ဆောင်းပါး

“ပါပဂြိုဟ်လော စေတန်လော” (ယခင်အပတ်မှအဆက်)

 “ပါပဂြိုဟ်လော စေတန်လော”

သင်္ဃန်းဖြူဆရာတော်

(22.7.2021 ရက်နေ့ထုတ် Golden Hand ဂျာနယ် အတွဲ(၂) အမှတ်(၃၁) မှ ကူးယူဖော်ပြပါသည်။)

တစ်နေ့တစ်ချိန်တွင် ဗမာပြည်ကို မပျက်ပျက်အောင် ဖျက်မည်ဟူသော အာဃာတက သူ့ငယ်စဉ်ဘ၀ အမြဲပြောလေ့ရှိသော ခံယူချက်ဖြစ်ခဲ့၏။ သူပြန်ရောက်လာပြီး မကြာခင် သူ့မိခင် ဆုံးခဲ့၏။ ရှစ်ဆယ့်ရှစ် အရေးအခင်းကြီးလည်း ဖြစ်ခဲ့၏။ တိုင်းပြည်လည်း မင်းမဲ့တိုင်းပြည် ဖြစ်ခဲ့၏။

          နိုင်ငံတော်အလံကိုလည်း အလေးမပြု၊ နိုင်ငံတော်သီချင်းကိုလည်း မဆို၊ “သခင်မျိုးဟေ့ တို့ဗမာ” ကြွေး ကြော်သံလေးကိုပင် ဟန်ဆောင်ပန်ဆောင် ဆိုရကောင်းမှန်း သူမသိ။ ဗမာကို အထင်မကြီး၊ နိုင်ငံခြားသားကို သာ အထင်ကြီးသောသူက မြန်မာ့နိုင်ငံရေးထဲဝင်လာ၊ ဒီမိုကရေစီခေါင်းဆောင် ဖြစ်လိုဖြစ်၊ လူထုခေါင်းဆောင် ဖြစ်လိုဖြစ်။ သူနှင့် သူ့ပါတီကြောင့် မြန်မာပြည်ကြီး ကမ္ဘာ့အပြင်ဘက် ရောက်ခဲ့ရ။ နိုင်ငံတကာ ၀ိုင်းကြဉ်သည်ကို ခံခဲ့ရ။ မြန်မာပြည်သူများ စီးပွားရေးတွေ မွန်းကျပ်ခဲ့ရ။ အာဆီယံတစ်လွှား ငွေကြေးကမောက်ကမဖြစ်၍ မြန်မာ ပြည်သူများ ထမင်းငတ်သွားရလေအောင် စွမ်းဆောင်ခဲ့ဖူးသော အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့တို့သား အဖနှင့် သူကား မိသားစုအရင်းအချာပမာ။ ဖက်လှဲတကင်း ရှိနေကြ။ နိုင်ငံခြားတွင်အနေများ၍ နိုင်ငံခြားသားကို သာ အထင်ကြီးတတ်သူပီပီ နိုင်ငံခြားသားများပေးသည့် အကြံဉာဏ်အတိုင်း လိုက်လုပ်ရာမှ စစ်အာဏာရှင် သက်ဆိုးရှည်ခဲ့ရ။ သူ အကျယ်ချုပ်ကျနေစဉ် သူ့သားသမီးများက သောင်းကျန်း၊ သူအကျယ်ချုပ်မှ လွတ်လာ သည့်အခါ သူကိုယ်တိုင်သောင်းကျန်းနှင့် မြန်မာပြည်က မငြိမ်းချမ်းခဲ့ရ။ ဒီမိုကရေစီအရေး၊ တိုင်းပြည်ကောင်း စားရေးကို ဦးတည်နေသည်ထင်၍ ပြည်သူအားလုံးက သူ့ဘက်၌ အပြည့်အ၀ရပ်တည်လျက်ရှိသော်လည်း သူ၏နိုင်ငံရေးစွမ်းရည်က နိုင်ငံခြားသားပြောသမျှ ယုံခြင်း၊ နိုင်ငံခြားသားခိုင်းသမျှ လိုက်လုပ်ခြင်းထက်မပိုခဲ့။ တောင်းမည်၊ တိုက်မည်၊ ခြိမ်းခြောက်မည်၊ အကျပ်ကိုင်မည်၊ ပိတ်ဆို့ဒဏ်ခတ်မည်၊ နှောင့်ယှက်ဖျက်ဆီးမည်၊ အဖျက်အမှောင့်လုပ်ငန်းများတွင်သာ သူကျွမ်းကျင်၏။ ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝမရှိ။ အလျှော့အတင်း လုံးဝမလုပ်။ ဤသို့ဖြင့် စစ်အာဏာရှင်သက်တမ်း နှစ်ဆယ့်နှစ်နှစ် ရှည်သွားခဲ့ရ၏။ ညီလာခံကို သပိတ်မှောက် လိုက်၊ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်၊ တစ်ဖန် ရွေးကောက်ပွဲကို သပိတ်လှန်လိုက်ဖြင့် အမှောက်အလှန် အတော်သန်သည့် သူ၏နိုင်ငံရေးဗျူဟာမှန်သမျှ ပြည်သူဒုက္ခရောက်ကြောင်းသာ ဖြစ်ခဲ့၏။ သူကား ပြည်သူ ဒုက္ခရောက်မည့်အခြေအနေကို နည်းနည်းလေးမျှ ထည့်တွက်လိုစိတ်မရှိသော မိန်းမစားသာတည်း။

