သတင်း

ဦးဝင်းတင်စကားနဲ့ ပြောရရင်တော့ ဒီအစိုးရကို ငါမယုံဘူး ဒါပဲ(အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး – ယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့သတင်းတွေ အရှင်ဘုရားလည်း သိပြီးဖြစ်မှာပါ။ ပြောစရာရှိတာက အရှင်ဘုရား ယန်ဟီးလီနဲ့ပတ်သက်ပြီး ပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ကြသူတွေက အခု အစိုးရရဲ့ ပြည်ဝင်ခွင့်ပိတ်မှုကိုကျ လိုလိုလားလားကြီး ထောက်ခံကြပြန်ပါတယ်ဘုရား။ ဘာတွေများ ကွာလို့လဲဘုရား။ အရှင်ဘုရားအနေနဲ့ရော ဘယ်လိုသုံးသပ်ပါသလဲဘုရား။

ဖြေ – အဲဒါလည်း သူ့ဘက်ကိုယ့်ဘက်ဆိုတာရှိတာပေါ့နော်။ အမှန်တရားအတွက် ဝေဖန်တာလား၊ ပြည်သူလူထုအကျိုးစီးပွားအတွက်ဝေဖန်တာလား ဒီနှစ်ခုကို ခွဲခြားရမှာပေါ့နော်။ ဦးဇင်းတုန်းကလည်း အမှန်တရားအတွက်ဝေဖန်တာမဟုတ်ဘဲနဲ့ ပုဂ္ဂိုလ်ရေးအမြင်ကပ်မှု တစ်ခုတည်းနဲ့ ဇောင်းပေးဝေဖန်ကြတာ။ ဒီအမှုနဲ့ပဲ ထောင်ထဲရောက်အောင် လုပ်ကြတာပေါ့နော်။ ဝေဖန်တာထက် ပိုသွားပြီးတော့ ထောင်မကျကျအောင် မီဒီယာနဲ့ ဖိအားပေးတဲ့သဘောတွေ အပြည့်အ၀ပါတာပေါ့။ ဒါက အမှန်တရားကို မျက်ကွယ်ပြုကြတဲ့သဘောပေါ့။ ဘယ်လိုမျက်ကွယ်ပြုကြသလဲဆိုရင် ခိုင်းနှိုင်းတာကိုပဲရေးပြီး ခိုင်းနှိုင်းတဲ့သူကိုပဲ အပြစ်ဖို့နေတာပေါ့။

သောင်းကျန်းတဲ့သူ စော်ကားတဲ့သူအကြောင်းလုံးဝမရေးဘူး၊ သောင်းကျန်တာ စော်ကားတာတွေလုံးဝမရေးဘူးပေါ့နော်။
အဲဒီမှာတင် ယန်ဟီးလီ မြန်မာပြည်ကိုစော်ကားတာ၊ ရခိုင်ပြည်ကိုရောင်းစားဖို့ ကြံနေတာတွေ ပြည်သူလူထုက မသိတော့ဘဲနဲ့ မခံမရပ်နိုင်လို့ ပြည်သူအစား တုံ့ပြန်တဲ့သူ၊ ပြည်သူကို အကာကွယ်ပေးတဲ့သူကိုပဲ လူဆိုးကြီးလို ထင်မှတ်သွားကြတာပေါ့။

