ဆောင်းပါး

“တန်ခိုးရှင်နိုင်ငံရေးနှင့် နိုင်ငံရေးတန်ခိုးရှင်”

“တန်ခိုးရှင်နိုင်ငံရေးနှင့် နိုင်ငံရေးတန်ခိုးရှင်”

သင်္ဃန်းဖြူဆရာတော်

(15.7.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ် (၄၀) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)

          တန်ခိုးရှင်နိုင်ငံရေးကို မြန်မာပြည်၌ ကိုးကွယ်မှုများကြ၏။ နိုင်ငံရေးအရာ၌ အစစအရာရာ ဖြောင့်မတ် မှန်ကန် သာလွန်ကောင်းမွန်သည့် အကျိုးတရားများကို ဖန်ဆင်းပေးနိုင်စွမ်းသည့် တန်ခိုးရှင်အဖြစ် တင်စား၍ ပူဇော်ပသနေသူများ ဖြစ်ကြ၏။ နိုင်ငံရေးကို ကိုးကွယ်ရာအသွင် လုပ်ဆောင်လာခြင်းသည် ခေတ်ရှေ့ပြေးလွန်း သည်လော၊ ခေတ်နောက်ပြန်ကျော့သွားသည်လော မပြောသာခဲ့။ ပြည်သူများက တန်ခိုးရှင်နိုင်ငံရေးကို ရွေး ချယ်ကျင့်သုံးလာကြသကဲ့သို့ နိုင်ငံ့ခေါင်းဆောင်မကြီးကလည်း နိုင်ငံရေးတန်ခိုးရှင်ကြီးအသွင် ရပ်တည်လာ သည်ကို တွေ့ရ၏။

          အမေစုတက်မှ ကြီးပွားမည်။ အမေစုတက်မှ ဖွံ့ဖြိုးမည်။ အမေစုတက်မှ တိုးတက်မည်။ အမေစုတက်မှ သာယာမည်။ အမေစုတက်မှ ဥပဒေစိုးမိုးမည်။ အမေစုတက်မှ လူ့အခွင့်အရေး အပြည့်ရမည်။ အမေစုတက်မှ တည်ငြိမ်မည်။ အမေစုတက်မှ ငြိမ်းချမ်းမည်။ စသည် စသည် စုံလင်စွာယုံကြည်လာကြ၏။ “နှစ်နှစ်လေးသာ လုပ်ပိုင်ခွင့်ပေးကြည့်၊ ဦးသိန်းစိန်ထက် သာစေရမည်”ဟူ၍လည်းကောင်း၊ “ငါးနှစ်လောက် စမ်းကြည့်လိုက်စမ်း ပါ။ စင်္ကာပူမကျော်လျှင်ပြော”ဟူ၍လည်းကောင်း၊ ယုံကြည်သူတိုးပွားလာအောင် လော်ဘီလုပ်ပေးကြသူများ လည်း ရှိကြ၏။ ပြောင်းလဲချိန်တန်ပြီ ဆောင်ပုဒ်နှင့်အတူ မဲဆွယ်ကာလ၌ တိုက်ဆောက်ရမည်၊ ကားဝယ်နိုင် မည် စသည်ဖြင့် နေ့ချင်းညချင်းကြီး တာဝတိံသာနတ်ပြည်အလား ထင်မှတ်မှားအောင် ဖန်ဆင်းနိုင်သည့် တန်ခိုး ရှင်အဖြစ် အမွှမ်းတင်ခဲ့ကြလေ၏။ ပြည်တွင်းမီဒီယာနှင့် ပြည်တွင်းလော်ဘီများသာမက နိုင်ငံတကာမီဒီယာများ၊ နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကပါ ၀ိုင်းဝန်းသူကောင်းပြုခဲ့ကြသဖြင့် နိုင်ငံရေးတန်ခိုး ရှင်ဘ၀ ရုပ်လုံးကြွခဲ့ရတော့၏။ သူကိုယ်တိုင်ကလည်း စင်္ကာပူကို ကျော်စေရမည်ဟု အတိအလင်း ကြေညာ ထားသဖြင့် သူ၏တန်ခိုးဣဒ္ဓိပါဒ်များကို မမြင်ရသေးစေကာမူ တန်ခိုးဣဒ္ဓိပါဒ်ကား အထင်အရှားရှိနိုင်သည် ဖြစ် လတ္တံ့ဟု ခန့်မှန်းချက်ဖြင့် ကိုးကွယ်လာကြသူများ များပြားလာလေ၏။