အလုံးစုံပျက်သုဉ်းရေးမယ်လိုဒီ

          အတိုက်အခံခေါင်းဆောင်ဟု သူ့ကိုယ်သူ ခံယူထားသော်လည်း အတိုက်အခံသဘောတရားကို သူနား လည်ပုံမရ။ ဝေဖန်ထောက်ပြခြင်း၊ သဘောတူထောက်ခံခြင်းမျိုး လုံးဝမရှိ။ ကန့်လန့်တိုက်မည်၊ အာခံမည် ဤမျှ သာ သူသိ၏။ ထို့ကြောင့် စစ်အစိုးရလက်ထက် တိုင်းပြည်မွဲရခြင်းဖြစ်၏။ ဦးသိန်းစိန်လက်ထက်၌မူ ကန့်လန့် တိုက်ရုံ၊ အာခံရုံသာ မဟုတ်တော့ဘဲ မျက်ရည်ခံထိုးခြင်းပါ အဆစ်ယူလာ၏။ နိုင်ငံတကာအသိုင်းအ၀ိုင်းက အတိုက်အခံထက် အာဏာရပါတီ၊ အာဏာရှိအစိုးရနှင့်သာ ပို၍ထိတွေ့မှုရှိနေသည်ဟု မျက်ရည်ခံထိုးကာ မောင်တော်ကို အဆောင်တော်ခေါ်၍ ငိုပြခဲ့ဖူး၏။ ဆင်းရဲသူ၊ ဆင်းရဲသား အခြေခံပြည်သူများကို ချန်ထား၍ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များမှသည် လုပ်ငန်းရှင်ကြီးများထံမှ လျှပ်စစ်မီတာကြေး မဆိုစလောက် အခွန်တိုးကောက်မည်လုပ်သည့်အခါ “အာဏာရှင်အငွေ့အသက် မကုန်သေးဘူးလေး၊ မတရားဘူးလေး” ဖြင့် ဆန့်ကျင်တိုက်ခိုက်ခြင်း၊ “တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အလျင်စလို လက်မှတ်မထိုးသင့်ဘူး လေး၊ မယုံကြည်ရဘူးလေး” ဖြင့် နိုင်ငံရေးဣဿာအားကြီးစွာ မနာလိုတိုရှည်လုပ်ခဲ့ခြင်းတို့ကား အထင်အရှား ပင်။

