သတင်း

မဟာပရိတ် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် မဟာသံဃဒါန ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေး အဆုံးအဖြတ်မရသေး

နေပြည်တော်တွင် 27.11.2017 ရက်နေ့ မနက် ၉း၀၀ နာရီမှ စတင်ကျင်းပမည့် မဟာပရိတ်တော်၊ မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကြီးနှင့် နတ်တော်လပြည့် 3.12.2017 ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီမှာ မဟာပရိတ် ပဋ္ဌာန်းအောင်ပွဲအဖြစ် ကျင်းပမည့် မဟာသံဃာ့ဒါန ဆွမ်းဆန်တော်လောင်းလှူ ပွဲကြီးတို့ ဖြစ်မြောက်သည် မဖြစ်မြောက်သည်ကို တိကျသေချာသော အခိုင်အမာဆုံးဖြတ်မှု မရရှိသေးပါ။

နေပြည်တော်တွင် အစည်းအဝေးကျင်းပပြီး သံဃာအချိုးအစား ခွဲဝေမှု ပြုပြီးသည့်နောက်ပိုင်း အထက်မြန်မာပြည် မဘသအဖွဲ့များနှင့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့များသည် ထပ်ဆင့်အစည်းအဝေး ခေါ်ယူနိုင်ရေး စိတ်အားတက်ကြွစွာ ဖုန်းများဆက်၍ အစဉ်မပျက် မေးမြန်းနေကြပါသည်။

အခြားစိတ်ဝင်စားသော အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသည့် သံဃာတော်များကလည်း ဖုန်းဆက်၍ စုံစမ်းနေကြပါသည်။

စာရေးသူမှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)မှ နှုတ်ထွက်ထားသူလည်း ဖြစ်ပါသည်။Viber မှတစ်ဆင့် ဖိတ်စာပို့ခြင်းမှလွဲ၍ တစ်ခြားဘာဆို ဘာမှ မသိခဲ့ရပါ။ တာဝန်ယူဆောင်ရွက်နေသော ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)နာယကဆရာတော်များကလည်း တစ်ခွန်းတစ်ပါဒမျှ အကြောင်းကြားမှု မရှိပါ။ နီးစပ်ရာစုံစမ်းတော့လည်း မဖြစ်မနေကျင်းပမည်ဟူ၍လည်းကောင်း၊ ကြိုးစားနေပါသည်ဟူ၍လည်းကောင်း၊ ဘာမှမသိရသေးဘူးဟူ၍လည်းကောင်း၊ မဖြစ်တော့ဘူးဟူ၍လည်းကောင်း အမျိုးမျိုးအဖုံဖုံ ကြားနေရပါသည်။

ပဋ္ဌာန်းပွဲဖြစ်သည်။ သို့သော် ဆွမ်းလောင်းပွဲမဖြစ်ဟူ၍လည်းကောင်း၊ မူလတင်ပြထားသည့် သံဃာတစ်ထောင်ဆွမ်းလောင်းပွဲဖြစ်သည်။ သံဃာတစ်သောင်းဆွမ်းလောင်းပွဲကြီး မဖြစ်ဟူ၍လည်းကောင်း တစ်ဆင့်စကားသာ ကြားနေရပါသည်။

ထို့ကြောင့် မဟာသံဃဒါန ဆွမ်းဆန်တော်လောင်းလှူပွဲကြီးကို စီစဉ်သော ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)နာယကဆရာတော်များကိုသာ မေးလျှောက်စေလိုပါသည်။

စာရေးသူမှာ အပြင်မှ ဝန်းရံသူတစ်ဦးသာဖြစ်သောကြောင့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)က တာဝန်ပေးမှသာ လုပ်ပိုင်ခွင့်ရှိသည်ဖြစ်ရကား အကြောင်းစုံလုံးဝမသိသဖြင့် တိကျသေချာသောအဖြေကို အခိုင်အမာမပေးနိုင်ခြင်း ဖြစ်ပါသည်။

စာရေးသူ၏ သဘောထားကိုတင်ပြရသော် သံဃာဆွမ်းလောင်းလို့ ဖမ်းလျှင်လည်း ခံနိုင်ပါသည်။ ဆွမ်းခံကြွသည့်သံဃာတွေကို ဖမ်းလျှင်လည်း ခံနိုင်ပါသည်။ အဖမ်းခံပြီး ဆွမ်းခံကြပါ။ အဖမ်းခံပြီး ဆွမ်းလောင်းကြပါဟူ၍သာ တိုက်တွန်းလိုပါသည်။

ဝီရသူ(မစိုးရိမ်)
25.11.2017
PM 5:27