နိုင်ငံရေးနတ်ဘုရားမ

          ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးတန်ခိုးရှင်ကြီးအဖြစ် ပြည်သူအများ တင်စားကြသည်ကိုလည်း တွေ့ရ၏။ ဒုတိယဘုရားသခင်၊ ပြည်ထောင်စုမိခင်၊ ငြိမ်းချမ်းရေးမိခင်၊ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်း ဆောင်၊ လူ့အခွင့်အရေးနတ်သမီး၊ တရားဥပဒေစိုးမိုးရေးနတ်သမီး၊ စတုတ္ထမြန်မာနိုင်ငံကိုတည်ထောင်သူ စသည်ဖြင့် စုံလင်လှလေ၏။ နိုင်ငံရေးကိုးကွယ်မှုမှတစ်ဆင့် နတ်ဘုရားကိုးကွယ်သည့်အဆင့်သို့ မြှင့်တင်လာ သည်ကိုလည်း တွေ့ရ၏။ ရဟန္တာရုပ်တုနေရာတွင် ဒေါ်စုရုပ်တုကို အစားထိုး၍လည်းကောင်း၊ ဘုရားရုပ်ပွား တော် မျက်နှာနေရာတွင် ဒေါ်စုမျက်နှာ အစားထိုး၍လည်းကောင်း ဘုရား၊ ရဟန္တာများနှင့် တစ်ဂိုဏ်းတည်း ထား၍ ကိုးကွယ်လာကြ၏။ ဒေါ်စုကို ထီးဖြူတော်အုပ်မိုးပေးသည့် လူပုဂ္ဂိုလ်များ၊ ဒေါ်စုခေါင်းပေါင်း နေပြောက် မထိုးရအောင် သံဃာသုံးယပ်တောင်တော်ဖြင့် ဦးခေါင်းပေါ် အုပ်မိုးအကာအကွယ်ပေးသော ဘုန်းတော်ကြီးများ ပင် ပေါ်ပေါက်လာခဲ့၏။

ပေါ်စေ၊ ပျောက်စေ နိုင်ငံရေးတန်ခိုးရှင်

          ဒေါ်စုသည် ပြည်သူအများ အားထားယုံကြည်ကြသကဲ့သို့ အမှန်တကယ်စွမ်းနိုင်သည့် နိုင်ငံရေးတန်ခိုး ရှင် ဖြစ်လေသလော စောကြောကြည့်လိုက်လျှင်လည်း နိုင်ငံ့အရေးအရာများ၌ သူသည် အမှန်တကယ် တန်ခိုး ပြနိုင်ခဲ့သည်ကိုလည်း တွေ့ရလေတော့၏။ ဒေါ်စုသည် ကိုယ်ယောင်ဖျောက် ကျွမ်းကျင်သည့် တန်ခိုးရှင်တစ်ဦး ဖြစ်၏။ အမေရိကန်ခရီးစဉ်၌ သူသည် နှစ်ရက်၊ သုံးရက် ကြာသည့်တိုင်အောင် ပျောက်ခြင်းမလှ ပျောက်ကွယ် သွားခဲ့ဖူး၏။ မြန်မာအစိုးရခေါင်းဆောင်တစ်ဦး အမေရိကန်နိုင်ငံကြီးတွင် နှစ်ရက်၊ သုံးရက် ကြာသည့်တိုင် အောင် ပျောက်ကွယ်သွားသည်မှာ အဆန်းပင်။ ဌာနေမြန်မာသံအမတ်အပါအ၀င် အမေရိကန်ရောက် နိုင်ငံရေး အသိုင်းအ၀ိုင်း၊ အစိုးရအသိုင်းအ၀ိုင်းတို့သည် ဒေါ်စု ဘယ်ရောက်နေသည်ကိုလည်းကောင်း၊ ဘာလုပ်နေသည် ကိုလည်းကောင်း၊ ဘာဖြစ်နေသည်ကိုလည်းကောင်း မည်သူမျှမသိရှိကြပေ။ အမေရိကန်မှ ပြန်လာသည့်အခါ၌ လည်း ရန်ကုန်လေဆိပ်သို့ လာရောက်ကြိုဆိုသူ ထောင်ပေါင်းများစွာသော ပြည်သူများသည် သူ့ကို မဖူးမမြင် ကြရပေ။ သူသည် သူ၏ကိုယ်ရောင်ကိုယ်ဝါကိုသာ ကွယ်ဖျောက်နိုင်သည်မဟုတ်၊ ရန်ကုန်လေဆိပ်ကြီးတစ်ခု လုံးကိုပါ မီးမှောင်ချနိုင်စွမ်းသူကြီး ဖြစ်ခဲ့လေ၏။ မှန်၏။ မြန်မာပြည် အစဉ်အဆက်အုပ်စိုးခဲ့သည့် အစိုးရခေါင်း ဆောင်ဟူသမျှသည် သူ့လို အစွမ်းမထက်၍ သူ့လိုတန်ခိုးမပြနိုင်ကြသဖြင့် လေဆိပ်ကို မီးမှောင်ချထားခြင်းငှာ မစွမ်းသာခဲ့ကြပေ။ သူသည်သာ တန်ခိုးကြီးသော နတ်ဘုရားမကြီး ဖြစ်လေသောကြောင့် ပြည်သူပိုင်လေဆိပ် ကြီးကို မယ်ပိုင်စီးကာ စေလိုရာစေ ဖန်တီးနိုင်စွမ်းသူ ဖြစ်လေ၏။

