခုနဲ့ တိုးလိုတိုးငြားဆိုပြီးတော့ လက်ခံတာလည်းပါတာပေါ့။
ကိုယ့်မကောင်းကြောင်းပင် ရေးစေဦးတော့၊ သူတို့ရေးလိုက်တဲ့သတင်း အချက်အလက်က စာဖတ်သူတွေအပေါ်မှာ စိတ်ဝင်စားစရာ အချက်အလက်တစ်ခုလည်း ဖြစ်သွားတာပေါ့။
သူတို့ကတော့ မကောင်းကြောင်းလွှင့်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ် စိတ်ဝင်စားလို့ လာပြီးတွေ့ဆုံတဲ့သူတွေကျတော့ သူတို့ရေးတာနဲ့ တကယ့်လက်တွေနဲ့ တခြားစီဖြစ်နေတဲ့အခါကျတော့ ဦးဇင်းပရိသတ်က တိုးသွားတာပေါ့။ အဲဒီ ဆန့်ကျင်ဘက်အမြင်နဲ့လည်း စည်းရုံးပြီးသားဖြစ်သွားအောင် လက်ခံတာပါ။
ဟိုအရင်တုန်းကတော့ ဘာသာပြန်စာပေတွေ အဖတ်များတဲ့အခါ အနောက်နိုင်ငံတွေကို အတော်အထင်ကြီးမိတယ်။
ဖြောင့်မတ်တာတို့၊ သစ္စာရှိတာတို့၊ ကတိတည်တာတို့၊ သမာသမတ်ကျတာတို့ အထင်ကြီးစရာ အကြောင်းအရာတွေ စုံနေအောင်ကို ဖတ်ရတာပါ။
သူတို့ကို အထင်ကြီးမိတာလည်း ပါပါတယ်။
တကယ်တော့ သတင်းစာပညာနဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုရမည့်အစား မီဒီယာကို လက်နက်သဖွယ် အသုံးပြုပြီး ဗြောင်လိမ်ဗြောင်စား တိုက်ခိုက်ရေးသတင်းသမားတွေဖြစ်နေတာတွေ့ရမှ အထင်ကြီးစရာ တစ်ကွက်မှ မရှိပါလားဆိုတဲ့အသိ ဝင်လာခဲ့တာ။
(ဆက်လက်ဖော်ပြပါမည်။)