သတင်းအင်တာဗျူး

အတိုက်အခံဆိုရင် အတိုက်ခံကောင်းပီသရမယ်။ ပြည်သူကိုမျက်နှာမူပြီး အနစ်နာခံရပ်တည်နေတဲ့ အတိုက်အခံဖြစ်နေရမယ်(၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး – ထောက်ကြံ့က လမင်းသာဘီယာဆိုင်က သံဃာတု ခေါင်းစဉ်တပ်ပြီး ရိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အရှင်ဘုရားရဲ့ အမြင်ကို သိချင်ပါတယ်ဘုရား။

ဖြေ- သံဃာအတုဆိုတာကတော့ သူတို့ဘက်က အပြစ်ပေါ့အောင် ပြောတာမျိုးပေါ့။ တကယ်တမ်းကျတော့ သံဃာအစစ်မှန်း အသိသာကြီးပါ။
အငြိုးအတေးလည်းမရှိဘူး၊ စော်ကားမော်ကားပြုတာမျိုးလည်းမရှိဘူး။ ကိုယ့်ဆိုင်ထဲ အကူအညီလာတောင်းတာနဲ့တင် သူတို့က သံဃာတွေကို မုန်းတီးတဲ့စိတ်နဲ့ မချေမငံပြောလွှတ်လိုက်တဲ့ကိစ္စမှာ ဆရာတော်ကြီးက ငယ်ဖြူဆိုတော့ သည်းမခံနိုင်လို့ တောင်ဝှေးနဲ့ ရိုက်လိုက်တယ်လို့ ကြားတာပေါ့နော်။ အဲဒီအပေါ်မှာ သံဃာတုခေါင်းစဉ်တပ်ပြီးတော့ ချကျတာပေါ့။ တချို့ပြောတာဆိုရင် ဆရာတော်ကြီးက ရေတောင်းသောက်တယ်၊ သူတို့က ရေမရှိဘူး ဘီယာပဲရှိတယ်လို့ ပြောတယ်။ ဆရာတော်ကြီးက သူ့ကို အဲဒီလိုပြောရမလားဆိုပြီးတော့ စော်ကားမော်ကားပြောရမလားဆိုပြီးတော့ ဒေါသဖြစ်တယ်။ ဒေါသဖြစ်တာကို (သူတို့က) ရန်လုပ်တယ်။ ရန်လုပ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးက တောင်ဝှေးနဲ့ရိုက်တယ်။ တောင်ဝှေးနဲ့ရိုက်တဲ့အပေါ်မှာ ဒေါသဖြစ်ပြီး ကိုယ်ထိလက်ရောက်စော်ကားမိတာကို ကာကွယ်ဖို့အတွက် သံဃာတုဆိုတဲ့ ခေါင်းစဉ်တပ်လိုက်တာပေါ့နော်။

နောက် ရဲစခန်းတို့ သံဃာ့နာယကတို့သွားတဲ့အချိန်ကျတော့လည်း သူတို့နည်းသူတို့ဟန်နဲ့ ဘုန်းကြီးကို အရပ်သမားလို့ ထင်မှားအောင် လုပ်ကြံလိုက်ကြတာပေါ့။ တကယ်တော့ ဆရာတော်ကြီးရဲ့ သမိုင်းကြောင်းအရပဲကြည့်ကြည့် ဆောင်ရွက်ချက်အရပဲကြည့်ကြည့်၊ နေပုံထိုင်ပုံအရပဲကြည့်ကြည့် အကျင့်သိက္ခာအရပဲကြည့်ကြည့် ဆရာတော်ကြီးဟာ အင်မတန်ဖြူစင်တဲ့ ငယ်ဖြူဆရာတော်တစ်ပါးဆိုတာ ထင်ရှားနေတာပေါ့နော်။