          ဒေါ်စုသည် ပြည်ပမှာသာ ကိုယ်ယောင်ဖျောက်တတ်သူမဟုတ်။ ပြည်တွင်းမှာလည်း မကြာခဏ ကိုယ် ယောင်ဖျောက်လေ့ရှိလေ၏။ လျှပ်စစ်မီတာခများ အဆမတန်တိုးကောက်သဖြင့် အခြေခံလူတန်းစားပြည်သူများ ဆန္ဒပြသည့်အခါ၌လည်းကောင်း၊ မွေးစားဥပဒေကြောင့် တိုင်းပြည်အန္တရာယ် ကျရောက်နိုင်သဖြင့် အလွှာအသီး သီးမှ ပြည်သူများ ဆန္ဒပြသည့်အခါ၌လည်းကောင်း၊ ပြည်သူများ သဘာဝဘေးသင့်သဖြင့် ဆင်းရဲဒုက္ခရောက်နေ သည့်အခါ၌လည်းကောင်း ဒေါ်စုသည် ကိုယ်ယောင်ဖျောက်ထားလေ့ရှိလေ၏။ NLD အစိုးရကို အလိုမရှိ ကြောင်း ထိုင်သပိတ်ဆင်နွှဲကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့်အခါ၌ ဒေါ်စုပျောက်ကွယ်နေရာမှ မန်းသပိတ် စခန်းကို အကြမ်းဖက်ဖြိုခွင်းပြီးသည့်အခါ ပြည်သူလူထုကို ကျေးဇူးတင်စကား စတင်ပြောကာ ပြန်လည်၍ ကိုယ် ထင်ပြခဲ့သည်ကိုလည်း တွေ့ရ၏။ ထို့အတူ သင်္ကြန်အခါ ရေကစားရာ၊ သီတင်းကျွတ်ဆီမီးထွန်းရာ၊ တန်ဆောင် မုန်း မီးရှူးမီးပန်းများ လွှင့်ဖောက်ရာ၊ မွေးနေ့ကိတ်လှီးရာ၊ ခွေးမွေးနေ့ပွဲကျင်းပရာ၊ ဦးနီတံတား ဖွင့်ပွဲကျင်းပရာ၊ အကယ်ဒမီပေးပွဲ၊ ဆိုင်းဘုတ်တင်ပွဲ၊ အောင်လံလွှင့်ပွဲ၊ မဲဆွယ်ပွဲ၊ လက်ဆေးပွဲ၊ အမှိုက်ကောက်ပွဲ ကျင်းပရာတို့၌ ရုပ်လုံးမြင်ရအောင် ကိုယ်ထင်ပြခဲ့သည်လည်း ရှိပေသည်။ အမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ဈာန် အဘိညာဉ်တန်ခိုးဖြင့် မြေလျှိုးမိုးပျံတတ်သည့် တန်ခိုးရှင်မဟုတ်သော်လည်း ကိုယ်ယောင်ဖျောက်ခြင်း၊ ကိုယ် ထင်ပြခြင်း၌ အလွန်အမင်းကျွမ်းကျင်သည့် ပေါ်စေ၊ ပျောက်စေ နိုင်ငံရေးတန်ခိုးရှင် နတ်ဘုရားမကြီးတစ်ဆူ သာလျှင် ဖြစ်လေသတည်း။

လိမ္မာပါးနပ်သော “နပ်”ဘုရား

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟု ပါတီကို အမည်ပေးထားသော်လည်း သူ၏ပါတီ၌ ပါတီတွင်းဒီမို ကရေစီ မရှိပေ။ သူ၏ပါတီသည် သူတစ်ဦးတစ်ယောက်တည်း၏ တစ်မိန့်၊ တစ်အာဏာဖြင့်သာ နိုင်ငံရေးလုပ် နေရလေ၏။ သူ၏ အစိုးရသည်လည်း အရပ်သားဒီမိုကရေစီအစိုးရဟု အမည်ခံထားသော်လည်း အစိုးရအဖွဲ့ အတွင်း၌ဖြစ်စေ၊ အစိုးရက ပြည်သူအပေါ်တွင် ကျင့်သုံးရာ၌ဖြစ်စေ ဒီမိုကရေစီအဆင့် လုံးဝမရှိပေ။ ထိုသို့ ပါတီ တွင်း၊ အစိုးရတွင်း ဒီမိုကရေစီလုံးဝမရှိသော်လည်း ဒီမိုကရေစီခေါင်းဆောင်ဟူ၍လည်းကောင်း၊ အရပ်သားဒီမို ကရေစီအစိုးရခေါင်းဆောင်ဟူ၍လည်းကောင်း ကမ္ဘာလောကကြီးတစ်ခုလုံး ထင်မှတ်မှားရလေအောင် သူ့ တန်ခိုးဖြင့် ဖန်ဆင်းထားနိုင်ခဲ့၏။ သူသည်ကား ပြည်သူကို လှည့်စားတတ်သော ပဉ္စလက်ပညာ တစ်ဖက်ကမ်း ခပ် တတ်မြောက်ထားသည့် နိုင်ငံရေးတန်ခိုးရှင် ဧရာမ “နပ်”ဘုရားမကြီးတစ်ပါး ဖြစ်နေလေတော့၏။ ထို့အတူ လူထုကို ဦးမဆောင်ဘဲ လူထုအကြိုက်လိုက်၍ လူထုနောက်ကွယ်မှာနေသူကို လူထုခေါင်းဆောင်ဟု ကမ္ဘာ ကြီးက အသိအမှတ်ပြုလာရသည်အထိလည်းကောင်း၊ ပြည်သူကို ကောင်းကျိုးမပြုပါဘဲလျက် ပြည်သူ့အစိုးရဟု ကောင်းချီးပေးလာရသည်အထိလည်းကောင်း မြန်မာပြည်သူများသာမက ကမ္ဘာ့ပြည်သူများကိုပါ လှည့်စား၍ ထားနိုင်ခဲ့လေ၏။ ထို့ကြောင့် ထိုသို့သောမာယာမျိုးဖြင့် လူသားအားလုံးကို လှည့်စားဖြားယောင်းရာ၌ လိမ္မာပါး နပ်တော်မူသောကြောင့်လည်း ၎င်းကို နိုင်ငံရေးတန်ခိုးရှင် “နပ်”ဘုရားတစ်ဆူဟု တင်စားခေါ်ဝေါ်ရခြင်း ဖြစ်လေ ၏။

