ဂျာနယ်သတင်းအင်တာဗျူး

မောင်တောရောက် ဆရာတော်ဦးဝီရသူနှင့် ရခိုင်အရေးဆက်သွယ်မေးမြန်းချက်(၁)

ဆရာတော်ဦးဝီရသူနဲ့ အင်တာဗျူးတွေကို မြန်မာ့ဥဒါန်းဂျာနယ်မှာ အပတ်စဉ်ဖော်ပြပေးခဲ့ပြီး လတ်တလောဖြစ်ပေါ် နေတဲ့သတင်းတွေကို ဆရာတော်ရဲ့ သုံးသပ်ချက်တွေနဲ့ ဆက်စပ်မြင်နိုင်ဖို့ အဓိကဦးစားပေးဖော်ပြခဲ့ပါတယ်။ ဒီတစ် ပတ်မှာတော့ ဆရာတော်ဦးဝီရသူဟာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို တတိယအကြိမ်အဖြစ် ရောက်ရှိနေတာကြောင့် ရခိုင်အရေးကိုပဲ အဓိကထားဦးစားပေး မေးမြန်းဖြစ်ခဲ့ပြီး ဆရာတော်နဲ့ မေးမြန်းဆွေးနွေးထားသမျှကို ပြန်လည်တင်ဆက် ပေးလိုက်ပါတယ်။

မေး – ရခိုင်ခရီးစဉ် တတိယအကြိမ်အဖြစ်သွားရောက်နေတယ်လို့ သိရပါတယ်ဘုရား။ ဘယ်တွေသွားပြီး ဘာကူညီမှု တွေလုပ်မယ်ဆိုတာကို အကြမ်းဖျင်းလေး ပြောပြပေးပါဦးဘုရား။
ဖြေ – အဓိကကတော့ မောင်တောဒေသကိုပါပဲ။ မောင်တောမှာ ရိက္ခာပြတ်လပ်နေတဲ့ တိုင်းရင်းသားတွေနဲ့ ဒုက္ခရောက် နေတဲ့ ဟိန္ဒူဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေကို ကူညီရေး၊ လှူဒါန်းရေး၊ ထောက်ပံ့ရေး ခရီးစဉ်ပေါ့။

မေး – ဒီနှစ်ထဲမှာပဲ ရခိုင်ပြည်နယ်ကိုသွားတာ သုံးခေါက်ရှိပြီဆိုတော့ ပထမအကြိမ်နဲ့ ခု တတိယအကြိမ်ဆိုရင် ဘာ တွေများ ပြောင်းလဲမှုတွေ ရှိနေလဲဘုရား။
ဖြေ – ပထမတစ်ခေါက်တော့ မေလကသွားတာပေါ့။ နှစ်စဉ်သွားနေကျအတိုင်း အနောက်တံခါးမှူးတွေ အင်အားချိနဲ့ နေလို့ သွားရောက်အားပေးပြီး လှူဒါန်းတဲ့ အဆင့်လောက်ပဲရှိတာပေါ့။ သူတို့တစ်တွေကတော့ များသောအားဖြင့် တိုင်း ရင်းသား ကျေးရွာတွေပါ။ ဒုက္ခသည်တွေတော့ မဟုတ်ဘူးပေါ့၊ ဒါပေမယ့် ဆင်းရဲချို့တဲ့တဲ့ တိုင်းရင်းသားကျေးရွာတွေ ပေါ့။ ဒုတိယတစ်ခေါက်ကျတော့ အဲဒီထက်ပိုသွားတာပေါ့။ အန္တရာယ်ကြားထဲကို ရောက်ရှိနေပြီး ပေါက်ကွဲတော့မယ့် မီး တောင်ကြီးပတ်ဝန်းကျင်မှာ နေရပြီး သူတို့တစ်တွေ အန္တရာယ်ကြုံရမယ်ဆိုတာ သိတယ်။ အဲဒီအတွက် အားတင်းထားဖို့ တောင့်ခံထားနိုင်ဖို့ အားပေးတဲ့သဘောပဲလေ။ တတိယတစ်ခေါက်ကျတော့ မီးတောင်ပေါက်ကွဲပြီးတဲ့နောက်ပိုင်းမှာ နေရာ ရွှေ့ပြောင်းနေထိုင်ရတဲ့ ဒုက္ခသည်တွေ၊ အန္တရာယ်ကျရောက်လို့ သေကြေသွားတဲ့မိသားစုတွေ၊ ဒဏ်ရာရတဲ့သူတွေ၊ ရွာ မီးလောင်ပျက်စီးသွားတဲ့သူတွေ၊ နေရပ်စွန့်ခွာခဲ့ရလို့ ရွာမှာ ကျွဲနွားကစလို့ ဘာပစ္စည်းမှ မကျန်အောင် အခိုးခံရတဲ့သူတွေ သူတို့တစ်တွေအားလုံးကို ရိက္ခာ၊ ငွေကြေး စတာတွေကို ကိုယ်တတ်နိုင်သလောက် အဖွဲ့နဲ့လာပြီး ထောက်ပံ့တဲ့ ခရီးစဉ်ပေါ့။
ကိုယ်တစ်ပါးတည်းတော့မဟုတ်တော့ဘူးပေါ့။