မေး – သံဃာတုလို့ ခေါင်းစဉ်တပ်တဲ့ကိစ္စတွေက ဒီဘက်ခေတ်မှာ တော်တော်လေးကို များလာတယ်ပေါ့ဘုရား။ အရင်ကလည်းပဲ ရန်ကုန်မှာ ဖိနပ်ဖိုးအလှူခံတာတွေ၊ ဘတ်စ်ကားပေါ်မှာ စာအိတ်နဲ့အလှူခံတာတွေ ရှိခဲ့ကြပေမယ့် သံဃာဆိုတဲ့စိတ်နဲ့ သည်းခံနိုင်ခဲ့၊ မမြင်ချင်ယောင်ဆောင်နိုင်ခဲ့ကြတာပဲ။ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာတော့ သံဃာတွေနဲ့ ပတ်သက်လာရင် သိပ်ပြီးတော့ ထိလွယ်ရှလွယ်ဖြစ်လာတာဟာ ဗုဒ္ဓဘာသာလူထုက သံဃာတွေအပေါ်မှာထားတဲ့ ကြည်ညိုမှုတွေ လျော့သွားတဲ့သဘောလားဘုရား။

ဖြေ – လျော့သွားတဲ့သဘော အများကြီးသက်ရောက်တာပေါ့။ ပြောရမယ်ဆိုရင် အဲဒါက နိုင်ငံရေးလည်းပါတာပေါ့နော်။ အပြောနှင့်အလုပ်မညီတဲ့အပြင် ဘာသာ သာသနာကို ညှိုးမှိန်အောင်လုပ်နေတဲ့ အစိုးရခေါင်းဆောင်တစ်ယောက်အပေါ် မကြည်ဖြူတဲ့စိတ်တွေရှိတဲ့သူတွေဟာ ပင်နီမြင်တိုင်း ရွံမုန်းသလိုလေ။
သူတို့အစိုးရအတိုက်အခံလုပ်တဲ့ ထင်ရှားတဲ့ သံဃာတော်တွေကို အကြောင်းပြုပြီးတော့ သင်္ကန်းဝတ်ထားတဲ့သူတိုင်းကို ပစ်မှားချင်တဲ့စိတ်တွေ၊ လက်စားချေချင်တဲ့စိတ်တွေ ပေါ်ပေါက်နေတာပေါ့နော်။ ကိုယ်ထိလက်ရောက်ကျူးလွန်ချင်တဲ့စိတ်တွေ
တော်တော်ကြီးစိုးသွားတာပေါ့နော်။ အဲဒါကျတော့ သဒ္ဓါတရားဆုတ်လျော့ရုံတင်မကဘူး အရောင်ဆိုးတာတွေပါလာတာပေါ့။

မေး- အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား-ဆိုတဲ့စာတစ်ပုဒ်ကို နိုဝင်ဘာ ၃၀ ရက်နေ့က အရှင်ဘုရားတင်ထားတာတွေ့ရပါတယ်ဘုရား။ “အမျိုးသားရေးသမားက အမျိုးသားအကျိုးစီးပွား အဓိက။ နိုင်ငံရေးသမားက ကိုယ်ကျိုးစီးပွား အဓိကသာ ဖြစ်ပါသည်။”လို့ ပြောထားတာတွေ့ရပါတယ်ဘုရား။ အမျိုးသားအကျိုးစီးပွားနဲ့ပတ်သက်ပြီး အရှင်ဘုရားဘက်က ဘယ်လိုအဓိပါယ်ဖွင့်ချင်ပါသလဲဘုရား။

ဖြေ – ကျယ်ကျယ်ပြန့်ပြန့်ပြောရရင်တော့ အများကြီးပေါ့။ သူ့ဘက်ကိုယ့်ဘက်ပြောရမယ်ဆိုရင်တော့ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာဖြစ်လာရင် အမျိုးသားအကျိုးစီးပွားက ဗုဒ္ဓဘာသာအတွက် ဖြစ်သွားတာပေါ့။ တိုင်းရင်းသားနဲ့ လူမျိုးခြားဖြစ်သွားရင် အမျိုးသားအကျိုးစီးပွားက တိုင်းရင်းသားအတွက် ဖြစ်သွားတာပေါ့နော်။ နိုင်ငံသားနဲ့ နိုင်ငံခြားသား ထိပ်တိုက်တွေ့တဲ့အခါမျိုးမှာ အမျိုးသားအကျိုးစီးပွားက နိုင်ငံသားအတွက်ဖြစ်သွားတာပေါ့။။
ကိုယ့်နိုင်ငံနဲ့ သူ့နိုင်ငံ ဖြစ်လာတဲ့အခါမျိုးမှာဆိုရင် အမျိုးသားအကျိုးစီးပွားက ကိုယ့်နိုင်ငံအတွက် ဖြစ်သွားတာပေါ့။ အဲဒီလိုပဲ ကိုယ့်အတ္တနဲ့ သူတစ်ပါး ပရပေါ့၊ ဒီလို အတ္တနဲ့ပရ ယှဉ်လာတဲ့အခါမျိုးကျရင်တော့ အမျိုးသားအကျိုးစီးပွားက ပရဖြစ်သွားတာပေါ့။
အဲဒါကို ရည်ရွယ်ပြီး အဲဒီစာလေး ရေးထားတာပါ။