ဧရာမတန်ခိုးရှင်မကြီး

          ပြည်သူ့လွှတ်တော်ကို ပါတီလွှတ်တော်အဖြစ်သို့လည်းကောင်း၊ အမျိုးသားလွှတ်တော်ကို အမျိုးသမီး လွှတ်တော်အဖြစ်သို့လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ကို ပုဂ္ဂလိကလွှတ်တော်အဖြစ်သို့လည်းကောင်း မယ်ပိုင်စီးခွင့်ရရှိအောင်လည်း ဖန်ဆင်းပစ်နိုင်ခဲ့၏။ ထို့ကြောင့် လွှတ်တော်အသီးသီးသည် တိုင်းပြုပြည်ပြုဥပဒေ များကို ဖျက်ဆီးကာ “နပ်”ဘုရားအလိုတော်ကျ “နပ်”ဘုရား အကျိုးစီးပွားအတွက်သာ ဥပဒေများကို ပြဋ္ဌာန်းပေး နိုင်ခဲ့၏။ “နပ်”ဘုရားကလည်း ကကြီး၊ ခခွေး ကြည့်ဖတ်သည်ကိုပင် အစဉ်ချောအောင် မဖတ်နိုင်သူများ၊ အခြေခံပညာမူလတန်းအောင် အဆင့်ပင်မရှိသူများကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဖန်ဆင်းပေးနိုင်ရုံသာ မကမူ၍ သေဆုံးပြီးသော လွှတ်တော်ကိုယ်စားလှယ်လောင်းကိုပင် အနိုင်ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့သော ၀ိရာမတန်ခိုးရှင်မကြီး ဖြစ်ခဲ့လေ၏။

အမေစုသရဏံ ဂစ္ဆာမိ

          အဆိုပါ “နပ်”ဘုရားမကြီးသည် တရားဥပဒေစိုးမိုးရေးနတ်သမီးဂုဏ်ပုဒ်ကိုလည်း ပိုင်ဆိုင်ထားသည်ဖြစ် ရာ တရားစီရင်ရေးမဏ္ဍိုင်၌ တရားဥပဒေကို သူက စိုးမိုးထားခဲ့နိုင်၏။ ထို့ကြောင့်ပင် သူ့ကို ကိုးကွယ်သူများ အာမခံပေးခွင့်မရှိသော ပုဒ်မများ၌ အာမခံပေးခွင့်ရအောင်၊ ပြစ်မှုထင်ရှားရှိသူများ ပြစ်မှုမထင်မရှား အပြစ်အရှင်း လွှတ်အောင်၊ ပြစ်ဒဏ်ကျခံရသူများ လွတ်ငြိမ်းချမ်းသာခွင့် သီးသန့်ရရှိအောင် ကယ်တင်ပေးနိုင်ခဲ့၏။ အခြား တစ်ဖက်တွင်မူ သူ့ကို မကိုးကွယ်သူများ တရားရုံးရောက်လျှင် အပြစ်မရှိသူ ရှိအောင်၊ ရှိသူ ကြီးအောင်၊ ကြီးသူ လေးအောင်၊ အာမခံပေးခွင့်ရလျှင် မရအောင် နည်းမျိုးစုံဖြင့် တန်ခိုးပြနိုင်ခဲ့၏။ သူ့ကို ကိုးကွယ်သော ဘုန်းကြီး များနှင့် မကိုးကွယ်သော ဘုန်းကြီးများကိုလည်း တန်ခိုးဖြင့် ခွဲခြားထားနိုင်ခဲ့၏။ သူ့ကို ကိုးကွယ်သောဘုန်းကြီး များ တရားဟောခွင့် အပိတ်ခံထား ရလျှင် ရရှိအောင် တရားပွဲများဖန်ဆင်း၍ သာဝကကြီးများကို ကျင်းပခိုင်း၏။ ချီးမြှင့်မြှောက်စား၏။ သူ့ကို မကိုးကွယ်သော ဘုန်းကြီးများဆိုလျှင် တရားဟောခွင့်မရအောင် ပိတ်ပင်နိုင်ခဲ့၏။ တရားဟောခွင့် ပြန်လည်ရရှိလျှင်လည်း လက်ပါးစေများလွှတ်ကာ နှောင့်ယှက်ခိုင်းထား၏။ ထို့ကြောင့် သူ့ကို ကိုးကွယ်ကြသူများသည် ကိုးကွယ်ရကျိုးနပ်လေတော့၏။ ထိုသို့ နပ်သောကြောင့်ပင် ဘုန်းကြီးအချို့လည်း အမေစုသရဏံ ဂစ္ဆာမိ လုပ်ကြရလေတော့၏။

