သတင်း

အမျိုးသားရေးသမားဆိုတာ ဆူးကြားက ဘူးခါးပါပဲ (၂) နိဂုံး (ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံခြင်း)

မေး – ဘူရ်ခါဝတ်တာတို့၊ ခေါင်းမြီးခြုံတာတို့တွေဟာ အရင်က အတော်လေးအတွေ့ရနည်းပေမယ့် အမျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးလှုပ်ရှားမှုတွေနဲ့အတူ တစ်ဖက်မှာလည်းကျယ်ပြန့်လာတယ်လို့ သတိထားမိပါတယ်ဘုရား။
ဒါကို ထိပ်တိုက်တွေ့မှုလို့ ယူဆလို့ ရနိုင်သလား။
ဖြေ – အမျိုးစောင့်ဥပဒေနဲ့တော့ မဆိုင်ပါဘူး။ တိုက်ဆိုင်မှုတစ်ခုတော့ ဖြစ်နိုင်တာပေါ့။ သူတို့တတွေ လူဦးရေများလာရင်တော့ ဒီပုံစံအတိုင်းဖြစ်သွားတာပဲလေ။ ဟိုးအရင်တုန်းက အတွေ့ရနည်းတယ်ဆိုတာကတော့ သူတို့တွေ လူဦးရေနည်းလို့ ဖာသိဖာသာပဲ နေခဲ့ကြတာပေါ့နော်။ အခုတော့ သူတို့ယဉ်ကျေးမှု ထူထောင်နိုင်တဲ့အင်အားတွေ သူတို့မှာ ရှိသွားပြီဆိုတော့ ဘယ်သူ့ကိုမှ သူတို့ဂရုစိုက်ကြတော့မှာ မဟုတ်ဘူးလေ။
မောင်းတောလိုမျိုးဆိုရင် ပိုဆိုးတာပေါ့။ အမျိုးသမီးတိုင်း အမျိုးသမီးတိုင်း ဘူခါရ်တွေနဲ့ သွားလာနေကြတာတွေ့ရတာပေါ့နော်။

မေး – မောင်တောအကြောင်းပြောလို့ တစ်ဆက်တည်းမေးရရင် မောင်တောမှာပဲ ဘင်္ဂါလီတစ်သောင်းလောက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားဖို့လုပ်နေတာမျိုးတွေ အစိုးရပိုင်းက သတင်းထုတ်ပြန်တယ်ပေါ့။
အဲဒါရော ဘာကြောင့်ဖြစ်မလဲဘုရား။
ဖြေ – သူတို့တတွေက အကြောင်းပြတာတော့ ဌာနေတိုင်းရင်းသားတွေက သူတို့ကိုခြိမ်းခြောက်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတွေ့ရတာပေါ့နော်။ အဲဒါကြီးကတော့ ယုတ္တိလုံးဝကို မရှိပါဘူး။
ခုနစ်သိန်းကျော်ရှိတဲ့ ဘင်္ဂါလီတွေကို သုံးသောင်းကျော်ရှိတဲ့ ရခိုင်တွေက ခြိမ်းခြောက်တယ်ဆိုတာကြီးက သဘာဝနဲ့ လုံးဝဆန့်ကျင်တာပေါ့နော်။
တကယ်တမ်းပြောရမယ်ဆိုရင်တော့ အကြောင်းအရင်းက နှစ်ချက်ရှိပါတယ်။ တစ်အချက် – သူတို့ကို ထွက်လာဖို့ ဟိုကနေ အမိန့်ပေးတယ်။ သူတို့ထွက်သွားပြီဆိုရင် ဘူးသီးတောင်နယ်မြေကို အကြမ်းဖက် စစ်ဆင်ဖို့အတွက်ပေါ့နော်။ နှစ်အချက်ကတော့ နိုင်ငံရေးအမြတ်ထုတ်ဖို့ပေါ့။ ဒီလိုပဲ ဘူးသီးတောင်တင်မဟုတ်ဘဲ မောင်တောမှာရှိတဲ့ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ကိုပြေးလာပြီ
စစ်တပ်က ဘယ်လိုလုပ်လို့ပါ၊ ရဲက ဘယ်လိုလုပ်လို့ပါ၊ ရခိုင်တွေက ဘယ်လိုလုပ်လို့ပါ။ အဲဒီလိုပြောပြီး ကမ္ဘာကြီးကို လှည့်စားချင်လို့ပေါ့နော်။
ဒီနှစ်ချက်ကြောင့်လုပ်တာကတော့ တော်တော်လေးကို မြင်သာပါတယ်။

