သတင်း

အရေးကြုံချိန် သက်လုံကောင်းသူများ

မြန်မာနိုင်ငံသား အရပ်ဘက်မွတ်စလင်အဖွဲ့အစည်းများပူးတွဲကြေညာချက်ကို ကြိုဆိုပါတယ်။ ဒီလိုပဲ အရေးကြီးရင် သွေးစည်းကြရပါမယ်။ မြန်မာ့မြေမှာနေ မြန်မာ့ရေကိုသောက် မြန်မာပြည်ပေါက် ရိက္ခာများကို မှီခိုနေကြရသော မည်သူမဆို မြန်မာဘက်မှ အမြဲတမ်းရပ်တည်ဖို့ လိုပါသည်။

ထိုသို့လိုအပ်သည့်အတိုင်းလည်း မြန်မာပြည်ရှိ မူဆလင်အဖွဲ့ချုပ်ကြီးကို အမြဲတမ်း တောင်းဆိုခဲ့ပါသည်။ ၂၀၁၇ မှာတော့ ထူးထူးခြားခြား နိုင်ငံသားမူဆလင်များကို များများစားစား တွေ့လာရပါသည်။ အရေကြုံ၍ သက်လုံကောင်းခြင်းလည်းဖြစ်နိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဘုန်းကံဟုလည်း ဆိုလို့ရနိုင်ပါသည်။ ဤသည်မှာ အယူဝါဒမတူညီသော ဘာသာတရားမတူညီသော နိုင်ငံသားအားလုံး တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မည့် လက္ခဏာကောင်းတစ်ရပ်ပင် ဖြစ်ပါသည်။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မိပါသည်။ မြန်မာပြည်ကိုချစ်သော နိုင်ငံသားကောင်း မွတ်စလင်များ မြန်မာပြည်ကိုချစ်ကြောင်း ပြသနိုင်ကြပါစေသော်ဝ်။

ဝီရသူ(မစိုးရိမ်)
24.9.2017
PM 6:30
========================================================
“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပေါ် မြန်မာနိုင်ငံသား အရပ်ဘက် မွတ်စလင်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်(၃/၂၀၁၇)”
ရက်စွဲ။ ။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်
၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့်၏ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည့်မိန့်ခွန်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့် စပ်လျဉ်း၍ အသိပေးထားသည်သာမက နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်ထားသည်ဖြစ်ရာ ကျွန်ုပ်တို့မြန်မာမွတ်စလင်အရပ်ဘက်လူမှုအဖွဲ့အစည်း များအနေဖြင့် ယင်းမိန့်ခွန်းအပေါ် လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆိုပါသည်။
၂။ အဆိုပါမိန့်ခွန်းသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်များနှင့် လက်ရှိဖြစ်ပွားလျက်ရှိသည့် အခြေအနေများသာမက ရခိုင်ပြည်နယ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက်ပါ မျှော်မှန်ထားသည်ဖြစ်ရာ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့်အတိုင်း ရခိုင်ပြည်နယ်တစ်ခုလုံး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပေးကြပါရန် ကျွန်ုပ်တို့မှ ထပ်လောင်းမေတ္တာရပ်ခံအပ်ပါသည်။
၃။ ယခုအချိန်အခါတွင် ဒေါက်တာကိုဖီအာနန်ဦးဆောင်ခဲ့သည့် ရခိုင်ပြည်နယ်ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရည်ညွှန်းပြောကြားခဲ့သည့်အတိုင်း ဘာသာ၊ လူမျိုး၊ ရာထူး စသည်များကို ငဲ့ညာမှုမပြုဘဲ လူ့အခွင့်အရေးနှင့်တည်ဆဲဥပဒေများကို ဆန့်ကျင်ချိုးဖောက်သူ မည်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူ၍ ဒေသတွင်းတည်ငြိမ်အေးချမ်းနှင့်တရားဥပဒေစိုးမိုးရေးကို အထူးအလေးထား ဆောင်ရွက်ပါရန်လည်း တိုက်တွန်းဆန္ဒပြုအပ်ပါသည်။
၎။ သို့ပါ၍ မြန်မာနိုင်ငံကို ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံရေးယုံကြည်ချက်ပေါ် အခြေခံပြီး သွေးကွဲနေသည့်နိုင်ငံတစ်ခုအသွင်သို့ မဖြစ်စေလိုသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရည်ရွယ်ချက်အတိုင်း မတူကွဲပြားမှုများကို အခြေပြုကာ အားကောင်းသော၊ ခိုင်မာတည်တံ့သော၊ လုံခြုံသောအနာဂတ်မျိုးပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရာတွင် မိမိတို့မြန်မာမွတ်စလင်အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အစိုးရ၊ နိုင်ငံသူနိုင်ငံသားအားလုံးနှင့်အတူ တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြမည်ဖြစ်ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။