ဒါဟာ နံပါတ်တစ် ဘက်ဘက်လိုက်ပြီး အမှန်တရားကို မျက်ကွယ်ပြုလို့ဖြစ်သွားတဲ့ အကြောင်းအရင်းတစ်ချက်ပေါ့။ ပုဂ္ဂိုလ်ရေးထိုးနှက်ချက်ပေါ့။  နောက်တစ်ခုကတော့ ပြည်သူ့အကျိုးစီးပွားအတွက် ဝေဖန်တာလားဆိုတာ မေးစရာရှိလာတာပေါ့။
ပြည်သူ့အကျိုးစီးပွားအတွက် ဝေဖန်တယ်ဆိုရင်လည်းပဲ ယန်ဟီးလီက အခုမှ ပြည်သူ့အကျိုးစီးပွားပျက်ပြားအောင် ကျူးလွန်နေတာမဟုတ်ဘူးလေ။ ဟိုအရင်ကတည်းက ကျူးလွန်ခဲ့တာကိုး။ အဲဒီတုန်းက ယန်ဟီးလီ ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး မရေးကြဘဲနဲ့ သူကျူးလွန်တာကို မခံမရပ်နိုင်လို့ တုံ့ပြန်တဲ့သူအကြောင်းကိုပဲ ရေးကြတာပေါ့။ အခုကျတော့ ယန်ဟီးလီကိုပိတ်သင့်တယ်တို့၊ ပိတ်တာကောင်းတယ်တို့ ၀ိုင်းထောက်ခံကြပြန်ရော။

ဒါလည်း ပုဂ္ဂိုလ်ရေးဆန်တာပဲလေ။  ဆိုလိုတာက ယန်ဟီးလီဘယ်လောက်သောင်းကျန်းသောင်းကျန်း ဒီအစိုးရက ဘာမှ မလုပ်ဘူးဆိုရင် ယန်ဟီးလီကိုပဲ ဆက်ထောက်ခံကြမှာ။ ယန်ဟီးလီ သောင်းကျန်းတာတွေကို သံဃာတော်တွေက ထောက်ပြရင်တော့ သံဃာတော်တွေကို အပြစ်ပြောကြမှာ။ ဒါဟာ လက်ရှိမြန်မာ့နိုင်ငံရေးမှာ ကျင့်သုံးနေတဲ့ လော်ဘီတွေရဲ့ အဂတိပေါ့ကွာ။ နိုင်ငံရေးအဂတိလို့ ခေါ်တာပေါ့။

မေး- အစိုးရအနေနဲ့ ယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့အပေါ်မှာရော ဘယ်လိုသုံးသပ်ချင်ပါသလဲဘုရား။ ဖြေ – အဲဒါ နှစ်လမ်းရှိတာပေါ့။ တစ်လမ်းက သူ့အတ္တကို ထိပါးလို့ ပိတ်လိုက်တာပေါ့။ ပြည်သူ့အကျိုးစီးပွား ဘယ်လောက်ထိခိုက်ထိခိုက်
ကြည့်နေမှာပေါ့နော့။ အခုကျတော့ ယန်ဟီးလီက သူ့ကိုပါ ခုံရုံးတင်မယ်တို့ ဘာတို့ညာတို့လုပ်လာတဲ့အခါကျတော့ သူ့အတ္တကိုပါ ထိလာတာပေါ့။ အဲဒီအတွက် သူ ပိတ်လိုက်သလား စဉ်းစားစရာရှိတာပေါ့။

နှစ်အချက်က သူတို့တတွေ အမျိုးသားသစ္စာဖောက်လုပ်ငန်းတွေကို တိုးတိုးတိတ်တိတ်လေး ကျူးလွန်ခဲ့ကြတာတွေ ရှိကောင်း ရှိနိုင်လိမ့်မယ်။ ဒါကြောင့်ပဲ နိုင်ငံတကာက အစိုးရကို ပစ်မှတ်ထားရာကနေ တပ်မတော်ဘက်ကို ပစ်မှတ်ထားတာတို့ ပိတ်ဆို့တာတို့ဘက် ရောက်သွားတာပေါ့။ အဲ့ဒါကို ပြန်ကာလိုတဲ့အနေနဲ့ ပိတ်လိုက်တာလား။ ဒါမှမဟုတ် ယန်ဟီးလီကို အပိတ်ပြပြီးတော့ R2P ၀င်နိုင်လောက်တဲ့အဆင့်လမ်းခင်းပြီး စစ်တပ်ကို ဂလဲ့စားခြေမလို့လား။ အများကြီးတွေးစရာရှိတာပေါ့ကွာ။
ဦးဝင်းတင်စကားနဲ့ပြောရရင်တော့ ဒီအစိုးရကို ငါမယုံဘူး။ ဒါပဲ။