          သူသည် ပြည်သူများအပေါ်တွင်သာ တန်ခိုးထွားသည်မဟုတ်။ သက်မဲ့အရာဝတ္ထုများအပေါ်၌လည်း တန်ခိုးထွားခဲ့သူဖြစ်၏။ သူ့လက်ထက်၌ ဒေါ်လာဈေး၊ ရွှေဈေး၊ ဆန်ဈေး၊ ဆီဈေး စသည့် အခြေခံစားသုံးကုန် ပစ္စည်းဈေးနှုန်းမှအစ ရွှေဈေး၊ ငွေဈေး၊ မော်တော်ယာဉ်ဈေးများအထိ တစ်ဟုန်ထိုး ထောင်၍တက်နိုင်စွမ်းရှိလေ ၏။ ယခင်အစိုးရက တိုင်းပြည်အတွက် အရေးပေါ်သုံးစွဲနိုင်ရန် အရန်ဆီ၊ အရန်ဆန်၊ အရန်ရွှေ၊ အရန်ဒေါ်လာ များ မြောက်မြားစွာထားရစ်ခဲ့သည်ကို ပြောင်စင်အောင် အပြတ်ရှင်းပစ်နိုင်ခဲ့၏။ အခြားတစ်ဖက်တွင်မူ သူ့ အတွက် ဖက်ရှင်စရိတ် ဒေါ်လာရှစ်ထောင်ကို ပြည်သူ့ချွေးနှဲစာထဲမှ လစဉ်သုံးစွဲခွင့်၊ ကျည်ကာကားနှင့် ရဟတ် ယာဉ်ကိုလည်း ပြည်သူ့ဘဏ္ဍာထဲမှထုတ်၍ ၀ယ်ယူခွင့်ရရှိအောင် ဖန်ဆင်းပေးနိုင်ခဲ့၏။ ထို့အပြင် သူ၏ လက်ရုံး တပည့် သာဝကကြီးများအတွက်ပါ ကားအကောင်းစားကြီးများ ၀ယ်ပေးနိုင်အောင် ဖန်ဆင်းထားနိုင်ခဲ့၏။

မဟာတန်ခိုးရှင် “နပ်”ဘုရားမကြီး

          သူသည် သက်ရှိများ၊ သက်မဲ့များအပေါ်တွင်သာ တန်ခိုးကြီးမားသည်မဟုတ်။ တိုင်းပြည်အပေါ်၌လည်း တန်ခိုးကြီးမားတော်မူ၏။ ကပ်ရောဂါဘေးကာလ၌ပင် မြန်မာပြည်တွင် စီးပွားရေးသိသိသာသာကျဆင်းမှု မရှိခဲ့ ဟူ၍လည်းကောင်း၊ မြန်မာပြည်သည် အာဆီယံ၌ တိုးတက်မှုမြန်နှုန်းမြင့် နိုင်ငံတစ်နိုင်ငံအဆင့်သို့ ရောက်ရှိနေပြီ ဟူ၍လည်းကောင်း၊ အာဆီယံသာမက အာရှထိပ်တန်းနိုင်ငံတစ်ခုအဖြစ်သို့ပင် အရောက်လှမ်းနိုင်ခဲ့ပြီဟူ၍လည်း ကောင်း၊ သူ့အစိုးရနှစ်တိုကာလအတွင်းမှာပင် မြန်မာပြည်၌ အဝေးပြေးလမ်းမကြီးများ ကီလိုမီတာတစ်သိန်း အထိ ဖောက်လုပ်ပေးနိုင်ခဲ့ပြီဟူ၍လည်းကောင်း နိုင်ငံတကာအခမ်းအနားများတွင် ထည့်သွင်းပြောကြားခဲ့လေ ၏။ ဤသည်မှာ မြန်မာပြည်တိုးတက်ဖွံ့ဖြိုး၍ သာယာဝပြောအောင် သူကိုယ်တိုင် လေတန်ခိုးဖြင့် ဖန်ဆင်းပေး နိုင်ခဲ့သည့် တန်ခိုးဣဒ္ဓိပါဒ်များ ဖြစ်လေသည်။ ပြည်သူများသည် သူ့လက်ထက်တွင်မှ ဘယ်ခေတ်၊ ဘယ်အခါနှင့် မျှမတူသော ICJ ၌ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ တရားစွဲခံထားရခြင်း၊ အစိုးရငွေချေးပက်စက်မှုကြောင့် နိုင်ငံတကာသို့ပေးဆပ်ရန် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ၌ သိန်းပေါင်းများစွာ အကြွေးဝန်ပိလျက်ရှိခြင်းတို့ ကြောင့် စိတ်မသက်မသာဖြစ်ခဲ့ရသော်လည်း သူ၏ အာဆီယံမြန်နှုန်းမြင့် တိုးတက်မှုများနှင့် ဟိုက်ဝေးလမ်းမ ကြီးများကြောင့် စိတ်သက်သာရာရခဲ့ရလေတော့၏။ သူသည် ရုပ်ဝတ္ထုအဆောက်အဦကိုသာ ဖန်ဆင်းနိုင်သည့် သာမန်တန်ခိုးရှင်မဟုတ်၊ စိတ်ချမ်းသာအောင်လည်း ဖန်ဆင်းနိုင်စွမ်းရှိသည့် မဟာတန်ခိုးရှင် “နပ်”ဘုရားမကြီး တစ်ဆူ ဖြစ်ခဲ့လေတော့သတည်း။