          ယခုမူ သူ့လက်ထက်၌ လျှပ်စစ်မီတာခကို ဆင်းရဲသားပြည်သူပါမချန် အဆမတန်တိုးကောက်ပစ်လိုက် ၏။ သူ့လက်ထက်၌ လက်မှတ်မထိုးရကောင်းလားဟု တိုင်းရင်းသားအဖွဲ့များအပေါ် အပြစ်တင်ကာ မျက်ရည်ခံ ထိုးပြ၏။ သူ၏နိုင်ငံရေးကား ပြည်သူအကျိုးရှိခြင်း-မရှိခြင်းက ပဓာနမဟုတ်၊ သူဗိုလ်ကျခွင့်ရခြင်း-မရခြင်းကသာ ပဓာနဖြစ်နေ၏။ ယခုအခါ သူသည် မင်းသမီးကြီးမလုပ်ရ၍ ပတ်မကြီး ထိုးဖောက်သွားလေပြီလောမသိ။ သူ့ သားသမီးများက သူ့စိတ်ကူးအတိုင်း အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဖျက်ဆီးပြနေကြလေပေပြီ။ လူနာတင် ယာဉ်ကိုလည်း ချမ်းသာမပေး။ ရဟန်းသံဃာကိုလည်း ချမ်းသာမပေး။ ထေရ်ကြီးဝါကြီးကိုလည်း ချမ်းသာမပေး။ ရဲများကိုလည်း ဖမ်းဆီးသတ်ဖြတ်။ အရပ်သားအိမ်များကိုလည်း ၀င်ရောက်ဖျက်ဆီး သတ်ဖြတ်။ စက်ရုံ၊ အလုပ် ရုံများကိုလည်း မီးရှို့ဖျက်ဆီး။ မိမိက တာဝန်သိစွာ ကူညီငြှိမ်းသတ်ပေးရမည့်အရေး၌ မီးငြှိမ်းခွင့်မရအောင် မီးသတ်ကားကို ပိတ်ဆို့ထားမှုသည်ကား ကမ်းကုန်နေပြီဖြစ်သော အမေ့သားသမီးတို့၏ အဖျက်စွမ်းအားတည်း။ ဒုတိယဘုရားသခင်၊ ငြိမ်းချမ်းရေးမိခင်၊ အရိယာသူတော်စင်မကြီးကို ကိုးကွယ်သူများ ဖြစ်နေ၍သာပင်။ အစွန်း ရောက်စစ်သွေးကြွကို ကိုးကွယ်သူများဖြစ်ကြလျှင်ကား မြန်မာပြည်ပြာကျနေလောက်ပေပြီတည်း။ မင်းမဲ့စရိုက် ပြည့်နှက်နေသော သောင်းကျန်းမှုများဖြင့် ဒီမိုကရေစီကို အသို့ရမည်နည်း။ သူ့သားသမီးများသည်လည်း သူ့ကဲ့ သို့ပင် တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးကို လုံးဝမကြည့်၊ ငါကောင်းစားရေးနှင့် ငါ့ပါတီ ကောင်းစားရေးအတွက် သာ အမြဲကြံစည်နေကြ၏။

တိုင်းပြည်အတွက် အရိုးအမျက်ခံခဲ့သူ

          နိုင်စီမံဥက္ကဋ္ဌကြီးသည်ကား အာဏာမသိမ်းချင်သောကြောင့် အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်၏။ တာဝန်ယူထားသည့် အစိုးရက တာဝန်ခံဖြေရှင်းမှု လုံးဝမပြုဘဲ အာဏာကို အလွဲသုံးစားလုပ်ကာ လွှတ်တော်ကို ဇွတ်ခေါ်ခဲ့သောကြောင့်သာ သိမ်းခဲ့ရခြင်းဖြစ်၏။ အမှန်အားဖြင့် အာဏာသိမ်းသည့် အဆင့်ပင်မရှိသေး၊ အာဏာထိန်းသည့်အဆင့်သာ ရှိသေး၏။ အမှန်အားဖြင့် ဒီမိုကရေစီအမည်ခံ မရိုးသားသည့် မဲတုမာတာအစိုးရ ကို ဖြုတ်ချ၍ အာဏာထိန်းထားရုံအဆင့်၊ တစ်နည်းအားဖြင့် ကြားဖြတ်အစိုးရ၊ အိမ်စောင့်အစိုးရကဲ့သို့ ခေတ္တ ခဏမျှသာ အုပ်ချုပ်ခွင့်ရယူထားသည့် ယာယီအစိုးရသာဖြစ်၏။ ရွေးကောက်ပွဲကျင်းပပြီးလျှင် အာဏာပြန်အပ် မည်ကား အသေအချာ။ ထိုသို့ဖြစ်ပါလျက် ငါ့ပါတီမှ ငါ့ပါတီ၊ ငါ့အစိုးရမှ ငါ့အစိုးရဟုဆိုကာ မစားရသည့်အမဲ သဲနှင့်ဝိုင်းပက်နေသည်ကား မြင်မကောင်း ရှုမကောင်း။ ဤသည်ကို ဒီမိုကရေစီတောင်းဆိုနည်းဟု သတ်မှတ်ရ တော့မည်လော။ မျက်လုံးနှစ်ဖက်၊ နားနှစ်ဖက်ကို အချိုးအစားမျှတစွာ အသိတရားဟု ခေါ်ဝေါ်အပ်သော ဉာဏ် ပညာဖြင့် ဘက်မလိုက်တမ်း ဝေဖန်ပိုင်းခြားကြရန် လိုအပ်နေပေပြီ။ ဟိုယခင်ကလည်း ဤသို့သောနည်းဗျူဟာ မျိုးဖြင့် ကန့်လန့်တိုက်ခဲ့၊ ပြည်ပအားကိုးဖြင့် ဇွတ်တရွတ်မိုက်ခဲ့၊ ပြည်တွင်း-ပြည်ပ ချိတ်ဆက်၍ ပိတ်ဆို့ဒဏ်ခတ် ခဲ့ဖူး၏။ ပြည်သူ့ဒုက္ခ ပိုကြီးသွားခြင်း၊ စစ်အာဏာရှင် သက်ဆိုးရှည်ခြင်းအကျိုးသာ ရခဲ့၏။ ယခုအခါလည်း ဆက် မိုက်နေမြဲဆိုလျှင် တစ်နှစ်မှ နှစ်နှစ်၊ နှစ်နှစ်မှ နှစ်နှစ်ဆယ်ထိရောက်ရှိကာ ယာယီအစိုးရမှ ထာဝရအစိုးရ ဖြစ်သွားပေလိမ့်မည်။ ဤသည်ကို ဝေဖန်ပိုင်းခြားတတ်စေလိုခြင်းပင် ဖြစ်ပါ၏။

