သတင်း

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၃)

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက်

(ဃ) (၄)နှစ်တိုင်ရပ်တည်ခဲ့သော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို တရားမဝင်ဖွဲ့စည်းထား သောအဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်သည် မှားယွင်းနေကြောင်း သုံးသပ်ချက်။

၃၂။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန တွင် အပိုဒ်(၁)၌ (၁၅.၇.၂၀၁၃) နေ့ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါး စုံညီဒုတိယအကြိမ်အစည်းအဝေးတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တရားမဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းသာဖြစ်ကြောင်း ဆုံးဖြတ်ထားပြီးဖြစ်သည် ဟု ဖော်ပြထားပါသည်။

၃၃။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့သည် ရဟန်းသံဃာ သီးသန့်ဖွဲ့စည်းထားသော သံဃာ့အဖွဲ့အစည်းမဟုတ်သောကြောင့် သံဃာ့နာယကအဖွဲ့အစည်းအဆင့်ဆင့်၏ သြဝါဒကို ခံယူစရာ မလိုသော်လည်း နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့သည် သံဃရာဇာသံဃာပိတာ သံဃာ့ဥသျှောင် ဆရာတော်ကြီးများဖြစ်သည့်အတွက် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး (၂၃.၇.၂၀၁၃) ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးထံသို့ လိပ်မူ၍ သြဝါဒခံယူခွင့်ပြုပါရန် လျှောက်ထားခဲ့ပါသည်။ မဟနဥက္ကဋ္ဌဆရာတော်ကြီး ကိုယ်တိုင် သြဝါဒပေးခဲ့ပါသည်။

၃၄။ ၂၀၁၄ ခုနှစ် မေလ(၈)ရက်နေ့တွင်လည်း နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီး၊ အကျိုးတော်ဆောင်ဆရာတော်များနှင့် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး၊ ဗဟိုဦးဆောင်ဆရာတော်ကြီးများတို့သည် ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်ခန်းမတွင် တွေ့ဆုံပွဲ တစ်ရပ်ကိုကျင်းပ ပြုလုပ်ခဲ့ပါသည်။

၃၅။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဖွဲ့စည်းတည်ထောင်ခြင်း(၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့် သြဝါဒခံယူပွဲအခမ်းအနားကြီးကို ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၁-၂၂)ရက်နေ့ များတွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် ယင်းအစည်းအဝေးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ ကျင်းပမည်ဖြစ်ကြောင်း၊ လိုအပ်သည့်လမ်းညွှန်မှုများပေးတော်မူပါဘုရားဟု ၂၀၁၄ ခုနှစ်၊ မေလ (၁၇)ရက်နေ့ပါ စာအမှတ် ၀၀၂၆/စီမံ-၂၀၁၄ ဖြင့် လျှောက်ထားလွှာ(၁)စောင်ကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့သို့ ဆက်ကပ်ခဲ့ပါသည်။

၃၆။ ထိုသို့ပင်ဖိတ်လျှောက်ထားဆက်ကပ်လျက်အရ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဖွဲ့စည်းတည်ထောင်ခြင်း(၁)နှစ်ပြည့် နှစ်ပတ်လည် ညီလာခံကျင်းပသည့် အောင်ဆန်းတောရကျောင်း၊ အင်းစိန်မြို့သို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးဖြစ်သည့် ဗန်းမော်ဆရာတော်ကြီး ကိုယ်တိုင်နှင့် ဒုတိယဥက္ကဋ္ဌဆရာတော်ကြီးဖြစ်သည့် ဆင်းမင်းဆရာတော်ကြီးကိုယ်တိုင်တို့သည် ကြွရောက်ပြီး ကိုယ့်အချင်းချင်း ညီအစ်ကိုတွေလို သားအဖတွေလို ညီအစ်ကိုအချင်းချင်း၊ ဆရာတပည့်အချင်းချင်း လက်တွဲပြီး လုပ်ကြရမှာဟု စသည်ဖြင့် ဝမ်းသာအားရ သြဝါဒကထာများ ချီးမြှင့်ခဲ့ပါသည်။

၃၇။ (၁၅.၇.၂၀၁၃) ရက်နေ့တွင် ကျင်းပသော သတ္တမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါး စုံညီ ဒုတိယအကြိမ်အစည်းအဝေးတွင် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တရားမဝင်ဖွဲ့စည်း ထားသော အဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် အမှန်တကယ်ဆုံးဖြတ်ခဲ့မည် ဆိုပါလျှင် (၂၃.၇.၂၀၁၃)ရက်နေ့တွင် ကျင်းပခဲ့သည့် သြဝါဒခံယူပွဲ(၈.၅.၂၀၁၄) ရက်နေ့တွင် ကျင်းပခဲ့သည့် တွေ့ဆုံပွဲ (၂၁-၂၂.၆.၂၀၁၄) ရက်နေ့တွင် ကျင်းပခဲ့သည့်(၁)နှစ်ပြည့် ညီလာခံနှင့် သြဝါဒခံယူပွဲတို့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများသည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)သို့ သြဝါဒကထာများ ချီးမြှင့်ပေးရန်အကြောင်း တစ်စုံတစ်ရာမရှိပါ။ သို့သော်လည်း နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့သည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ အမျိုးဘာသာ သာသနာနှင့် ပတ်သက်၍ လုပ်ဆောင်ချက်များကို လိုလိုလားလားနှစ်သက်တော်မူသောကြောင့် သြဝါဒကထာများ ချီးမြှင့် ပေးခဲ့ခြင်းဖြစ်ပါသည်။

၃၈။ ထိုစဉ်ကတည်းကပင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကို တရားမဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း အကြောင်းပြချက်ဖြင့် တားမြစ်ပိတ်ပင်ရပါမည်။ ထိုသို့ဆောင်ရွက်ခဲ့ခြင်းမရှိပါဘဲနှင့် ယခုမှ တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း ဆုံးဖြတ်ချက်သည် မှားယွင်း နေပါသည်။

၃၉။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သက်တမ်းသည်(၄)နှစ်ပြည့်အချိန်ရောက်မှ ဆုံးဖြတ်တော်မူခြင်းသည် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ခြင်းအား မလိုလား၊ မနှစ်သက်သော မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်အချို့၏ ပယောဂကြောင့် ဖြစ်သည်ဟု သုံးသပ်တွေ့ရှိရပါသည်။

၄၀။ (၄)နှစ်တိုင်တိုင် ရပ်တည်ခဲ့သော အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို တရားမဝင်ဖွဲ့စည်း ထားသောအဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ (၂၃.၅.၂၀၁၇)ရက်စွဲပါ ဆုံးဖြတ်ချက် သည် မှားယွင်းနေကြောင်း သုံးသပ်တွေ့ရှိရပါသည်ဘုရား။