ဝေဟင်စစ်ပွဲလား၊ မသေခင်ညစ်ပွဲလား

          သူ၏ ဘုန်းတန်ခိုးကြီးမားမှုကြောင့် သူ့ကို ကိုးကွယ်သော သူ၏သာဝကကြီးများ၊ သာဝိကာမကြီးများ သည်လည်း တန်ခိုးထက်လာကြ၏။ ထို့ကြောင့်ပင် သူ၏ဘုန်းရိပ်၊ ကံရိပ်ကို ခိုလှုံနေကြသော ၎င်းတို့သည် သူ၏ အရှိန်အ၀ါကိုသုံး၍ ဝေဟန်စစ်ဆင်ရေးကို အောင်မြင်စွာဆင်နွှဲနိုင်ခဲ့ကြ၏။ ဝေဟင်စစ်ပွဲ အောင်မြင်သူကြီးများ အဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ကြ၏။ ၎င်းတို့သည် ဖေ့စ်ဘွတ်ခ်ပေါ်တွင် ၎င်းတို့၏ “နပ်”ဘုရားမကို မကိုးကွယ်သူ များ၏ အကောင့်မှန်သမျှကို အပြတ်ရှင်းပစ်နိုင်ခဲ့ကြ၏။ ဘုန်းကြီးအကောင့်၊ လူအကောင့်၊ တပ်မတော် အကောင့်၊ အမျိုးသားအကောင့်၊ အမျိုးသမီးအကောင့်၊ အဘိုးအကောင့်၊ အဘွားအကောင့်၊ ကလေးအကောင့်၊ လူကြီးအကောင့် စသည်ဖြင့် “နပ်”ဘုရားမကို မကိုးကွယ်သူအကောင့်မှန်သမျှသည် အွန်လိုင်းတွင် “နပ်” ဘုရားမ၏ လက်ပါးစေများ၏ အာဏာထက်ထက်၊ ဓားထက်ထက်ဖြင့် သုတ်သင်ရှင်းခံခဲ့ရလေတော့၏။ ကျူပင် ခုတ် ကျူငုတ်မကျန် သုတ်သင်ရှင်းလင်းခဲ့သော ၎င်းတို့သည် “နပ်”ဘုရားမ လုံချည်တန်ခိုးကြောင့် ဘုန်းတန်ခိုး တိုးမြဲတိုးလာလေတော့၏။ အမှန်အားဖြင့် ၎င်းတို့သည် အဆိုပါစစ်ဆင်ရေးအတွက် မြန်မာကျပ်ငွေ သန်းပေါင်း ၆၄၂၄ သန်း အကုန်အကျခံခဲ့ကြခြင်းဖြစ်၏။ ၎င်းငွေကို “နပ်”ဘုရားမက ချီးမြှင့်လေသည်။ ၎င်းငွေတို့သည် လည်း နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေတို့တည်း။ သဘာဝဘေးအန္တရာယ် ကျရောက်လာခဲ့သည်ရှိသော် ဒုက္ခသည်ပြည်သူများအတွက် အရေးပေါ်ကူညီရေးနှင့် ကယ်ဆယ်ရေးတို့ကို အရေးတကြီးလုပ်ဆောင်ပေးရန် ဖြစ်၏။ ယခုမူ “နပ်”ဘုရားမက မျက်နှာလိုက်ကာ ၎င်းတို့သာဝကကြီးအား သုံးစွဲခွင်ပြုခဲ့ခြင်း ဖြစ်လေသတည်း။

နှစ်ဆယ့်တစ်ရာစု ကိုလိုနီလက်သစ်အလံတော်

          အဆိုပါ သာဝက၊ သာဝိကာမကြီးများသည် ၎င်းတို့ကိုးကွယ်ရာ “နပ်”ဘုရားမကြီးကိုသာ ဘုရားအစစ် ဟု သတ်မှတ်ထားကြ၏။ အခြားဘုရားများကို ဘုရားဟု မယုံကြည်။ ဤမျှထိ အယူသည်းကြရုံမျှမက “နပ်” ဘုရားမ မျက်နှာညှိုးလျှင်လည်း မနေတတ်၊ မထိုင်တတ်ကြ။ မျက်နှာညှိုးအောင် လုပ်သူများကိုလည်း အာဏာ ထက်ထက်၊ ဓားထက်ထက်ဖြင့် ဒဏ်ခတ်လိုက်သည်သာဖြစ်၏။ ထို့ကြောင့် မြန်မာ့နိုင်ငံရေး၌ “နပ်”ဘုရားမကို အကြည်ညိုပျက်အောင် လုပ်သူမှန်သမျှသည် ဘုန်းကြီးဖြစ်စေ၊ လူဖြစ်စေ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အထုအနှက်ခံခဲ့ရလေတော့၏။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ နှင့် ပုဒ်မ ၅၀၅ တို့သည် လက်နက်ငယ်များဖြစ်၍ ပုဒ်မ ၁၂၄ သည် လက်နက်ကြီးဖြစ်လေ၏။ အမှန်အားဖြင့် ပုဒ်မ ၁၂၄ သည် ကိုလိုနီလက်ထက်တွင်သာ အသုံးပြုခဲ့သည့် အင်္ဂလိပ်လက်စွဲ ဥပဒေဖြစ်ခဲ့၏။ ယခုမှ ပြန်လည်အသက်သွင်းခံရကာ တစ်ကျော့ပြန် ခေတ်စား လာခြင်းဖြစ်၏။ စင်စစ်တွင်မူ အင်္ဂလိပ်ခေတ်က ဥပဒေသည် အင်္ဂလိပ်မယား “နပ်”ဘုရားမလက်ထက်၌ အင်္ဂလိပ်အလံအစား မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများအပေါ် ပြန်လည်စိုးမိုးလာသည့် နှစ်ဆယ့် တစ်ရာစု၏ ကိုလိုနီလက်သစ်အလံတော်ကြီး ဖြစ်ခဲ့လေတော့သတည်း။