နေနှင့်လကို ရကောင်းရမည်

          သောင်းကျန်းသူတို့၏ ခေါင်းဆောင်၊ အနောက်နိုင်ငံတို့၏ သြဇာခံ၊ OIC ၏ လက်ပါးစေကြီးများကို ပြော ချင်၏။ ဤပွဲတွင် သင်တို့လုပ်ရပ်က သင်တို့ဘ၀ကို အဆုံးသတ်ပေးမည်ဟူ၍သာ။ သင်တို့အစိုးရကြီး ခိုးထုပ်ခိုး ထည်နှင့် အမှုပေါ်သည့်အခါမှ သင်တို့မငိုကြလေနှင့်။ တိတ္ထိကြီးများကဲ့သို့ ရေအိုးခေါင်းစွပ်၍ သေဖို့အတွက် လည်း မပြင်ဆင်မိလေနှင့်။ အမှန်အားဖြင့် သင်တို့သည် မဋ္ဌကုဏ္ဍလီနတ်သား၏ဖခင် မိစ္ဆာပုဏ္ဏားကဲ့သို့ မဖြစ်နိုင် သည့်အရာ တမ်းတနေခြင်းသာ ဖြစ်လေ၏။ သားဖြစ်သူ၏အုတ်ဂူတွင် ဖခင်ကပ်စေးနှဲကြီးက နေ့စဉ်အမြဲငိုနေ၏။ ထိုအချိန်၌ သားဖြစ်သူသည် တမလွန်ဘ၀၌ နတ်သားတစ်ပါး ဖြစ်နေခဲ့လေပြီ။ ထိုနတ်သားလေးက လူ့အသွင် ဖန်ဆင်းကာ ဖခင်၏အနီးဝန်းကျင်၌ ငိုချင်ယောင်ဆောင်၍ နေလေ၏။ ဖခင်က ငိုရခြင်းအကြောင်းကို မေးသည့် အခါ နတ်သားလေးက “နေနှင့်လကို လိုချင်၍ ငိုခြင်းဖြစ်ကြောင်း၊ နေနှင့်လကိုရလျှင် လှည်းဘီးလုပ်မည်ဖြစ် ကြောင်း” ပြောလေသော် ဖခင်က နတ်သားလေးကို “အရူး”ဟု သတ်မှတ်လေသည်။ နတ်သားလေးက ပြန်ပြော သည်မှာ “မဖြစ်နိုင်တာချင်းအတူတူ နေနှင့်လကို မြင်ရသေး၏။ သင့်သားကား မမြင်ရတော့ပြီ”ဟူသတည်း။