မေး – ဒါဆိုရင် ဒီခရီးစဉ်က မန္တလေးမဘသအနေနဲ့ လာတဲ့ခရီးစဉ်ပေါ့ဘုရား။
ဖြေ – ဟုတ်ပါတယ်။ ဒီခရီးစဉ်က မန္တလေးမဘသ ကူညီထောက်ပံ့ရေး ခရီးစဉ်ဖြစ်ပါတယ်။ မန္တလေးမဘသကတော့ ရခိုင်အရေးကို အဝေးကပဲထောက်ပံ့ဖူးပြီးတော့ မောင်တောအထိ ဒီတစ်ကြိမ်ပဲ ကိုယ်တိုင်ကိုယ်ကျ အင်နဲ့အားနဲ့ လာရောက် ထောက်ပံ့တာ ပထမဆုံးအကြိမ်ဖြစ်တာပေါ့။

မေး – အခု ဒီခရီးစဉ်မှာ အရှင်ဘုရားတို့ ကူညီတဲ့ရွာတွေက ဒေသခံတွေရဲ့ စိတ်ခံစားချက်ကရော ဘယ်လိုရှိလဲဘုရား။
ဆိုလိုတာက ကိုဖီအာနန်ရဲ့ ကော်မရှင်အစီရင်ခံစာမှာပါတဲ့ စကားလုံးလို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ဖြစ်နိုင်သေး လားဘုရား။
ဖြေ – အဲဒါက ဒီလိုရှိတယ်။ ဦးဇင်းတို့က ခုလောလောဆယ် မောင်တောကို ရောက်ခါစဆိုတော့ မနက်ဖြန် ဘာတွေ လှူမယ်၊ ဘယ်လိုလှူမယ်ဆိုတဲ့ ခရီးစဉ်နဲ့ လှူဒါန်းရမယ့်ပစ္စည်းတွေ ခွဲနေတဲ့အဆင့်ပဲရှိသေးတော့ မောင်တောဒေသခံတွေ ရဲ့ ခံစားချက်ကို မသိနိုင်သေးဘူးပေါ့နော်။ ဒါပေမယ့် စစ်တွေကိုရောက်ခဲ့ပြီ၊ ဒုက္ခသည်စခန်းတွေကိုလည်းရောက်ခဲ့ပြီ၊ လှူဒါန်းထောက်ပံ့မှုတွေလုပ်ခဲ့တယ်၊ အားပေးစကားတွေလည်းပြောခဲ့တယ်။ အဲဒီမှာ ထူးခြားတာလေးတွေက ဒုက္ခသည် စခန်းတွေမှာ ဆိုင်းဘုတ်ကြီးတွေ ချိတ်ထားတာတွေ့တယ်။ အဲဒါ ဘာလဲဆိုတော့ ဘာသာပေါင်းစုံအဖွဲ့ လုံးဝလက်မခံ ဆို တာကြီးပေါ့နော်။ အဲဒီလို ဆိုင်းဘုတ်ထောင်ပြီးတော့ကို ကန့်ကွက်ထားတာ တွေ့ရတာပေါ့နော်။ ဒါကိုထောက်သောအား ဖြင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေဟာ ဘာသာရေးကိုအကြောင်းပြုပြီး နိုင်ငံရေးလုပ်စားတဲ့သူတွေကို လုံးဝလက်မခံဘူး ဆိုတာ တွေ့ရတာပေါ့။ နိုင်ငံရေးအရ ဘာသာပေါင်းစုံအဖွဲ့စည်းကို အသုံးချနေတဲ့အဖွဲ့အစည်းတွေကို လုံးဝမကြည်ဖြူ ဘူး၊ လုံးဝ လက်မခံဘူးဆိုတာကို ပြဆိုသွားတာပေါ့နော့။

မေး – နိုင်ငံတော်အတိုင်ပင်ခံရဲ့ မိန့်ခွန်းထဲမှာ တစ်ဖက်နိုင်ငံကို ထွက်ပြေးတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံမယ်ဆိုတော့ ဒေသခံပြည်သူတွေနဲ့ အတူပြန်နေကြဖို့ဟာ ဖြစ်နိုင်လားဘုရား။
ဖြေ – ရခိုင်ပညာရှင်တွေ၊ ရခိုင်ရပ်မိရပ်ဖတွေ မနေ့က တွေ့ဆုံပွဲမှာ လျှောက်ထားတာကိုကြည့်ရင်တော့ သူတို့လက်ခံ မယ့်နေရာ သုံးနေရာတွေ့ရတာပေါ့နော်။ ပထဝီအနေအထားအရ အဲဒီ သုံးနေရာကို ရခိုင်တွေက သဘောတူတဲ့သဘော ရှိတယ်။ နောက်တစ်ခုကတော့ ပြန်လက်ခံဖို့၊ ပြန်သွင်းဖို့ ကိစ္စမှာတော့ သူတို့ပါးစပ်ကအမြဲတမ်းပြောနေတဲ့အတိုင်း ဥပဒေ အတိုင်းဖြစ်စေရမယ့်ဆိုတဲ့ ကတိလိုချင်တာပေါ့နော်။ အဲဒီကတိအတိုင်း အကောင်အထည်ဖော်တာကို ပိုပြီးတော့တောင့် တနေကြတာပေါ့။
အဲဒီတော့ စည်းမျဉ်းစည်းကမ်းရှိ တယ်၊ မူတွေ ဘောင်တွေရှိတယ်၊ ဥပ ဒေတွေ၊ နည်းဥပဒေတွေရှိတယ်၊ အဲဒီ စည်းမျဉ်းစည်းကမ်းဥပဒေတွေအတိုင်း အတိအကျ စိစစ်ပြီးတော့မှ လက်ခံမယ် ဆိုရင်တော့ ကန့်ကွက်မယ့်သူ မရှိပါဘူး။
(ဆက်လက်ဖော်ပြပါမည်)
ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်