သတင်း

အမေနေ့ ကဗျာပြိုင်ပွဲ ဒုတိယဆုရ ကဗျာ

(ပြာသလိုလပြည့် အမေနေ့အထိမ်းအမှတ်အဖြစ် သဟာယစာဖတ်ဝိုင်းက ကြီးမှူးကျင်းပတဲ့ ကဗျာပြိုင်ပွဲလေးပါ။
နီးစပ်ရာ စာသင်ရဟန်းပျိုများ ကျောင်းသူကျောင်းသားလေးများ လာရောက် ကဗျာရွတ်ဆိုကြပါတယ်။
အကဲဖြတ်ဒိုင်နှစ်ဦးကတော့ ပြည်ချစ်သားဂျာနယ် အယ်ဒီတာချုပ် ဦးနိုင်ဝင်းထွန်းနှင့်၊ ဦးကျော်သောင်းတို့ ဖြစ်ပါတယ်။
ယခု ဖော်ပြလိုက်တဲ့ ကဗျာကတော့ မစိုးရိမ်တိုက်သစ် အဓိပတိကျောင်း စာသင်သားရဟန်းပျို ဦးသုမင်္ဂလဗုဒ္ဓိ၏ စာမူပါ။
ကလောင်အမည်နှင့်အတူ တွဲဖက်ဖော်ပြထားပါတယ်။
ပထမဆုရကဗျာကို ဆက်လက်တင်ပြပေးပါမယ်။)
========================================================
“အမေ့မေတ္တာ”
ဒီလောက မြေကမ္ဘာ
အမေသာ အလှဆုံး။
မေတ္တာတော် အနန္တ
အေးမြလို့ဖုံး။
မုန်းတဲ့လူ များပါစေ
သက်ဆုံးပေ ချစ်။
သားသမီးပေါ် ကြင်နာသနား
တိုးပွား အနှစ်။
ဟိုငယ်စဉ် ကလေးဘဝ
ရွတ်ပြခဲ့ တီတီတာ
သားမောင် မျက်နှာ။
အမေကြည့်ကာ
ရင်တွင်းမှာ ပီတိပွား။
ခုများတော့ ဝေးတနေရာ
သားမောင်မှာ ထွက်ခွါသွားတော့
ထန်းတောကြား တဲအိုပျက်မြှ
လွမ်းရက်တွေများ။
ထွက်ခွါစဉ် အမေ့ထံပါး
ဝတ်တွားလို့ ဦးညွတ်စဉ်။
မေတ္တာယှဉ် ဆုံးမပေး
နွေးထွေးလို့ပင်။
အမေ့ရဲ့ ဒီရင်ခွင်
အမြန်ပင် ပြန်လာဖို့။
နွမ်းလျနေ မျက်နှာပန်းနဲ့
မှာတမ်းချွေလို့။
သားပြန်လာ အိမ်ပြန်လမ်း
မျှော်တမ်းလို့ လွမ်းမိနေ။
လက်ချိုးကာ အမေတွက်
နေ့ရက် ဆက်ပေ။
ကျန်းမာလို့ ချမ်းသာစေ
ပို့သနေ မေတ္တာများ။
မေ့သားမောင် လူကလေး
ဘေးကင်းစေသား။

မောင်စိန်ပန်း