          ဤနည်းအတူပင် နေနှင့်လကို ရယူဖို့ကား လွယ်ကူနိုင်သေး၏။ ၂၀၂၀ မဲရလဒ်ကို အတည်ပြန်ပြု၍ NLD အစိုးရကို ပြန်တင်ရန်ကား နေနှင့်လကို ဆွတ်ယူရန်ထက် ပို၍ခက်ခဲသွားလေပြီ။ အကြောင်းကား မဲမသမာမှု၊ မတရားပြုကျင့်မှု၊ ဥပဒေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်မဲဆွယ်မှုတို့ကား ထင်ရှားပြည့်လျှံ ပွက်ဆူညံနေသောကြောင့်တည်း။ မှန်၏။ မြန်မာပြည်၌ နိုင်ငံရေးပါတီဟူ၍ NLD ပါတီ တစ်ခုတည်းသာ ရှိသည် မဟုတ်။ ပါတီပေါင်းကိုးဆယ်ကျော်ပင်ရှိ၏။ မြန်မာပြည်သည်လည်း NLD ပါတီကို ထောက်ခံသူများသာ နေ ထိုင်သည့်တိုင်းပြည်မဟုတ်။ ရောင်စုံပါတီများကို ထောက်ခံသည့် ရောင်စုံပြည်သူများ နေထိုင်သည့်တိုင်းပြည် ဖြစ်၏။ ထို့ကြောင့် NLD ပါတီနှင့် NLD အစိုးရ၏ မတရားပြုကျင့်မှု၊ မဲလိမ်မဲခိုးမှု၊ ဥပဒေကို ပြောင်ပြောင်တင်း တင်း ဆန့်ကျင်မဲဆွယ်မှုတို့ဖြင့် အနိုင်ကျင့်ခဲ့သည့် လုပ်ရပ်ကို ရောင်စုံပါတီများနှင့် ရောင်စုံပြည်သူများက မခံ မရပ်နိုင် ဖြစ်ခဲ့ကြရ၏။ ဤပွဲသည် ရောင်စုံပါတီများ၏ အကူအညီတောင်းခံမှုကြောင့် မသိမ်းချင်ဘဲ သိမ်းလိုက်ရ သည့် အာဏာသိမ်းပွဲတည်း။ မြန်မာ့နိုင်ငံရေး စစ်တုရင်ကစားပွဲ၌ ပြိုင်ဘက်ကစားသမား မြန်မာ့တပ်မတော်က ဘုရင်မကြီးကို စားချင်လွန်း၍ စားခဲ့ခြင်းမဟုတ်။ အရိုးမျက်မည်မှန်းသိလျက် အတင်းတက်လာသောကြောင့်သာ စားလိုက်ရခြင်းဖြစ်လေ၏။

(က)    အို မိခင် … သင်ပြန်လာသည်မှစ၍ ယနေ့အချိန်ထိ မြန်မာပြည် မငြိမ်းချမ်းခဲ့ပါ။

(ခ)     အို မိခင် … သင်သည် ဒီမိုကရေစီခေါင်းဆောင် အမည်ခံထားပါလျက် မြန်မာပြည် ဒီမိုကရေစီစနစ် ထွန်းကားအောင် သင်လုပ်မပေးခဲ့ပါ။

(ဂ)     အို မိခင် … သင်သည် လူ့အခွင့်အရေးခေါင်းဆောင် တစ်ဦးဖြစ်ပါလျက် မြန်မာပြည်သူ၊ ပြည်သားတို့ သည် သင့်လက်ထက်ရောက်မှ လူ့အခွင့်အရေးများ ပို၍ဆုံးရှုံးခဲ့ရပါသည်။

(ဃ)    အို မိခင် … သင်သည် တရားဥပဒေစိုးမိုးရေး နတ်သမီးတစ်ပါးဖြစ်ပါလျက် ဥပဒေကို ဘာကြောင့် မလေးမစားပြုရပါသနည်း။

          ဥပဒေကို အာဏာတည်မြဲရေး လက်နက်တစ်ခုအဖြစ်သာ မှတ်ယူထားသောကြောင့်ပါလော။

(င)     အို မိခင် … ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ငြိမ်းချမ်းရေးမိခင်ကြီးဖြစ်ပါလျက် သင်သည် ထာဝရငြိမ်းချမ်း ရေး မပြောနှင့်၊ အပစ်အခတ်ရပ်စဲရေးကိုပင် ဖြစ်မြောက်အောင် မလုပ်ဆောင်ခဲ့ပါ။