မေး – ဒီဘင်္ဂါလီအရေးကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပုံဖြုတ်တာတို့၊ အောက်စဖို့ဒ်ကပေးထားတဲ့ ဘွဲ့ကိုပြန်ရုတ်သိမ်းတာတို့ကို ဗြိတိန်က ဆက်တိုက်လုပ်လာတယ်ပေါ့ဘုရား။
ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲဘုရား။
ဖြေ – ဒါ အင်္ဂလန်ပဲ ရှိသေးတာလေ။ အမေရိကန်ကလည်း ထပ်လုပ်ဦးမှာပဲ။ ဘာလို့လဲဆိုတော့ ဒေါ်နယ်ထရမ့်ကြီးတက်လာတယ်။ အမျိုးသားရေးစိတ်ရှိတယ်ဆိုပြီး တို့နိုင်ငံကလူတွေက ၀ိုင်းထောက်ခံကြတယ်။
တို့နိုင်ငံမှာလည်း အမျိုးသားရေးနဲ့ပတ်သက်ပြီး အကြပ်အတည်းတွေ တွေ့လာတယ်။ ဒေါ်နယ်ထရမ့်ကြီးက စာနာတဲ့အနေနဲ့ အစိုးရဘက်ကရပ်တည်မယ်၊ မြန်မာဘက်က ရပ်တည်မယ်ဆိုပြီး တို့တတွေ ထင်မြင်ယူဆခဲ့တာပေါ့နော့။
ဒါပေမယ့် သူက ဘင်္ဂါလီဘက်ကရပ်တည်သွားတာပဲလေ။ အဲဒီလို ပုံစံမျိုး သူ့ရှေ့က အိုဘားမားလည်း မြန်မာပြည်ကလက်မခံတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တွင်တွင်သုံးသွားတယ်ပေါ့၊ မြန်မာပြည်ကို လာစဉ်ကလည်းပဲ ဒီအသုံးအနှုန်းကို သုံးသွားတယ်ဆိုတော့ ပြောရမယ်ဆိုရင် ဧည့်သည်က အိမ်ဦးခန်းထဲ မဖွယ်မရာလုပ်ပြသွားတာပေါ့ကွာ။
အဲဒီလောက်ထိအောင် သူတို့တွေက ဆိုးဝါးတယ်။ အဲဒါတွေက နိုင်ငံရေးနဲ့ဆိုင်သွားတာပေါ့နော်။ ပထ၀ီနိုင်ငံရေးမှာ မြန်မာပြည်က စစ်တလင်းဖြစ်သွားတာပေါ့။

မေး – ၂၀၁၂ လောက်တုန်းက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး၊ ငြိမ်းချမ်းရေးဆိုတာတွေကို လုပ်ခဲ့တာတွေ့ရပါတယ်ဘုရား။ အဲဒီတုန်းက ဘယ်လိုအခြေအနေကြောင့် လုပ်ဖြစ်တာလဲ ဘယ်လိုစိတ်ကူးတွေကြောင့် လုပ်ဖြစ်တာလဲဆိုတာလေး သိချင်ပါတယ်ဘုရား။
ဖြေ – အဲဒါလည်း ထောင်ထဲမှာနေတာကြာတဲ့အခါကျတော့ ပြန်ပြီးသုံးသပ်ကြည့်တဲ့အခါ အမျိုးသားရေးတရားတွေဟောခဲ့တာဟာ ထောင်ထဲမှာ နှစ်ပေါင်းများစွာနေရတဲ့အထိကို တာဝန်ကျေခဲ့ပြီ။
ပြန်ရောက်လာတဲ့အခါ ဆိုကြပါစို့ နိုင်ငံရေးလုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စခဲ့တာပေါ့။ နိုင်ငံရေးလုပ်တဲ့အခါ ငြိမ်းချမ်းရေးဆိုတာ လိုအပ်လာတာပေါ့။ အဲဒီငြိမ်းချမ်းရေအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲတွေ မဖြစ်မနေလုပ်သင့်တယ်လို့ ယူဆတဲ့အတွက် လုပ်ခဲ့တာပေါ့နော်။

မေး – အခုအချိန်မှာရော ဘာသာပေါင်းစုံချစ်ကြည်ရေးဆိုတဲ့အဖွဲ့တွေနဲ့ အရှင်ဘုရားနဲ့ ဘယ်လိုကြောင့် မပူးပေါင်းဖြစ်တာလဲဘုရား။
ဖြေ – သူတို့တတွေက ဘာသာပေါင်းစုံလို့သာ အမည်တပ်ထားတာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေရဲ့ လွှမ်းမိုးမှုတွေ ရှိနေတယ်လို့ ယူဆစရာတွေ ရှိနေတယ်ပေါ့လေ။
ဘယ်လိုတွေ့ရသလဲဆိုတော့ မုဒိမ်းမှုတစ်ခုဖြစ်တယ်၊ မုဒိမ်းမှုကျူးလွန်တဲ့သူက မွတ်ဆလင်တစ်ဦး၊ သူ့ကို ထောင်ထဲထည့်ထားရင် အဲဒီ ဘာသာပေါင်းစုံဆိုတဲ့အဖွဲ့က အဲဒီမွတ်ဆလင်ကို ထောင်ထဲက ပြန်ထွက်ဖို့အတွက် ကျူးလွန်ခံရသူ တရားလို မိန်းကလေးကို ငွေနဲ့ပေါက်တယ်၊ စည်းရုံးတယ်၊ ကြေအေးဖို့တိုင်ပင်တယ်၊ ဒီက သံဃာတွေမသိခင်၊ မျိုးချစ်တွေ မသိခင် ဆင်းရဲသူမလေးက ငွေရပြီး တိတ်တိတ်ကလေးကြေအေးသွားတယ်။ အဲဒီလို အမှုတွေကို အများကြီး ကြုံတွေ့ခဲ့ရတယ်။
ဒုစရိုက်မှုကျူးလွန်သူတွေကို တရားဥပဒေအတိုင်း အရေးယူမခံရအောင် လုပ်နေကြသလားတို့ တစ်ခါတစ်ခါ တွေးမိတယ်။