မေး – အဲဒီဆောင်းပါးနဲ့ပဲပတ်သက်ပြီး သတင်းမီဒီယာတစ်ခုက သတင်းလုပ်ပါသေးတယ်ဘုရား။ ဦးဝီရသူက နိုင်ငံရေးသမားက ကိုယ်ကျိုးစီးပွားအဓိက ဆိုတာကို ရေထားတယ်ဆိုပြီး သတင်းဖော်ပြတယ်ပေါ့ဘုရား။ သတင်းရဲ့အဓိပ္ပါယ်က ဘယ်လိုထွက်နေသလဲဆိုရင် နိုင်ငံရေးသမားတွေနဲ့ အရှင်ဘုရားကို ရန်တိုက်ပေးထားတဲ့သဘောပါပဲ။ အဲဒါနဲ့ပတ်သက်ပြီးရော ဘယ်လိုမြင်ပါသလဲဘုရား။

ဖြေ – သတင်းမီဒီယာတွေကတော့ အခုနောက်ပိုင်း ၀ီရသူကျဆုံးအောင် မတိုက်ခိုက်နိုင်တော့ အဲဒီလိုမျိုးတွေ ရေးတာတွေပဲ တွေ့ရတာပေါ့နော်။ ကိုယ်ကျိုးစီးပွားမရှိတဲ့ နိုင်ငံရေးသမားက ဘယ်နှစ်ယောက်ရှိလို့လဲ။ သူတို့တတွေပေးဆပ်တာတွေ စွန့်လွှတ်တာတွေ အားလုံးဟာ ရင်းနှီးမြှပ်နှံမှုတစ်ခုအဖြစ်ပါပဲ။ အခု အကျိုးအမြတ်တွေ ခံစားနေကြတာလေ။
အမျိုးသားရေးသမားဆိုတာက သူတို့လို အကျိုးအမြတ်မျှော်လင့်စရာ ဘာတစ်ခုမှမှ မရှိတာကြီး။ တစ်ခုပဲကြည့်လိုက်လေ
အဖွဲ့အစည်းတစ်ခုဆိုရင် ဂျော့ဆိုးရော့စ်က ဒေါ်လာ ၆၇ သန်းလှူပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူအတွက် ဘာမှမလုပ်တော့ဘဲ ထိုင်စားတဲ့အဆင့်ထိကို ရောက်သွားတာပေါ့။ ဒါတွေဟာ သူတို့ပေးဆပ်ခဲ့တဲ့ စွန့်လွှတ်ချက်တွေရဲ့ အကျိုးအမြတ်တွေပေါ့။
ဒီအကျိုးအမြတ်တွေကို လက်မခံဘူး၊ ပြည်သူအတွက်ပဲ ဆောင်ရွက်မယ်ဆိုရင်တော့ ဒါဟာ ကိုယ်ကျိုးစီးပွားလို့ ပြောလို့မရဘူးလေ။ ဒီ အကျိုးအမြတ်ကို လက်ခံပြီးတော့ ဘာမှ မလုပ်ဘဲ ထိုင်စားနေတာကိုကျတော့ ကိုယ်ကျိုးစီးပွားလို့ မပြောလို့ ဘယ်လိုပြောရမလဲ။

မေး – သတင်းမီဒီယာတစ်ခုက အရှင်ဘုရားရဲ့ မိန့်ခွန်းမဟုတ်၊ ကြေညာချက်မဟုတ်တဲ့ ဆောင်းပါးတစ်ပုဒ်ထဲက စာတစ်ပိုဒ်ကို အဆိုးဘက်က ချဲ့ကားပြီး သတင်းလုပ်ထားနဲ့ပတ်သက်လို့ကော ဘာများပြောချင်ပါသလဲဘုရား။