          မြန်မာပြည်ကို ငြိမ်းချမ်းသည်ကို မကြားလို၊ မမြင်လိုသောကြောင့် ဖြစ်ပါသလော။

(စ)     အို မိခင် … သင်သည် အတိုက်အခံကာလ၌ ပွင့်လင်းမြင်သာစကားကို မကြာခဏ ပြောဆိုခဲ့၏။

          သင့်လက်ထက်ရောက်မှ အမှောင်ချမှုများ၊ တံခါးပိတ်စည်းဝေးမှုများ၊ လျှို့ဝှက်ကြံစည်မှုများ ပြည့်နှက် လာခဲ့သည်မှာ အဘယ့်ကြောင့်ပါနည်း။

          ပွင့်လင်းမြင်သာမှုဟူသည် အတိုက်အခံကာလ၌သာ ကျင့်သုံးကောင်းပြီး အစိုးရဖြစ်လာသောအခါ မကျင့်သုံးကောင်းတော့သည့် ခန်းဝင်ပစ္စည်း ဖြစ်သွားသောကြောင့်ပါလော။

(ဆ)    အို မိခင် … သင်သည် အတိုက်အခံကာလတစ်လျှောက်လုံး၌ တာဝန်ယူမှု၊ တာဝန်ခံမှု စကားလုံးကို အမြဲကိုင်စွဲ ပြောကြားခဲ့၏။

          ယခု မဲအရှုပ်တော်ပုံဖြစ်သောအခါ၌ သင်သည် ဖြေရှင်းပေးရမည့်တာဝန်ရှိပါလျက် အဘယ့်ကြောင့် တာဝန်ခံကာ မဖြေရှင်းခဲ့ပါသနည်း။

          သင်ကိုယ်တိုင်က မရိုးသားသောကြောင့်လော၊ စကားအဖြစ်သာ ပြောခဲ့ခြင်းကြောင့်ပါလော။

(ဇ)     အို မိခင် … တော်လှန်ရေးကာလ၌ “အဝေဖန်မခံနိုင်ရင် အစိုးရမလုပ်နဲ့”ဟု ဦးသိန်းစိန်အစိုးရကို သတိ ပေးခဲ့ဖူး၏။ ယခု သင် အစိုးရခေါင်းဆောင်ဖြစ်သောအခါ၌ အစိုးရကို ဝေဖန်သူတို့အား ပုဒ်မမျိုးစုံတပ်၍ ထောင် ချနေ၏။ ထိုသို့ဖြစ်ရသည်မှာ အဘယ့်ကြောင့်ပါနည်း။ သင်ကိုယ်တိုင်က အာဏာရှင်ဆန်သွား၍လော သို့မ ဟုတ် ဝေဖန်ပိုင်ခွင့်ကို သင်တစ်ယောက်တည်း မူပိုင်သိမ်းထားချင်၍လော။

(ဈ)     အို မိခင် … စစ်အစိုးရလက်အောက်၌ သင်သည် တွေ့ဆုံဆွေးနွေးရေးကို အမြဲတစေ တောင်းဆိုလာခဲ့ ၏။ သင့်လက်ထက်ရောက်သောအခါ သင်သည် ကျောင်းသား၊ သံဃာ၊ ပြည်သူ မည်သူ့ကိုမျှ တွေ့ဆုံဆွေးနွေး ခွင့်မပေးခဲ့။ ထိုသို့ဖြစ်ရသည်မှာ အဘယ့်ကြောင့်ပါနည်း။ အရပ်သားအစိုးရလက်ထက်တွင် ဆိုပါလျှင် တွေ့ဆုံ ဆွေးနွေးရေး ပေးစရာမလိုဟု သတ်မှတ်ထားသောကြောင့်ပါလော။

(ည)    အို မိခင် … သင်သည် အာဏာမရခင်က မဲဆွယ်ကတိများ များစွာပေးခဲ့၏။

          သင် အစိုးရခေါင်းဆောင် ဖြစ်လာသောအခါ ကတိတစ်ခုမျှ ဖော်ဆောင်မပေးခဲ့။

          ထိုသို့ဖြစ်ရသည်မှာ အဘယ့်ကြောင့်ပါနည်း။

          “မင်းမှာ သစ္စာ လူမှာ ကတိ”ဟူသည်ကို သင်လက်မခံသောကြောင့်လော။ ဖော်ဆောင်ပေးစရာမလိုဟု ခံယူထားသောကြောင့်ပါလော။