မေး – အောင်ဇေယျတုဂျာနယ် နောက်ဆုံးအပတ်မှာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက အရှင်ဘုရားအတွက် ဂုဏ်ပြုကဗျာတစ်ပုဒ်ရေးပေးထားတာကိုတွေ့ရပါတယ်ဘုရား။
အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရပါသလဲဘုရား။
ဖြေ – ကဗျာက ရှည်တော့ အကုန်တော့ပြောလို့မရဘူးပေါ့နော်။ အဲဒီထဲမှာ စကားလုံးတစ်လုံးက တော်တော်ပြောင်မြောက်တယ်။ အဲဒီစကားလုံးကို ကြားလိုက်ရတာ ရင်ထဲမှာ အခုချိန်အထိ
ဘ၀င်ခိုက်သွားတာပေါ့နော်။ အဲဒီစကားလုံးက ၀ီရာသဘ ဆိုတဲ့စကားလုံးပေါ့။ အာသဘဆိုတာ မြင့်မြတ်တာတို့၊ အကြီးအကဲတို့ကို ပြောတာပေါ့နော်။ ၀ီရနဲ့ အာသဘဆိုတဲ့စကားလုံးကို မဟာဗောဓိမြိုင်ဆရာတော်ကြီးက တီထွင်လိုက်တာလေ။ ဒီစကားလုံးက သံဃာ့လောကမှာ ရဟန်းဘွဲ့၊ ရှင်ဘွဲ့ ဘွဲ့အမည်အဖြစ်နဲ့လည်း ထွန်းကားလာနိုင်တယ်။
ကလောင်အနေနဲ့လည်းပဲ သုံးစွဲလာတာပေါ့နော်။ တောရဆောက်တည်နေတဲ့ ၀ိပဿနာဆရာတော်ကြီး တစ်ပါးက တကယ့်ကမ္ဘာ့လူဆိုးကြီးအဖြစ်သတ်မှတ်ခံထားရတဲ့အမျိုးသားရေးဆရာတော်လေးတစ်ပါးကို ၀ီရာသဘ ဆိုတဲ့ဂုဏ်ပုဒ်ကြီးနဲ့ ချီးမြှင့်လိုက်တာကတော့ အဆဲခံရတာတွေ၊ အခြိမ်းခြောက်ခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေ၊ အဝေဖန်ခံရတာတွေအကုန်လုံးကို တစ်ချက်တည်းနဲ့ ယူပစ်လိုက်သလို ပျောက်သွားအောင် လုပ်လိုက်တယ်လို့ အောက်မေ့ရပါတယ်။ အဲဒီအတွက် ဆရာတော်ကြီးကို အင်မတန်ကျေးဇူးတင်ပါကြောင်းလည်း လျှောက်ထားလိုပါတယ်။

မေး – ဒီတစ်ပတ်အတွက်လည်း အမျိုးသားရေးသမားတွေအတွက် သြ၀ါဒစကားလေး မိန့်ပေးပါဦးဘုရား။
ဖြေ – အမျိုးသားရေးသမားတွေဆိုတာ ဆူးကြားက ဘူးခါပါပဲလို့။ နိုင်ငံရေးသမားတွေရဲ့ သံသယမျက်လုံး၊ အစိုးရရဲ့သံသယမျက်လုံး၊ လူမျိုးခြားတွေရဲ့ သံသယမျက်လုံးနဲ့ စောင့်ကြည့်ဝေဖန်ခံနေရတဲ့ဘ၀ပါ။ ဆူးကြားမှာရှိတဲ့ ဘူးခါးပင်ဖြစ်သော်လည်းပဲ ပိန့်လှိမ့်ပြီးတော့ ကိုယ်တတ်နိုင်သလောက် ထွန်းပေါက်အောင်တော့ သီးပွင့်ရမှာပဲလေ။
ဆူးကြားမှာရှိတဲ့ ဘူးခါးလို ဘဝတစ်ခု ရပ်တည်ရှင်သန်နိုင်ဖို့ ခံနိုင်ရည်ရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
13.10.2017 ရက်နေ့ထုတ် မြန်မာ့ဥဒါန်းဂျာနယ် အမှတ်(၂)