မေး -အမေရိကန် အစိုးရရဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး တပ်မတော်ကို ပစ်မှတ်ထား အရေးယူဒဏ်ခတ်မှုပြုလုပ်လိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအပေါ် ရိုက်ခက်မှု ဖြစ်ကိုဖြစ်လာလိမ့်မယ်လို့  NLD ပါတီရဲ့ ဗဟိုပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။ တကယ်ပဲ အဲဒီလိုဖြစ်လာနိုင်စရာရှိလားဘုရား။

ဖြေ- မပြောခင်ကတည်းက ဖြစ်နေတာလေ။ ပြောရမယ်ဆိုရင် အခုဝန်ကြီးချုပ်တွေကော အစိုးရအကြီးအကဲပိုင်းတွေကော
ပါတီအကြီးအကဲပိုင်းတွေကော အားလုံးဟာ နိုင်ငံရေးအာဃာတတွေအတော်ကြီးမားတာကို တွေ့ရတယ်။ ကိုယ့်လက်ထက်မှာ နိုင်ငံကောင်းအောင် ဘယ်လောက်လုပ်မလဲဆိုတာထက် ကိုယ်ခံခဲ့ရတုန်းက ဘယ်သူက ဘာတွေလုပ်ထားတယ်။ ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတဲ့ အညှိုးအတေးတွေပဲ များတာပေါ့။ အဲဒါကြောင့်မို့ သူတို့တွေ ပြောမှားဆိုမှားတွေ ခဏခဏ ကြုံရတယ်။ နောက် နည်းဗျူဟာအမှားအယွင်းတွေ အများကြီးတွေ့ရတယ်။ အုပ်ချုပ်ရေးမှာ သဘောထားမကြီးတာ၊ မပြည့်ဝတာ၊ မရင့်ကျက်တာ အများကြီးတွေ့ရတာပေါ့နော်။

သူတို့ရဲ့ ကိုယ်အမှုရာ နုတ်အမှုရာတွေကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ အမေရိကန်ပိတ်ဆို့လို့ ထိခိုက်လာနိုင်စရာတွေရှိတယ်ဆိုတာက အမေရိကန်ကို တရားခံလုပ်လိုက်တာ။ တကယ်တမ်းကျတော့ သူတို့လုပ်ပုံကိုင်ပုံတွေကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ထိခိုက်နေတာ ကြာပြီ။

မေး – စာရေးဆရာတစ်ယောက်ရဲ့ အကောင့်တစ်ခုကနေ အရှင်ဘုရားကို လူကြီးလူကောင်းမဆန်တဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်နေတာတွေ့ရပါတယ်။ ဆရာတော်နဲ့က ငွေကြေးပတ်သက်မှုတွေရှိဖူးတယ်၊ ရှိဖူးတယ်ဆိုတာ သူက ဆရာတော်ဆီက ငွေတောင်းဖူးတယ်ဆိုတော့ အဲဒီအကြောင်းတွေများ သိလို့ရမလားဘုရား။ နောက် သူရေးသားနေတာတွေနဲ့ပတ်သက်ပြီးရော ဘာပြောချင်ပါသလဲဘုရား။