(ဋ)     အို မိခင် … သင်သည် ပြည်သူတင်မြှောက်သော အစိုးရဖြစ်၍ ပြည်သူမကြိုက်သည်ကို လုပ်မည် မဟုတ်ဟု မဲဆွယ်တရား ဟောခဲ့ဖူးလေ၏။

          သို့ပါလျက် ပြည်သူမကြိုက်သည့် အမှုပေါင်းများစွာကို ကျူးလွန်ခဲ့သည်မှာ အဘယ့်ကြောင့်ပါနည်း။

          သင်လုပ်သမျှ ထောက်ခံနေသူကိုသာ သင့်ပြည်သူဟု သင်လက်ခံထားသောကြောင့်ပါလော။

(ဌ)     အို မိခင် … “စင်္ကာပူကို ကျော်စေရမည်”ဟူသော ကတိကို နှစ်ရှည်စီမံကိန်းအဖြစ် သင်ကြွေးကြော် ခဲ့ဖူး၏။

          စင်္ကာပူကို ကျော်နိုင်လောက်အောင် မြန်မာ့စီးပွားရေးကို အဘယ်သို့ပျိုးထောင်ခဲ့၍ မည်သည်များ တိုးတက်ခဲ့ပါသနည်း။

          လေနှင့်ကျော်၍ လော်နှင့်ကြေသည်ကိုသာ မက်လုံးအဖြစ် သင်ပေးခဲ့ခြင်း ဖြစ်လေသလော။

(ဍ)     အို မိခင် … သင့်ပါတီတွင်း၌လည်း ဒီမိုကရေစီမရှိ။ သင့်အစိုးရတွင်း၌လည်း ဒီမိုကရေစီမရှိ။ ပြည်သူ့ အပေါ်၌လည်း ဒီမိုကရေစီမရှိ။

          သင်သည် ဒီမိုကရေစီခေါင်းဆောင်တစ်ဦး ဖြစ်ပါလျက် ဒီမိုကရေစီစနစ်ကို အဘယ့်ကြောင့် မကျင့်သုံးရ ပါသနည်း။

          သင်တစ်ယောက်တည်းသာ ဒီမိုကရေစီ မယ်ပိုင်စီးထားချင်သောကြောင့် ဖြစ်ပါသလော။

(ဎ)     အို မိခင် … သင့်လက်ထက်၌ နိုင်ငံခြားသားကော်မရှင်၊ နိုင်ငံခြားသားအကြံပေး ခန့်ထားကာ မြန်မာ ပြည်၏ ကံကြမ္မာကို နိုင်ငံခြားသားများလက်ထဲ ၀ကွက်အပ်ခဲ့၏။ နိုင်ငံခြားမည်သည်ကား သင့်အပေါ်၌လည်း မကောင်း၊ သင့်ဖခင်အပေါ်၌လည်း မကောင်း၊ တိုင်းပြည်အပေါ်၌လည်း မကောင်းခဲ့ကြပါ။ သို့ပါလျက် အဘယ့် ကြောင့် ထိုသို့ ထိုးအပ်ခဲ့ပါသနည်း။

          သင်ကိုယ်တိုင်က ဦးနှောက်မရှိသောကြောင့်ပါလော။ တိုင်းပြည်ကို အလုံးစုံပျက်သုဉ်းစေလိုသော ကြောင့်ပါလော။

(ဏ)    အို မိခင် … သင်အာဏာမရခင်က အကျင့်ပျက်ခြစားမှုကို အမြဲဆန့်ကျင် ရှုတ်ချခဲ့ဖူး၏။

          ယခုသော် သင်၏ သားကြီး၊ သမီးကြီးများ အဂတိလိုက်စားမှု ထင်ရှားပါလျက် အမှုထပ်မစစ်ရန် အမိန့် ပေး၍ တားမြစ်ခဲ့လေ၏

          ထိုသို့ လုပ်ရသည်မှာ အဘယ့်ကြောင့်ပါနည်း။

          အစိုးရပုံရိပ်ကျမည်၊ ပါတီသိက္ခာကျမည်ဟု ခံယူထားသောကြောင့်ပါလော၊ သို့မဟုတ် သင်ကိုယ်တိုင် လာဘ်စားခြင်းကို အရသာတွေ့သွား၍ပါလော။

(တ)    အို မိခင် … “ကျွန်မလူတွေ မဟုတ်တာလုပ်ရင် ကျွန်မကိုပြောပါ။ ကျွန်မ ဆုံးမပါ့မယ်”ဟု ၂၀၁၅ ရွေး ကောက်ပွဲ မဲဆွယ်ကာလ၌ သင်ပြောခဲ့၊ ဟောခဲ့၊ တာဝန်ယူခဲ့ဖူးလေ၏။