ဆီဘောက်ဆာကားကို ရေဘောက်ဆာကားဖြစ်အောင် မန်းမှုတ်ပြခဲ့သူ

          ဤသို့အားဖြင့် “နပ်”ဘုရားမ၏ ဘုန်းတန်ခိုးကြောင့် ဘေးကင်းလုံခြုံ ပြည့်စုံရုံမျှမက သူတကာအပေါ်၌ ပင် အာဏာပါဝါတို့ဖြင့် အရာရာကို ဗိုလ်ကျနိုင်ခဲ့ကြသော ၎င်းတို့၏ သာဝက၊ သာဝိကာမကြီးများသည် “နပ်” ဘုရားမကို အစွဲကြီးစွဲကာ အကြည်ညိုလွန်ကဲလာတော့၏။ ၎င်းတို့၏ “နပ်”ဘုရားမသည် မည်သို့တရားကျင့် သည်။ တရားတစ်ခါကျင့်လျှင် ကြမ်းပြင်နှင့် တင် တစ်ထွာကျော်လွတ်နေတတ်သည်။ ပရိတ်ကြီးကို မည်သို့ရွတ် နိုင်သည်။ သာမန်ရွတ်ဆိုရုံမျှမဟုတ်ဘဲ အနုလုံ ပဋိလုံ (ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန်) အလွတ်ရွတ်နိုင်သည်။ မေတ္တာမည်မျှကြီးသည်။ ရန်သူအပေါ်၌ပင် ရန်မူလိုစိတ် မြူမျှမရှိ။ စသည် စသည် ထွေထွေဤဤ စုံလင်စွာ ချီးမွမ်းခန်းထုတ်ကာ အသည်းစွဲကြည်ညိုကြလေတော့၏။ ထိုသို့သော ဂုဏ်တော်၊ ကျေးဇူးတော်များကြောင့်ပင် ၎င်းတို့၏ “နပ်”ဘုရားမကို မည်သူမျှတုပ၍ မရကြောင်း၊ တုပထိပါးလာလျှင် ထိပါးသူသာ ဘေးသင့်ရမည်၊ ၎င်းတို့၏ “နပ်”ဘုရားမထံသို့ကား ရန်မူသမျှ မြူမျှမရောက်ဟု ဂုဏ်ယူဝင့်ကြွားကာ နိုင်ငံရေးဝေဖန်သူမှန်သမျှကို အပြစ်ပေး၊ အရေးယူပြနေကြလေ၏။ တစ်ရံတစ်ခါ၌မူ ၎င်းတို့ကိုယ်တိုင် တန်ခိုးပြသည်ကိုလည်း တွေ့ရ၏။ ဆီဘောက်ဆာကားကို ရေဘောက်ဆာကားဖြစ်အောင် မန်းမှုတ်ပြလိုက်သည့်အစွမ်းကား အထင်အရှားပင်။

တန်ခိုးလုပ်ပွဲကြီး

          စာရေးသူသည် အင်းစိန်တောရ၊ ဦးစောရိပ်သာ၌ သီတင်းသုံးနေထိုင်လျက် မြန်မာ့နိုင်ငံရေးကို အမြဲ တွေးနေမိတတ်၏။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအများအပြားသည် တန်ခိုးရှင်ကို ကိုးကွယ်သော နိုင်ငံရေး (တန်ခိုး ရှင်နိုင်ငံရေး) ကို ကျင့်သုံးနေကြ၏။ ထိုသို့ တန်ခိုးရှင်နိုင်ငံရေးအကြောင်း တွေးမိတိုင်းလည်း ရွှေလက်ထက် တော်မှ တိတ္ထိဂိုဏ်းဆရာကြီးများကို သတိရနေတတ်၏။ ထိုသတိရမှုနှင့်အတူ မြန်မာပြည်တစ်လွှား ဘုရား ကျောင်းကန် စေတီပုထိုးများ၌ တိုင်ထိပ်ရှိ စန္ဒကူးသပိတ်ကို တက်ယူနေသော တိတ္ထိကြီးများပုံတော်ကိုပါ တွဲ၍ မြင်လာရ၏။ တိတ္ထိဂိုဏ်းဆရာကြီးများသည် မိမိကိုယ်ကို ဘုရားဟု ခံယူထားသော်လည်း ပြစရာတန်ခိုးမရှိပေ။ တန်ခိုးမပြ၍လည်း မဖြစ်၊ ပြစရာလည်း မရှိ။ ဤသို့သော အခြေအနေတွင် တိတ္ထိကြီးများကို အသည်းစွဲကြည်ညို သော သာဝကကြီးများနှင့် လက်ဝါးချင်းရိုက်ကာ တန်ခိုးပြမည့်ဟန်ပြင်၏။ သာဝကကြီးများက မပြဖို့တား၏။ သပိတ်တစ်လုံးရရှိဖို့ တန်ခိုးပြရမည်ဆိုလျှင် ပြစရာမလို၊ တန်ခိုးနှင့် သပိတ် မတန်ဟု အကြောင်းပြ၏။ ဤသို့ဖြင့် တန်ခိုးလုပ်ပွဲကြီး ပြီးဆုံးသွားရ၏။

