သတင်း

အမေနေ့ ကဗျာပြိုင်ပွဲ တတိယဆုရ ကဗျာ

(ပြာသလိုလပြည့် အမေနေ့အထိမ်းအမှတ်အဖြစ် သဟာယစာဖတ်ဝိုင်းက ကြီးမှူးကျင်းပတဲ့ ကဗျာပြိုင်ပွဲလေးပါ။ နီးစပ်ရာ စာသင်ရဟန်းပျိုများ ကျောင်းသူကျောင်းသားလေးများ လာရောက် ကဗျာရွတ်ဆိုကြပါတယ်။ အကဲဖြတ်ဒိုင်နှစ်ဦးကတော့ ပြည်ချစ်သားဂျာနယ် အယ်ဒီတာချုပ် ဦးနိုင်ဝင်းထွန်းနှင့်၊ ဦးကျော်သောင်းတို့ ဖြစ်ပါတယ်။ ယခု ဖော်ပြလိုက်တဲ့ ကဗျာကတော့ မစိုးရိမ်တိုက်သစ် ဓမ္မပါကဋကျောင်းနေ စာသင်သားရဟန်းပျို ဦးသုမင်္ဂလ၏ စာမူပါ။  ကလောင်အမည်နှင့်အတူ တွဲဖက်ဖော်ပြထားပါတယ်။  ဒုတိယဆု ပထမဆုများ ဆက်လက်တင်ပြပေးပါမယ်။)


========================================================


“မပြောင်းလဲသော အချစ်”

ရာသီတွေ လီလီပြောင်း
ဟောင်းပြန်တဲ့ စနစ်တွေ။
အချစ်တွေ ခါမပြောင်းတယ်
နှောင်းခဲ့တာရှည်။

မေတ္တာရေ
သစ္စာတွေ ဘယ်မှာဆွေး။
လှစ်ဟာဗွေ သည်အသည်းက
မြဲလှချည်သေး။

ဇရာဆို ဓာတ်သဘောက
သက်မောလို့ ဆံကေသာ။
မာန်ပြေကာ ရောင်မသန်း
ဖြူနွမ်းဗလာ။

ကရုဏာ
ရံတခါရောင်မညိုး
အမှောင်ပျိုးပေမယ့်
တောင်ရိုးမှာ နေသည့်တိုင်
ချစ်နိုင်တဲ့မျိုး။

ပင်လယ်ရေ ဘယ်မှာခမ်း
တယ် မဆန်း ဤဖြစ်အင်
ချစ်ရေစင် ခါမခန်းတယ်
စိမ့်စမ်းလိုပင်။

အေးကြည်လင်
မေ့ရင်ခွင် နို့ချိုသွေး
ဆိုတေးနဲ့ သံစဉ်ထွေဖက်
မှေးစက်ချင်သေး။

မောင်တော်လေး