          သင့်လက်ထက်တွင် သင့်လူများ မဟုတ်တာလုပ်၍ တိုင်သည့်အခါ သင်ဘာကြောင့် မဆုံးမခဲ့ပါ သနည်း။

          သင်လူများကို သင်မနိုင်သောကြောင့်လော။ သင်ကိုယ်တိုင် မဟုတ်တာများ လုပ်နေသောကြောင့် လော။

(ထ)    အို မိခင် … သင့်ဖခင်သည် လူမျိုးကို ချစ်၏။ တိုင်းပြည်အပေါ် သစ္စာစောင့်၏။ ပြည်သူကို တန်ဖိုးထား လေးစား၏။ တိုင်းပြည်အတွက် သူ၏ဘ၀ကို အသုံးချခဲ့၏။

          သင်သည်ကား လူမျိုးကိုလည်း မချစ်၊ တိုင်းပြည်အပေါ်လည်း သစ္စာမစောင့်၊ ပြည်သူကိုလည်း တန်ဖိုး မထား၊ သင့်ဘ၀အတွက် တိုင်းပြည်ကို အသုံးချခဲ့၏။

          သို့ပါလျက် သင်သည် ဖခင်အမည် “အောင်ဆန်း” ဂုဏ်ပုဒ်ကို သင့်အမည်ရှေ့၌ တပ်ဆင်ထားခဲ့၏။

          သင့်ဖခင် အောင်ဆန်းအမည်ကို လုပ်စားရုံသာ ရည်ရွယ်ထားသောကြောင့်ပါလော။

(ဒ)     အို မိခင် … သင်သည် ဖခင်အရှိန်အ၀ါနှင့် မိခင်အမည်သညာတို့ကို ဗန်းပြ၍ စီးပွားဖြစ်နိုင်ငံရေးများ အကြီးအကျယ်လုပ်ခဲ့၏။ မြန်မာပြည်သည် သင့်အတွက် နေချင့်စဖွယ် ဖြစ်ခဲ့သော်လည်း သင်သည်ကား မြန်မာ ပြည်ကို ကောင်းကျိုးမပြု။

          သင်ပြန်လာကတည်းက မြန်မာပြည် မငြိမ်းချမ်းသည်မှာ ယနေ့အထိပင် ဖြစ်လေသည်။

          သင် မပြန်မချင်းလည်း မြန်မာပြည် ငြိမ်းချမ်းဦးမည်မဟုတ်။

          သင်သည် မိဘဂုဏ်သိက္ခာကို ငဲ့ညှာသော မိကောင်းဖခင် သားသမီးတစ်ဦးဖြစ်ပါလျှင် လာလမ်းအတိုင်း သာ သင်ပြန်ပါလေလော့။ သင် အပူဇော်ခံထားသည့် သန်းပေါင်းများစွာသော ဒေါ်လာများ၊ ပိဿာပေါင်းများစွာ သော ရွှေစင်များကိုလည်း တစ်ပါတည်း ယူသွားပါလေလော့။ မိဘများ၏ အမွေအနှစ်ကိုလည်း ရောင်းစားလိုက ရောင်းစားပစ်ခဲ့ပါလေလော့။ သင်အထင်ကြီးရာ နိုင်ငံခြားတိုင်းပြည်မှာ သင်စိတ်တိုင်းကျ စည်းစိမ်ခံပါလေလော့။ မြန်မာပြည်ကို ဒုက္ခပေးမှုကိုတော့ ရပ်တန်းမှ ရပ်တန့်လိုက်ပါလေလော့။

          သင့်ကျေးဇူး မြန်မာပြည်တွင် မူး၍ပင် ရှူစရာမရှိခဲ့။ မြန်မာပြည်၏ကျေးဇူးကား သင့်အပေါ်တွင် တစ်ပုံ တစ်ခေါင်းကြီး ရှိနေသောကြောင့်တည်း။ သင်သည် ဒုက္ခပေးရုံသက်သက်ဖြင့် မြန်မာပြည်ကို ပြန်လာခဲ့သူဖြစ် သောကြောင့်တည်း။   ။

သင်္ဃန်းဖြူဆရာတော်

၁၆-၃-၂၀၂၁