သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၁၈)

16.10.2017 ရက်နေ့ နေ့ဆွမ်းစားအပြီးမှာ ချိန်းဆိုထားတဲ့ ရခိုင်ပြည်သူများနဲ့ တွေ့ဆုံပါတယ်။ နေ့ဆွမ်းစားပြီး အနားယူချိန်ဖြစ်လို့ ဝိုင်းတော်သားတွေသိပ်မစုံလင်ပါဘူး။ အတွင်းရေးမှူးချုပ်ဆရာတော်ကြီးရယ်၊ မြင်းခြံမဘသ ဦးဇာဂရရယ်၊ မော်ကျွန်းမဘသ ဦးဇောတိကရယ်၊ စာရေးသူရယ် စုပေါင်းပြီး အခင်းဖြစ်ပုံကို မေးကြ မြန်းကြပါတယ်။

သြဂုတ်လ ၂၅ ရက် အရေးအခင်းကြီးမဖြစ်ခင် အသတ်ခံခဲ့ရတဲ့ တရိန်းရွာမှ ရခိုင်သားနှစ်ဦး၏ မိသားစုများ အရေးအခင်းမှာ အသတ်ခံခဲ့ရတဲ့ ခရေမြိုင်ကျေးရွာသားတစ်ဦး ကင်းချောင်းရွာသားနှစ်ဦး အောင်မြေဗောဓိရပ်ကွက်သားနှစ်ဦးတို့ရဲ့ မိသားစုများနှင့်လည်း တွေ့ဆုံပါတယ်။

မောင်တောမြို့ ရပ်ကွက်-၄မှာ တစ်မိသားစုလုံး အသတ်ခံခဲ့ရပြီး တစ်ဦးတည်းသာ လွတ်မြောက်လာခဲ့ရတဲ့ သုံးနှစ်အရွယ် ဟိန္ဒူလူမျိုး မိန်းကလေးငယ်လေးကိုလည်း တွေ့ခဲ့ရပါတယ်။ လောလောဆယ် အဖွားဖြစ်သူက စောင့်ရှောက်ထားပါတယ်။ ကင်းချောင်းရွာ နှစ်ဦးဆိုလျှင် ဆိုင်ကယ်တစ်စီးနှင့် သူငယ်ချင်းနှစ်ယောက် ပျောက်သွားခဲ့ပြီး ဖေးဘုတ်ပေါ်မှာ ရက်ရက်စက်စက် ကြိုးတုပ် ခုတ်ထစ် လည်လှီး သတ်ဖြတ်ခံရပုံတွေ တွေ့လိုက်ရမှ အသတ်ခံရကြောင်း သိရှိခဲ့ကြရတာပါ။ အမယ်အိုကြီးတစ်ဦးကတော့ မကြည့်ရက်လို့ မကြည့်ခဲ့ပေမဲ့ ကြည့်တဲ့သူတွေ ပြောပြတာနဲ့ပင် ဝမ်းနည်းပက်လက် မျက်ရည်တွေစီးကျလာတာတွေ့ရပါတယ်။

သူ့သားအသတ်ခံရတဲ့အကြောင်း ပြောပြနေစဉ်မှာပဲ ရှိုက်ကြီးတငင် လှိုက်ဖိုငိုကြွေးနေတာပါ။ မောင်တောနေပြည်သူတွေကို စာနာနိုင်ဖို့ တင်ပြခြင်းပဲဖြစ်ပါတယ်။ တရိန်းရွာ အသတ်ခံရသူနှစ်ဦး၊ ခရေမြိုင်ရွာတစ်ဦး၊ ကင်းချောင်းနှစ်ဦး၊ အောင်မြေဗောဓိနှစ်ဦးတို့အတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ-၇၀၀၀၀၀(ခုနစ်သိန်းကျပ်)လှူဒါန်းခဲ့ပြီး ဟိန္ဒူကလေးငယ်အတွက် သုံးသိန်းကျပ် လှူဒါန်းခဲ့ပါတယ်။ စုစုပေါင်း ဆယ်သိန်းကျပ် အလှူပေးနိုင်ခဲ့တာပါ။