သတင်း

ဝံသာနုရက္ခိတ ရွှေမျက်မှန် ဦးဝိဇယ(၄)

(ကျစွာဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် မေလမှာ ထုတ်ဝေခဲ့တဲ့စာအုပ်ပါ။ စာအုပ်ပါမိတ်ဆက်စကားအရ ကျစွာဆရာတော်ကြီးအကြောင်းကို အခန်းခွဲပြီး စာတန်းပြုစုထားတာပါ။ အခန်း(၆)ခန်းရှိပြီး အခုတင်ပြမည့်အခန်းကတော့ အခန်း(၃) “ရွှေမျက်မှန် ဦးဝိဇယ၏ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ရပ်နှင့် ဝံသာနုရက္ခိတ တရားများစာတန်း” ဖြစ်ပါတယ်။
ဆရာတော်ဦးပုညာနန္ဒာဘိဝံသ ပြုစုထားတာပါ။

အခုခေတ်နှင့်တိုက်ဆိုင်နေလို့ ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။ တို့ပိုင်နက်တွေကို အဓမ္မသိမ်းယူတာ ဘယ်သူတွေလဲဟေ့- အင်္ဂလိပ် အင်္ဂလိပ် တို့တတွေကိုဒုက္ခပေးနေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် တို့လူမျိုးတွေကို နှိပ်စက်နေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့ရန်သူအစစ်တွေဟာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့မကြောက်ရမှာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် အင်္ဂလိပ်ကိုကြောက်သေးလား ပရိသတ်ကြီး – မကြောက်ဘူး မကြောက်ဘူး(စာ-၁၁၈)
အမျိုးသားရေးလုပ်ရင် ဘုန်းကြီးအချင်းချင်း အမြင်မကြည်ချင်ဘူး၊ လူတွေက နှာခေါင်းရှုံ့တယ် စတာတွေပါဝင်တဲ့ ဒုဋ္ဌဂါမဏိအကြောင်းလည်း ပါပါတယ်။ အခန်းဆက်တင်ပြပေးပါ့မယ်။

