ဆောင်းပါး

“ပါပဂြိုဟ်လော စေတန်လော”

“ပါပဂြိုဟ်လော စေတန်လော”

သင်္ဃန်းဖြူဆရာတော်

(22.7.2021 ရက်နေ့ထုတ် Golden Hand ဂျာနယ် အတွဲ(၂) အမှတ်(၃၁) မှ ကူးယူဖော်ပြပါသည်။)

          တိုင်းပြည်မအေးချမ်းသေး၍ ထင်သည်၊ စာရေးသူ ကျောင်းပြန်ခွင့်မရသေး။ နိုင်စီမံအစိုးရ တက်လာ သည်မှာ တစ်လခွဲပြည့်ခဲ့ပြီဖြစ်သော်လည်း အမေ့သားသမီးများကား ပြည်ပအားကိုးဖြင့် မိုက်ကောင်းလျက်ရှိကြ ဆဲ။ ညအခါ တရားထိုင်ချိန်၌ ခါတိုင်းဆိုလျှင် သံပုံးတပ်ဖွဲ့နှင့် အသံချဲ့စက်သံလောက်သာ ကြားရသော်လည်း ယမန်နေ့ညကမူ သေနတ်သံများပါ ကြားလာရ၏။ တစ်ချက်စ၊ နှစ်ချက်စလည်းမဟုတ်။ သီတင်းကျွတ် ဗြောက် ဖောက်သည့်အလား မြောက်မြားစွာ ဆက်တိုက်ကြားရခြင်းဖြစ်၏။ စိတ်မကောင်းပါ။ လုံးဝစိတ်မကောင်းပါ။ ပြည်သူများသေ၊ ရဲများသေ၊ ပြည်သူများဒဏ်ရာရ၊ ရဲများဒဏ်ရာရ၊ ၀န်ထမ်းများလည်း နေစရာမရှိ၊ ထေရ်သံဃာ ကြီးများကိုလည်း ချမ်းသာမပေး။ လမ်းပေါ်မထွက်ဘဲ ကျောင်းထဲ အေးအေးလူလူနေတော်မူသော သံဃာများ နှင့် ကျောင်းအုပ်ဆရာ-ဆရာမကြီးများပါ ခေါင်းအတုံးခံရ၊ မျက်ခုံးမွေး အရိတ်ခံရ။ စာရေးသူ အသက် ၅၃ နှစ် ရှိပြီဖြစ်၏။ အရေးအခင်းကြီးငယ်များလည်း တွေ့ကြုံခဲ့ဖူးပါသည်။ ယခုအခါလောက် ဆိုးရွားပြင်းထန်သည်မျိုး မကြုံခဲ့ရဖူးပါ။ အဖျက်စွမ်းအား လွန်ကြီးမားသည့် အမေ့သားသမီးများတည်း။