ဖြေ – အခုခေတ်မီဒီယာသမားတွေကတော့ စတုတ္ထမဏ္ဍိုင်သိက္ခာကျအောင်ကို သက်သက်ဖျက်ဆီးနေတယ်လို့ ယူဆတာပေါ့နော်။ အဲဒီလိုပုဂိုလ်တွေက အများစုဖြစ်နေတဲ့အခါကျတော့ ဦးဇင်းတို့က ပြည်တွင်းမီဒီယာကိုပါ အဖက်မလုပ်ဘဲနေလိုက်တာပေါ့။ တကယ်တမ်းပြောမယ်ဆိုရင်တော့ ဦးဇင်းတို့က စတုတ္ထမဏ္ဍိုင်ဆိုပြီးတော့ တအား အထင်ကြီးခဲ့တယ်၊ တအား လေးစားခဲ့တယ်၊ တအားကူညီခဲ့တယ်၊ တအား သည်းခံခဲ့တယ်ပေါ့။ ဒါပေမယ့် သူတို့တွေဟာ တစ်စုံတစ်ယောက်ကို ကာကွယ်ဖို့အတွက်
တစ်စုံတစ်ယောက်ကို လိုက်တိုက်ခိုက်နေတာကလွဲရင် တခြားဘာမှမလုပ်တတ်ပါလားလို့ သိသွားတဲ့နောက်ပိုင်းမှာတော့
ဝီရသူက သူတို့ကို တာ့တာ လုပ်ထားလိုက်တာပေါ့။

မေး – အမှုဖြစ်တဲ့ သံဃာတော်တွေကို လူဝတ်လဲတဲ့ကိစ္စလည်း မေးချင်ပါတယ်ဘုရား။ သံဃာတော်တွေကို လူဝတ်လဲခွင့် မရှိပါ။ လူဝတ်မလဲသင့်ဘူးလို့ ၂ဝ၁၄ ခုနှစ်မှာကတည်းက အရှင်ဘုရား ရေးခဲ့ပြောခဲ့တာတွေ့ရပါတယ်ဘုရား။ သံဃာတွေ အမှုတွဲတစ်ခုခုဖြစ်တာနဲ့ပဲ လူဝတ်လဲကြတာက အစိုးရအဆက်ဆက်ရှိခဲ့ကြတယ်။ ခုထိလည်း ရှိတုန်းပဲပေါ့လေ။ အဲဒါနဲ့ပတ်သက်ပြီး
မဟနမှာ တာဝန်ရှိသလား၊ သာသနာရေးဝန်ကြီးဌာနမှာ တာဝန်ရှိသလား ဘယ်လိုသုံးသပ်ပါသလဲဘုရား။

ဖြေ – မဟနက အစိုးရလို့ပြောရင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်တွေက အထက်လွှတ်တော် အောက်လွှတ်တော် ကိုယ်စားလှယ်တွေပေါ့။ ဥပဒေတွေကို ပြင်ဖို့နဲ့ ဖျက်ဖို့ ပြောင်းဖို့ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ရှိတဲ့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်အပေါ်မှာ မူတည်တာပေါ့။ ဒီ ဆရာတော်တွေက ပြုပြင်ပြောင်းလဲတာကို မဟနက အတည်ပြုပေးရတာပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း အရပ်ဝတ်ဆင်းမြန်းခံရတဲ့ အချုပ်သားသံဃာတော်တွေမြင်ရတိုင်း ဒီအကြံပေါ်နေတာပေါ့။ တက်လာတဲ့အစိုးရတိုင်းသံဃာတွေကို အနိုင်ကျင့်လို့မရအောင် ပါရဇိကကျလောက်တဲ့အပြစ်ကြီးကြီးမားမားမဟုတ်ဘဲ နိုင်ငံရေးကြောင့်၊ သို့မဟုတ် အမျိုးသားရေးကြောင့်၊ ယုံကြည်ချက်တစ်ခုခုကြောင့် ထောင်ကျရတဲ့ သံဃာတော်တွေကို လူဝတ်လဲလို့ မရအောင် ဥပဒေရေးဆွဲဖို့ကတော့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်တွေမှာ တာဝန်ရှိတယ်။ ဆရာတော်တွေက ဒါတွေကို အရေးတစိုက်လုပ်ဖို့အတွက် ဆော်သြဖို့က ဦးဇင်းတို့ မဘသဆရာတော်တွေမှာ တာဝန်ရှိတယ်။

(ဆက်လက်ဖော်ပြပါမည်။)
ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်။