ဝီရသူ(မစိုးရိမ်)
22.11.2017
PM 10:16
========================================================
“ရွှေမျက်မှန်ဦးဝိဇယနှင့် ဈာပနပြစ်မှုစစ်ခဏ်း”
ဖော်ပြပြီးခဲ့သော ဦးစန္ဒိမာ ဈာပနမှုခင်းကို အောက်ရုံးတွင် ဒုတိယအရေးပိုင် ဦးဖိုးကူးက တရားသူကြီးပြု လုပ်၍ စစ်ဆေးလေသည်။ မောင်ဆောင်အတွက် ရှေ့နေကိုသာကျော်က ကုသိုလ်ဖြစ် လိုက်ပါဆောင်ရွက် သည်။ ဆရာတော်ကြီးအတွက်ကား ကိုယ်တော်တိုင် လျှောက်လဲသည်။ အစိုးရရှေ့နေကား စကားပြော အလွန်ကောင်းသော လူတယ်ဆိုသူဖြစ်လေသည်။
စုံထောက်ကတရားသူကြီးရှေ့မှောက်တွင် မိမိရေးမှတ်ထားသော အကြောင်းအရာများကို ဖတ်ကြားပြပြီး ဤမှတ်တန်း မှန်ကန်ကြောင်းကို အောက်ပါလူကြီးများက ဈာပနပွဲမဏ္ဍပ်ထဲမှာပင် လက်မှတ်ထိုးပါသည် ဟု အရပ်လူကြီးလေးငါးဦးနာမည်ကို ဖတ်ပြလေသည်။
တရားလို၏သက်သေများကို ပဋ္ဌမစစ်၍ သက်သေတယောက် စစ်ပြီးတိုင်း ဘာပြောလိုသေးသလဲဟု တရားခံများအား မေးလေသည်။ ပဋ္ဌမသက်သေတယောက်နှစ်ယောက်လောက်တွင် ဘာမှမပြောလို မမေးလိုကြောင်း ဖြေကြားပြီး တရားပွဲကို အစအဆုံးနာကြားပါသည်၊ အားလုံးမှတ်မိပါသည်၊ စုံထောက်ရေး မှတ်ထားသော စကားအားလုံး မှန်ကန်ပါသည်၊ ယင်းမှတ်တန်း မှန်ကန်ကြောင်းကို အသိအမှတ်ပြုသော အနေနှင့် မဏ္ဍပ်တွင်းမှာပင် လက်မှတ်ထိုးခဲ့ပါသည်ဟု မျက်နှာလိုမျက်နှာရ ထွက်ဆိုသော သက်သေ တယောက်၏အလှည့်သို့ရောက်သောအခါ ရွှေမျက်မှန်ဘုန်းတော်ကြီး ဦးဝိဇယက ဤသက်သေအား မေးခွန်းထုတ်ပါရစေဟု ခွင့်တောင်းရာ ခွင့်ရသဖြင့် မေးခွန်းထုတ်လေသည်။
ဈာပနပွဲသို့ရောက်ပါသလား
ရောက်ပါသည်
ဘယ်နေ့မှာတရားပွဲလုပ်သလဲ
မမှတ်မိပါ
ဘာပွဲလဲ
ဦးစန္ဒိမာဈာပနပွဲပါ
ဘာ့ကြောင့်ပျန်တော်မူသလဲ
သေနတ်မှန်လို့ပြန်တော်မူပါတယ်
ဘယ်နှစ်နှစ်လောက်ရှိပြီလဲ
မမှတ်မိပါ
မဏ္ဍပ်ဘယ်လောက်ကျယ်ပါသလဲ၊ တိုင်ဘယ်နှစ်လုံးလဲ
မသိပါ
(ဤတွင် တရားသူကြီးကမဆိုင်သော မေးခွန်းများကို မမေးရန် ကန့်ကွက်သည်)။
(ရွှေမျက်မှန် ဘုန်းကြီး ဦးဝိဇယက ဆိုင်လာလိမ့်မည်၊ ရေးသာရေးပါဟု ချေပသည်။)
မဏ္ဍပ်ထဲ ဘာတွေဆွဲထားသလဲ
မသိပါ
ဘယ်ဘက်လှည့်ဟောသလဲ
တောင်ဘက်လှည့်ဟောပါတယ်
ဘယ်နှစ်နာရီကြာဟောသလဲ
မိသပါ
တရားပွဲကြွလာတဲ့ကိုယ်တော်တွေကို ဘယ်သူက ဆွမ်းကျွေးသလဲ
မသိပါ
(ဤတွင် တရားသူကြီးက မဆိုင်သည်ကိုမမေးရန် ကန့်ကွက်ပြန်သည်၊ ရွှေမျက်မှန်ဘုန်းကြီး ဦးဝိဇယက ဆိုင်လာလိမ့်မည် ရေးသာရေးပါဟု ချေဆိုပြန်သည်။)
မှတ်ချက်။ ။ ဤသို့ အပျံ့အနှံ့မေးခွန်းထုတ်ခြင်းသည် သက်သေဖြစ်သူ မိမိထွက်ဆိုချက်များကို မေ့ပျောက်သွားအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။
တရားနာတဲ့အချိန်မှာ ဟိုဟိုဒီဒီ မကြည့်ဘူးလား
ကြည့်မိပါသည်
ဒီလိုကြည့်မိတဲ့အခါ ဘုန်းကြီးဟောတာတွေကို မှတ်မိသေးရဲ့လား
မမှတ်မိပါ
တရားသူကြီး ရေးပါဟု ရွှေမျက်မှန်ဘုန်းကြီး ဦးဝိဇယက ကြားဖြတ်ပြောသည်။
မှတ်ချက်။ ။ သက်သေသည် အားလုံး မှတ်မိပါသည်ဟု ထွက်ဆိုခဲ့သည်။ ယနေ့နံနက် ၉ နာရီအချိန်မှာ အစိုးရရှေ့နေလူတယ်နဲ့ ဟိုဒေါင့်နားမှာ စကားပြောသေးတယ် မဟုတ်လား
ပြောပါတယ်
(ဤမေးခွန်းကို ၃ ကြိမ်မေး၍ ၃ခါဖြေသည်။)
ဘုန်းကြီးတရားပွဲ ဘယ်အချိန်ပြီးသလဲ
မမှတ်မိပါ
ဘာကြောင့် မမှတ်မိသလဲ
ကိစ္စရှိတာနဲ့ အိမ်ပြန်ခဲ့ရလို့ မမှတ်မိပါ
စုံထောက်နဲ့ ဘယ်လောက်ကြာမှာ တွေ့သလဲ
၎ရက်လောက်ကြာမှ တွေ့ပါတယ်
စုံထောက်ဆီကို သွားရသလား၊ သို့မဟုတ် စုံထောက်ကအိမ်ကိုလာတာလား
စုံထောက်က အိမ်ကိုလာပါတယ်
ဘာကိစ္စလာသလဲ
တရားဟောစာတန်းအတွက် လက်မှတ်ထိုးခိုင်းဘို့ရန် လာပါတယ်
(ဤတွင် တရားသူကြီးကဝင်၍) ဟောစာတန်းလက်မှတ်ထိုးပြီးမှ အိမ်ကိုပြန်တာ မဟုတ်ဘူးလားဟု မေးခွန်း ထုတ်လေသည်။
ဘယ့်နှယ်မဆိုင်တဲ့စကားကိုပြောပါသလဲတရားသူကြီး၊ အခုလို ရေလာမြောင်းပေး စကားမျိုးကိုပြောတာ လမ်းမကျပဘူး၊ နောင်ခင်ဗျားရုံးမှာ ကျုပ်ဘယ်တော့မှ အစစ်မခံတော့ဘူးဟု ရွှေမျက်မှန်ဘုန်းကြီး ဦးဝိဇယက ငေါက်ပြောပြောလေသည်။
ဤတွင် နားထောင်နေသော ပရိသတ်များက ရုတ်ရုတ်သဲသဲဖြစ်ကာ ဘိနပ်နှင့်ပေါက်မည့်ဟန် ခဲနှင့်ထုတော့မည့်ဟန်ဖြင့် အတော်အခြေအနေ တင်းမာ ပြင်းထန်၍လာသဖြင့် စစ်ဆေးမှု ရုပ်သိမ်းလိုက်ရလေသည်။