          အို မိခင် … အသင် ဘယ်နက္ခတ်ဖြင့် မွေးလာခဲ့သနည်း။

          အသင်သည် ဤလူ့ပြည်သို့ အဘယ်အတွက် ရောက်လာခဲ့သနည်း။

          အသင်သည် ယခုအချိန်အထိ မြန်မာပြည်ကို ဖျက်ဆီး၍ ကောင်းဆဲပင် ရှိသေးပါသလော။

          တိုင်းပြည်မွဲပြာကျမှ သင် အားရကျေနပ်နိုင်မည်လော။

လုံချည်တစ်ကွင်း၏ ဒိုင်ယာရီ

          စာရေးသူသည် သန်းပေါင်းများစွာသော ပြည်သူတို့က တမြတ်တနိုးဖြင့် “အမေ”ဟု တင်စားခေါ်ဝေါ် အပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြစ်စဉ်ကို နန်းမတော်မယ်နု၊ ဆင်ဖြူမရှင်၊ စုဖုရားလတ်တို့နှင့် တစ် ဂိုဏ်းတည်းထား၍ တွေးနေမိလေ၏။ လုံချည်တစ်ကွင်း လေထဲပျံဝဲကာ နန်းတော်ပေါ်ချိတ်မိရာမှ တော်ကောက် ခံရသည့် ရာဇ၀င်ပြောင်သော နန်းမတော်မယ်နု၊ အင်းဝနန်းတွင်းအရှုပ်တော်ပုံကို ဖန်တီးရာ၌ မောင်အရင်းနှင့် နှစ်ကိုယ်တည်း အမြဲတိုင်ပင်လွန်းသဖြင့် မောင်နှမအရင်းချင်း အစွပ်စွဲခံခဲ့ရသည်အထိ ရာဇ၀င်ကြီးခဲ့သော မယ်နု။ ရေချကွပ်မျက်ခံခဲ့ရသည့်အခါ၌လည်း ပျော်ပျော်ပင်။ “ဟဲ့ မယ်နု … အကြွေးရှိရင် ဆပ်ရလိမ့်မယ်” ဟူ သော ဆရာတော် ဦးဗုဓ်၏သြ၀ါဒကြောင့် အသေဆိုးဖြင့် သေရတော့မည့်အချိန်၌ပင် ပြုံးတော်မူလျက် ပျော်ပျော် ကြီးသေသွားခဲ့သည်ကလည်း အဆန်းပင်။ ဆရာတော် ဦးဗုဓ်ဆိုသည်မှာ “ဗုဓ်အစ ဗုဓ်အလယ် ဗုဓ်အဆုံး”ဟု တင်စားခံရလောက်အောင် ပိဋကစာပေများ နှံ့စပ်၍ ဉာဏ်ပညာလည်း ထက်တော်မူသော ကျမ်းပြုဆရာ မင်း ဆရာတစ်ပါးပင်။ ယခုအထိ အင်းဝ၍ “မယ်နုအုတ်ကျောင်း” ရှေးဟောင်းကျောင်းတော်ကြီး ရှိနေပါသေး၏။ ထိုကျောင်းတော်ကြီးကို ဘကြီးတော်မင်းနှင့် နန်းမတော်မိဖုရားတို့ ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်၏ ဆရာ တော် ဦးဗုဓ်သည် ထိုကျောင်း၏ ကျောင်းထိုင်ဆရာတော်တည်း။ အင်းဝနေပြည် ရှုပ်ထွေးပွေလီစေသည်၊ မပွေ လီစေသည်ကို အသာထား။ မယ်နုကား ကျောင်းဒါယိကာမ ပီသသည်ကား အမှန်ပင်။ မသွားမီ ဆရာသမားထံ အပြေးအလွှား လာရောက်ဆည်းကပ်ခဲ့၏။ သြ၀ါဒကို ဦးထိပ်ပန်ဆင်သွားခဲ့၏။

          မယ်နုသည် သာသနာတော်ကို ကြည်ညိုသည့် ကျောင်းဒါယိကာမ မိဖုရားတစ်ပါးပင် ဖြစ်သော်လည်း ဘုန်းမီးနေလတောက်ပရာ သူ့ခေတ်၊ သူ့အခါ၌ မန်ကျည်းရွက်လေးများ ရွက်နုထွက်သည့်အခါ “မန်ကျည်းရွက် လေးတွေ နုနေတာပဲ” ပြောဆိုခွင့်မရှိ။ နုအစား ထွတ်ကိုသာ သုံးရ၏။ “မန်ကျည်းရွက်လေးတွေ ထွတ်နေတာပဲ” ဟု ပြောကြရလေ၏။ မြန်မာဝေါဟာရ “နု”အရာ၌ “ထွတ်”ကို ပြောင်းလဲသုံးသည်က ပြဿနာမဟုတ်၊ ပါဠိတော် များကို ပြောင်းလဲသုံးရာ၌ ပြဿနာရှိလာ၏။ “ယေန ဘဂ၀ါ တေနုပသင်္ကမိ”ကို “ယေန ဘဂ၀ါ တေထွဋ်ပ သင်္ကမိ”ဟု ပြောင်းလဲရွတ်ကြရာ၌ကား ပါဠိနှင့် အနက် လုံးဝမအပ်စပ်တော့ပေ။ ဤနေရာတွင် ပြဿနာရှိလာ ခြင်းဖြစ်၏။