ဖြေ – တစ်အချက်က ဒါတွေကို ဖွင့်ချဖို့ စီစဉ်နေတာပေါ့။ သူ ဦးဇင်းအပေါ်မှာ စော်ကားမော်ကားပြုထားတဲ့ ပို့စ်တွေ သူ့ဖေ့ဘုတ်စ်ပေါ်မှာတင်ထားတာတွေကို ကုန်အောင် မတင်နိုင်သေးဘူးပေါ့။ ကုန်အောင်တင်ပြီးသွားပြီဆိုရင်တော့ ဦးဇင်း ဖွင့်ချမှာပါ။ အဲဒီလိုဖွင့်ချတဲ့အခါကျတော့လည်း သူတို့က များသောအားဖြင့် အုံနဲ့ကျင်းနဲ့ ကျီးကန်းတွေလိုအာတတ်တဲ့ အလေ့အကျင့်ရှိတယ်။ မြေခွေးတွေလို အုပ်စုဖွဲ့ပြီး တိုက်ခိုက်တဲ့အလေ့လည်း ရှိတယ်။ အဲဒီလိုမျိုးလည်း အအာမခံရ အတိုက်အခိုက်မခံရအောင် လွတ်လွတ်ကင်းကင်းရေးနိုင်ဖို့လည်း စီစဉ်နေပါတယ်။

မေး – နောက်တစ်ခုက ဆရာတော်ဦးပါမောက္ခကိစ္စကို မေးချင်ပါတယ်ဘုရား သူက ဒီဇင်ဘာ ၂၂ ရက်နေ့ ရုံးထုတ်စဉ်မှာပဲ သံဃာတွေကို လက်ထိပ်နဲ့ပူဇော်တယ်လို့ ဆရာတော်ဦးပါမောက္ခက ပြောပါတယ်။ ဦးပါမောက္ခဟာ မဘသက နုတ်ထွက်ထားတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောက်ခဲ့တဲ့ ပွဲတွေလုပ်ခဲ့တဲ့ ရဟန်းတစ်ပါးလည်းဖြစ်ပြန်တယ်၊ ဒါပေမယ့် ဒီအချိန်မှာ အဖမ်းခံရတယ်ဆိုတော့ သူ့ကို ဘာကြောင့် ဖမ်းတယ်လို့ သုံးသပ်ပါသလဲဘုရား။

ဖြေ – သူ့ကို ဖမ်းတာကတော့ အညှိုးအတေးတစ်ခုကြောင့်ပါ။ အဓိကကတော့ YBS ဖန်တီးရှင်ကြီးပေါ့လေ။ အဲဒီ ဖန်တီးရှင်ကြီးက ဦးသန်းရွှေနည်းတွေနဲ့ပဲ ကိုင်တွယ်နေတာကိုး။ အဲဒီမှာ ကိုယ်က သူတို့အကွက်ထဲ ၀င်သွားတာပေါ့။ သူတို့ဆင်တဲ့အကွက်မဟုတ်ဘဲ ကိုယ့်ဟာကိုယ် လမ်းချော်ပြီး သူတို့အကွက်ထဲ ၀င်သွားတာ။ အဓိကကတော့ နိုင်ငံရေးပါပဲ။

မေး – အခု ကျင်းပနေတဲ့ တချို့တရားပွဲတွေမှာ ဓမ္မာစရိယဘွဲ့မရဘဲ ရဟန်းတွေ တရားဟောနေတဲ့ကိစ္စအပေါ်မှာရော ဘယ်လိုမြင်ပါသလဲဘုရား။

ဖြေ – အဲဒါကတော့ ရပ်ကျေးသံဃနာယက မြို့နယ်သံဃနာယကလိုတာပေါ့။ သူတို့က စနစ်တကျ စီစစ်ရမှာလေ။ အခုဟာက  အစိုးရမလိုလားတဲ့သူတွေလောက်ပဲ စီစစ်ပြီးတော့ အစိုးရကို ထောက်ခံတဲ့ အစိုးရနဲ့ အလွမ်းသင့်တဲ့ ဆရာတော်သံဃာတော်တွေဆိုရင်တော့ ဓမ္မကထိကဂုဏ်ရည်တွေနဲ့ လုံးဝ မစီစစ်ဘဲ မျက်စိမှိတ်ပြီးတော့ လွှတ်ပေးလိုက်တာပေါ့။ ဒါသူတို့မှာ တာဝန်အရှိဆုံးပေါ့နော်။ သူတို့အပေါ်မှာလည်း တစ်စုံတစ်ရာဖိအားတွေ ကျရောက်လာလို့၊ ကျရောက်နိုင်ချေရှိလို့ ဒီအချက်နှစ်ချက်ကြောင့်လည်း သူတို့လွှတ်ပေးလိုက်တာ ဖြစ်နိုင်တာပေါ့။