နောက်အကြိမ်များတွင် စက်ရှင်ရုံးသို့ပြောင်း၍ စစ်ဆေးသည်။ ယင်းစက်ရှင်ရုံးတွင် စစ်ဆေးရာ၌လည်း တရားခံဘက်မှ သက်သေမပေးသဖြင့် ဆက်လက်စစ်ဆေးဘွယ်မရှိတော့ဘဲ အက်ဆက်ဆာလူကြီး ၄ဦး၏ အကဲဖြတ်ချက်ကိုသာ နားထောင်ရလေသည်။
ထိုအက်ဆက်ဆာလူကြီးများ အကဲဖြတ်ချက်မပေးသေးမီ ရွှေမျက်မှန်ဘုန်းကြီးဦးဝိဇယက မိမိသည် မြန်မာစစ်စစ်ဖြစ်ကြောင်း၊ မြန်မာစကားကို နိဒါန်းနိဂုံး အအုပ်အခံ ကျနမှန်ကန်စွာ ပြောဆိုတတ်ကြောင်း၊ ပုဒ်မ ၁၂၄(က)ကိုလည်း ချွင်းချက်နှင့်တကွ ကျကျနနဖတ်ရှုထားကြောင်း၊ ဥပဒေလွတ်အောင် အရှောင်အတိမ်းနှင့်သာ ဟောပြောကြောင်း၊ ဤနည်းစံနစ်ဖြင့် ဟောပြောခဲ့သည်မှာ နှစ်ပရိစ္ဆေဒကြာလှပြီ ဖြစ်ကြောင်း၊ မည်သည့်တရားပွဲတွင်မှ ဥပဒေစွန်းငြိသည်ကို ဟောပြောမိသဖြင့် အစစ်အေဆေးမခံခဲ့ရ ဘူးကြောင်း၊ အင်္ဂလိပ်ခွေးဟုဆိုလျှင် ဥပဒေမလွတ်ကြောင်း၊ အင်္ဂလိပ်ခွေးများဟာ ကောင်းကောင်းစားရလို့ အလွန်ဝသည်ဟုဆိုလျှင် အပြစ်လွတ်ကြောင်း၊ ဤစုံထောက်တင်ပြသော စကားများမှာ မိမိဟောကြား ချက်ကို အပြည့်အစုံမရေးသားဘဲ အပြစ်စွန်းငြိရလေအောင် စကားအပိုင်းအစများကိုသာ ထုတ်နှုတ် ဆက်စပ် ဖော်ပြထားကြောင်း စသောအားဖြင့် လျှောက်လဲလေသည်။
အက်ဆက်ဆာလူကြီးများကလည်း ဤပုဂ္ဂိုလ်၏ တရားပွဲမြောက်မြားစွာကို ကြားနာဘူးကြောင်း၊ ယခုနက လျှောက်လဲသည့်အတိုင်း ဥပဒေနှင့် မစွန်းငြိဘဲ ဥပဒေလွတ် အသုံးအနှုန်းများကိုသာ ကြားနာရဘူးကြောင်း စသည်ဖြင့် အကြောင်းပြပြီးလျှင် ဤပုဂ္ဂိုလ်အား အပြစ်မပေးထိုက်ကြောင်း အကဲဖြတ်ကြလေသည်။
ထို့နောက် ၃ ရက်ခွါပြီးရုံးချိန်းသည်။ ရုံးချိန်းရက်သို့ရောက်သောအခါ တရားသူကြီးက ဤဆရာတော် ဟောပြောသော စကားများသည် အစိတ်အစိတ်အားဖြင့် ဥပဒေလွတ်သော်လည်း စကား အားလုံးပေါင်း လိုက်သော် ဥပဒေနှင့် စွန်းငြိနေသဖြင့် ထောင်ဒဏ် ၃ နှစ်ခံစေဟု စီရင်ချက်ချလေသည်။
မောင်ဘဆောင် ပြောစကားများ၌လည်း သူပုန်ထစေရန် လှုံ့ဆော်ချက်များ ပါရှိသည်ဟုဆိုကာ ထောင်ဒဏ် ၃နှစ်ပင် စီရင်ချက်ချလေသည်။