မယ်နု၏သမီးတော်

          မယ်နုပြီးလျှင် ဆင်ဖြူမရှင်။ သူကား မင်းတုန်းမင်းကြီး၏ မိဖုရားကြီးတစ်ပါးတည်း။ သူ့ဓားထက်ပုံကို လည်း ညောင်ရမ်းအရေးတော်ပုံနှင့် မန္တလေးနန်းတွင်း အရှုပ်တော်ပုံ လူသတ်ပွဲကြီးများက ထင်ရှားပြနေ၏။ မင်းတုန်းမင်းကြီး၏ နောက်ဆုံးထွက်သက်ကား သူ့လက်ချက်နှင့် သူ့လက်ထဲမှ ထွက်ခဲ့ရခြင်းပင်။ မင်းတုန်းမင်း ကြီးက အိပ်ရာပေါ်တွင် ပက်လက်အိပ်နေ၏။ သူက မင်းကြီးပါးစပ်ထဲသို့ တစ်စုံတစ်ခု လောင်းထည့်နေ၏။ မင်းကြီးက သွားစေ့ထားကာ ပါးစပ်ပိတ်ထား၏။ ခွက်ထဲမှ အရည်များက နှုတ်ခမ်းတော်မှ မေးအောက်သို့ စီးကျ နေ၏။ ဘယ်လောက်ကြာကြာ၊ ဘယ်နှခါတိုက်သည်မှန်းကား မသိ။ ခဏအကြာတွင် မင်းကြီး နတ်ရွာစံခဲ့ရလေ ပြီ။ ဤမြင်ကွင်းကို ဆင်ဖြူမရှင်မိဖုရားကြီး၏ အပါးတော်မြဲ မောင်းမလေးတစ်ယောက်သာ မြင်ခဲ့ရခြင်းဖြစ်၏။

မယ်နု၏မြေးတော်

          ဆင်ဖြူမရှင်ပြီးသည့်အခါ စုဖုရားလတ် ဓားထက်ပြသည်။ ဘုရင့်အမိန့်ထက် သူ့အမိန့်က ပိုပြင်းသည်။ သူဓားထက်သည်ကား ကောင်းသည့်အရာလည်းရှိ၏။ မကောင်းသည့်အရာလည်းရှိ၏။ သူ့အတ္တကို ထိပါးလျှင် မင်းတုန်း မင်း၏ သမီးတော်ချင်းကိုပင် ရေချကွပ်မျက်ခဲ့သူ။ ထိုသမီးတော်၏ အရပ်သား ကြင်ရာတော် (ချစ်သူ) ကိုရင်လူထွက်ကိုလည်း သမီးတော်နှင့်အတူ ရေချသတ်ခဲ့သူ။ အင်္ဂလိပ်စစ်တပ်ကို ပြန်တိုက်မည့်နေရာတွင် တော့ သူက အထက်သန်ဆုံး။ မတိုက်သင့်ဟုတင်ပြသည့် အမတ်ကြီး ဦးကောင်း (ကင်းဝန်မင်းကြီး) ကိုပင် ယောက်ျားမဟုတ်ဟု စွပ်စွဲကာ သနပ်ခါးနှင့် ကျောက်ပျဉ်ပေးခဲ့သူ။ မျိုးချစ်စိတ်ဓာတ် အပြည့်ရှိသည့် မိဖုရား တစ်ပါးတည်း။ ပါတော်မူခါနီး သူသတင်းမှန်သိအောင် လုပ်ပုံလုပ်နည်းကလည်း အဆန်းပင်။ ညနေဆည်းဆာ ချိန် ကလေးငယ်များ ဆော့ကစားနေသည့် နေရာအနီးရှိ သစ်ပင်ကြီးကိုကွယ်၍ သူပုန်းနေ၏။ သူ၏ကိုယ်လုပ် တော်လေးက လည်လည်ဝယ်ဝယ်ရှိသည့် ကလေးတစ်ယောက်ကို ခေါ်လာ၏။ ကလေးငယ်က သူ့ကိုတွေ့ သည့်အခါ ကြောက်လန့်သွား၏။ သူက မကြောက်ရန်ပြောပြီး “အိမ်မှာ မိဘတွေထံမှ ဘာသံကြားရလဲ” အစ ချီကာ သတင်းစုံစမ်း၏။ ကလေးငယ်က ကြားသမျှဖြေကြား၏။ ကလေး သုံး-လေးယောက်၏ မိဘများပြောသံ ကား စကားလုံးမျှသာကွဲ၏။ အကြောင်းအရာကား အတူတူ။ စုဖုရားလတ် သိရှိသွားခဲ့ပါပြီ။ သူ့ထံရောက်ရှိလာ သည့် ကြေးနန်းစာများသည် သတင်းအတုများသာတည်း။ သူတို့ ပါတော်မူတော့မည်မှာ သေချာနေပြီတည်း။ သူသည်လည်း သာသနာတော်ကို ကြည်ညိုသည့် ကျောင်းဒါယိကာမ မိဖုရားကြီးတစ်ပါး ပါပင်တည်း။