“နပ်”ဘုရားမ တန်ခိုးမပြ အဘယ်ကြွ

          မြန်မာပြည်ကို ဒေါ်အောင်ဆန်းစုကြည် ငါးနှစ်နီးပါး အုပ်ချုပ်ခဲ့ပေပြီ။ သူ တန်ခိုးပြမည်ဆိုလျှင်လည်း ပြစရာတန်ခိုးများ အဆင်သင့်ပင်။ အရပ်သားပြည်သူများသည်လည်း သူ့ဘက်တော်သား၊ ၀န်ထမ်းများသည် လည်း သူ့ဘက်တော်သား၊ အနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များသည်လည်း သူဘက်တော်သား၊ အလုပ်သမား၊ လယ်သမားများသည်လည်း သူ့ဘက်တော်သား၊ မီဒီယာများသည်လည်း သူ့ဘက်တော်သား၊ တိုင်းရင်းသားအဖွဲ့အစည်းများသည်လည်း သူ့ဘက်တော်သား၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ နိုင်ငံတကာသတင်းဌာနများသည်လည်း သူ့ဘက်တော်သား၊ ပြည်တွင်း-ပြည်ပ အင်အားစုမှန်သမျှ သူ့ဘက်တော်သားချည်း ဖြစ်ကြသည်ကို တွေ့ရလေ၏။

          ထို့အပြင် ဦးသိန်းစိန်လက်ထက်ကကဲ့သို့ အပိတ်အဆို့ခံထားရသည်လည်းမရှိ။ ဦးသိန်းစိန်ကဲ့သို့လည်း အနှောင့်အယှက် အဟန့်အတား များလှသည်မဟုတ်။ ဦးသိန်းစိန်ကဲ့သို့လည်း ဘ၀ကို သုညမှ စရသည်လည်း မရှိ။ ထိုသို့ အစစအရာရာ အားသာပါလျက် သူသည် ဦးသိန်းစိန်အစိုးရကဲ့သို့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး တိုးတက်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ ရာဇ၀တ်မှု လျှော့ချရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း များပြားရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တိုင်းပြည်အချုပ်အခြာ အာဏာတည်မြဲရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေး၊ အခွန်အခများ လျော့ပါး ရေး စသည် စသည် အထွေထွေအလီလီ ထိုထိုဤဤသော နိုင်ငံ့အရေးအရာများ၌ ပြည်သူတို့ ကောင်းကျိုး ခံစားခွင့်ရရှိအောင် တန်ခိုးပြရန်သင့်လှ၏။ သို့သော် သူမပြနိုင်။ လုံးဝပင် မပြနိုင်။ ထိုသို့ မပြနိုင်သည်မှာ အဘယ့်ကြောင့်နည်း။ တော်ကောက်ခံရသောကြောင့်သာ မိဖုရားဘ၀ ရောက်ရှိနေခြင်းဖြစ်သော်လည်း ထီးနန်း စည်းကမ်း မည်သို့မျှနားမလည်သော မဗျိုင်းကဲ့သို့ သူ့သန္တာန်၌ အမှန်တကယ် တန်ခိုးမရှိ၍ မပြနိုင်ခြင်းလော၊ သို့တည်းမဟုတ် သူ၏တန်ခိုးက ဆန့်ကျင်ဘက်အရာမျိုးတွင် အစွမ်းပြနိုင်သလော သူကိုယ်တိုင်သာ သိရှိပေ လိမ့်မည်။ မြန်မာပြည်သူတို့သည်ကား သူ တန်ခိုးပြနိုး ပြနိုးဖြင့် မျှော်ကိုးခြင်းကြီးစွာ မျှော်လင့်လာခဲ့သည်မှာ ငါးနှစ်နီးပါး ရှိခဲ့လေပြီတည်း။

          အို မိခင် အသင် “နပ်”ဘုရားမကြီးသည် တန်ခိုးမပြဘဲ အဘယ်သို့ကြွသွားတော်မူလေသနည်း။ သို့တည်းမဟုတ် အသင်တန်ခိုးပြခဲ့သည်က အဆိုးတရားများဖြစ်လေသလော အသင်ကိုယ်တိုင် အဖြေပေးခဲ့ပါ လေလော့ …။  ။

သင်္ဃန်းဖြူဆရာတော်

၁၃-၃-၂၀၂၁