မေး- ဆိုတော့ တရားပွဲတွေနဲ့ပတ်သက်လာရင် ခွင့်ပြုမိန့်ပေးမှုဟာ မြို့နယ်ရပ်ကျေး သံဃနာယကတွေကစလို့ မဟနရဲ့သံဃာ့စည်းမျဉ်း ကိုင်တွယ်ပုံတွေရော၊ အစိုးရရဲ့တရားဥပဒေကိုင်တွယ်ပုံတွေကော အဲဒီမှာ ဘာကြောင့်များ တပြေးညီဖြစ်မနေတာလဲဘုရား။

ဖြေ – အဓိကကတော့ ဥပဒေကို မလေးစားကြတာပေါ့။ တရားဥပဒေစိုးမိုးရေး ကြွေးကြော်လာတဲ့သူကလည်း တရားဥပဒေကို မျက်ကွယ်ပြုနေ၊ ဆိုကြပါစို့ ပြည်သူတစ်ဦး သို့မဟုတ် သူတို့ကြည့်မရတဲ့သူတစ်ဦးတစ်ယောက်ကို ကိုင်တွယ်တော့မယ်ဆိုရင် ဥပဒေအရ၊ ဥပဒေအရဆိုတဲ့စကားလုံးကို သုံးလာပြီး သူတို့ မြှောက်စားတဲ့သူကိုဆိုရင် ဥပဒေကို ဘယ်လောက်ကျူးလွန်ကျူးလွန် မမြင်ချင်ယောင်ဆောင်နေတာပေါ့နော်။ ဒါက ချစ်ခြင်းမုန်းခြင်းအဂတိလိုက်တယ်လို့ ခေါ်တယ်။ ချစ်တဲ့သူကို ကျူးလွန်ခွင့်ပေးပြီးတော့ မုန်းတဲ့သူကို အပြစ်လိုက်ရှာတဲ့သဘောပေါ့နော့။ အဲဒီလိုပဲ သံဃာနာယကကလည်း ဓမ္မကထိက ဂုဏ်ရည်၊ ဓမ္မကထိကဂုဏ်အင်္ဂါဆိုပြီးတော့ ထုတ်ထားတယ်။ ဒါကို အတိအကျလိုက်နာရမယ်။

ဘယ်ဓမ္မကထိကပဲဖြစ်ဖြစ် ဒါနဲ့ညီရင် ခွင့်ပြုမယ်၊ ဒါနဲ့မညီရင် ခွင့်မပြုဘူး။ ဒါနဲ့ညီလို့ခွင့်ပြုရက်သားနဲ့မှ သူ့ဘာသာသူဟောပြောရင်း ဟိုဟာနဲ့ငြိ ဒီဟာနဲ့ငြိဆိုတာက သူ့အပိုင်းလေ။ သူငြိရင် သူခံလိမ့်မယ်၊ သူ့ကို နိုင်ငံတော် သံဃာမဟာနာယကက ဆုံးမလိမ့်မယ်ပေါ့နော်။ ကိုယ်က ဒီအင်္ဂါရပ်တွေနဲ့ညီလား၊ မညီသလား စစ်ဆေးဖို့ပဲ လိုအပ်တာလေ။ အဲဒီအပိုင်းမှာ အားနည်းကြတာပါ။

(ဆက်လက်ဖော်ပြပါမည်။)