ကုန်းဘောင်မင်းဆက် ဘယ်သူဖြတ်

          “မိန်းမဖျက်၍ ပြည်ပျက်သည်”ဟူသော စကားပုံတစ်ခု ရှိခဲ့ဖူး၏။ အမှန်အားဖြင့် မိန်းမနှင့် ယောက်ျား ပြည်ဖျက်မှုချင်း ချိန်ကြည့်လျှင် ယောက်ျားဖျက်၍ ပျက်သည့်ပြည်က ပို၍များ၏။ သို့သော်လည်း ပျက်ရိုးပျက်စဉ် ဖြစ်၍ ရာဇ၀င်မတွင်။ မိန်းမဖျက်၍ ပျက်သည့်ပြည်ကား တစ်ခုစ၊ နှစ်ခုစသာရှိ၏။ သို့သော်လည်း ပျက်ရိုးပျက်စဉ် မဟုတ်၍ ရာဇ၀င်တွင်ခဲ့ခြင်းဖြစ်၏။ စုဖုရားလတ်လက်ထက်တွင်ကား ပြည်ပျက်ရုံသာမက မင်းဆက်ပါ ပြတ်ခဲ့ ၏။ မှန်၏။ အလောင်းဘုရားမှ စတင်ခဲ့သော ကုန်းဘောင်မင်းဆက်သည် သီပေါမင်းလက်ထက်၌ ဇာတ်သိမ်း သွားခဲ့ရလေ၏။

          မယ်နု၊ ဆင်ဖြူမရှင်၊ စုဖုရားလတ် ဤမိဖုရားကြီးသုံးပါးသည် အဘယ်သို့ တော်စပ်ကြသနည်း။ သွေး သားအရင်းများသာတည်း။ မှန်၏။ မယ်နု၏သမီးတော်ကား ဆင်ဖြူမရှင်။ ၎င်း၏သမီးတော်ကား စုဖုရားလတ် ဖြစ်လေ၏။ မယ်နုမြေး မယ်စုဟူလိုသော်။

မယ်နုပြီးတော့ မယ်စု

          စုဖုရားလတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်။ သူသည် စတုတ္ထမြန်မာနိုင်ငံကို တည်ထောင်သူဟု တင် စားထိုက်သော တပ်မတော်ဖခင်၊ လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးထွေးတည်း။ သူ့ကိုမွေးစဉ် (၁၉၄၅ ခုနှစ်) က အင်္ဂလိပ်ခေတ် မြန်မာ့နိုင်ငံရေး အရှုပ်ထွေးဆုံးအချိန် ဖြစ်နေ ၏။ သူ့ကိုမွေးဖွားပြီး၍ နှစ်နှစ်အကြာတွင် သူ့ဖခင် လုပ်ကြံခံခဲ့ရလေသည်။ စစ်ထွက်သွားစဉ် သေနတ်မမှန်ဘဲ စစ်ရပ်နားမှ သေနတ်မှန် သေဆုံးခဲ့ရသည့်အဖြစ်။ သေနတ်မှန်သော်လည်း တစ်ချက်၊ နှစ်ချက်တည်း မဟုတ်။ သေနတ်ကျည်ပေါင်း ၁၃ ချက် ပစ်ခတ်ခံ၍ သေခဲ့ရသူ။ သူကံဆိုးသောကြောင့် ဖခင်သေခဲ့ရသည်လော၊ မြန်မာ ပြည်ကံဆိုးသောကြောင့် ဖခင်သေခဲ့ရသည်လော မပြောသာသော်လည်း သူ၏ရင်တွင်း၌ကား ဗမာမုန်းတီးရေး အငြိုးအတေးတို့ ပြည့်နှက်သွားခဲ့၏။

(ဆက်လက်ဖော်ပြပါမည်)

သင်္ဃန်းဖြူဆရာတော်

16.3.2021