သတင်း

အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား

နတ်တော်လဆန်း(၃)ရက်၊ (21.11.2017)နေ့ကဖြစ်သည်။ မစိုးရိမ်တိုက်သစ် နာယကဆွမ်းစားဆောင်သို့ ရောက်သောအခါ စာရေးသူနေရာမှာ ဆွမ်းဒါယိကာမကြီး ထိုင်နေသည်ကိုတွေ့ရ၏။

ထိုဆွမ်းဒါယိကာမကြီးက စာရေးသူကို မကြည်ညို၊ စာရေးသူဆို ကြည့်မရ။ ခါတိုင်းဆိုလျှင် စာရေးသူတို့စားပွဲရှိရာကို လုံးဝ မလာ။ အခြားနာယကဆရာတော်များ ဆွမ်းဝိုင်းတွေမှာပဲ ပွဲကျတတ်၏။ ရံဖန်ရံခါ စာရေးသူကို အဝေးကနေ ရန်တွေ့တတ်၏။ သူပြောချင်ရာပြောပြီး စာရေးသူကိုလှမ်းအကဲခတ်သည့်အခါ စာရေးသူက လက်မ ထောင်၍ပြတတ်၏။ ထိုအခါ နာယကဆရာတော်များ တဝါးဝါးနှင့် သဘောကျသွားတတ်၏။

“သူက ဘာမို့လဲ။ ဟိုက နိုဘယ်ဆုရှင်။ နိုင်ငံတကာဆုတံဆိပ်တွေလည်း မရေမတွက်နိုင်။ ကမ္ဘာက ဖူးဖူးမှုတ်ထားရတဲ့သူ”ဟု အဝေးကနေ ရင်ဖွင့်နေတတ်၏။ ထိုအခါ စာရေးသူက မသိချင်ယောင် ဆောင်နေတတ်၏။

ထိုကဲ့သို့ တီးတိုးပြောရုံနဲ့တင် အားမရသေး။ မဟာနာယကဆွမ်းဝိုင်းသွားကာ မဟာနာယကဆရာတော်များအား စာရေးသူကို နှင်ထုတ်ဖို့ လျှောက်ထားတတ်ပြန်၏။ “အောင်သောင်းက သူ့ကို ဒေါ်လာတွေသန်းချီပေးထားတာ၊ အောင်သောင်းအားကိုးနဲ့ ဒေါ်စုကို ပုတ်ခတ်နေတာ၊ မစိုးရိမ်နာယကသိက္ခာကျတယ်၊ ကျောင်းတိုက်ထိခိုက်နစ်နာတယ်၊ နှင်ထုတ်သင့်တယ်”ဟု တင်းတင်းမာမာလျှောက်ထားခြင်းဖြစ်၏။

အသက်အရွယ်ကလည်း ကြီးပြန်၊ သတင်းအမှားတွေလည်း ရထားပြန်လို့ မဟာနာယကဆရာတော်ကြီးက ဘာမှ မတုန့်ပြန်ဘဲ ရယ်လျက်သာ နေတော်မူ၏။ စာရေးသူက တုဏှီဘာဝေ ဆိတ်ဆိတ်နေသည့်အခါ သူဘာမျှ မတတ်နိုင်။ အခြားဆွမ်းဝိုင်းသွား၍ ဆက်၍ရင်ဖွင့်ပြန်၏။ စာရေးသူအပေါ်ကျသော ဒေါသက အခြားနာယကဆရာတော်တစ်ပါးထံ ရောက်သွား၏။ “ကိုယ်တော်ကိုပါ နှင်ထုတ်ရမလား”ဟု ဒေါသတကြီးပြောခြင်းဖြစ်၏။ ထိုနေ့မှစ၍ ထိုနာယကဆရာတော်လေး သပိတ်မှောက်သွားတော့၏။ လဆန်း(၃)ရက်နေ့ဆိုလျှင် ဆွမ်းစားကျောင်းမလာတော့ပေ။ သို့သော် ထိုဆရာတော်လေး သပိတ်မှောက်သွားသည်ကို အဆိုပါဆွမ်းဒါယိကာမကြီး သိချင်မှ သိပေမည်။

တစ်ခါအပြောခံရသူက ဆွမ်းမစားဘဲ သပိတ်မှောက်သွားသော်လည်း အခါခါအပြောခံရသည့် စာရေးသူကမူ သွားမြဲသွား စားမြဲစားနေ၏။ အဖိတ်ဥပုသ်နေ့များဆိုလျှင် နယ်ခရီးထွက်စရာရှိတတ်၍ ဆွမ်းစားမကြွဖြစ်သော်လည်း ဆွမ်းဒါယိကာမကြီး ဆွမ်းကပ်ရက်က လဆန်း(၃) (ကြားရက်)ဖြစ်နေသဖြင့် နယ်ခရီးသွားစရာမရှိ။းထို့ကြောင့် စာရေးသူကား ပုံမှန်ကြွဖြစ်၏။

ဆွမ်းဒါယိကာမကြီးက စာရေးသူအပေါ် သံယောဇဉ်တော့ ရှိပုံရ၏။ စာရေးသူ ဆွမ်းစားမလာလျှင် ‘မလာဘူးလား၊ ဘာလို့မလာတာလဲ၊ ဘယ်ကြွနေလဲ’ဟု အခြားဆရာတော်များအား မေးမြန်းနေတတ်၏။ စာရေးသူနှင့် ဆွမ်းဒါယိကာမကြီးကား မတည့်အတူနေ၊ မမြင်ချောင်းကြည့် ပုံစံမျိုး ပဋိဃသံယောဇဉ် (အမုန်းသံယောဇဉ်)စွဲငြိနေတော့၏။ အခြားဆွမ်းဒါယကာ ဒါယိကားမများနှင့် စကားစပ်မိသည့်အခါ စာရေးသူက ထိုဆွမ်းဒါယိကာမကြီးကိုရည်ရွယ်၍ ‘ကျုပ်က မသဒ္ဓါရေစာလည်း စားတယ်ဗျ’ဟု ပျက်ရယ်ပြုတတ်သော်လည်း စာရေးသူသပိတ်မှောက်သွားလျှင် ဆွမ်းဒါယိကာမကြီး စိတ်မကောင်းဖြစ်နေမည်စိုး၍ မျက်နှာပူပူနှင့် ကြွမြဲကြွနေခြင်း ဖြစ်ပေသည်။

ဆွမ်းဒါယိကာမကြီးကား အသက်(၈၄)နှစ်အရွယ်ရှိပေပြီ။ ဘဝကူးချိန်တွင် စာရေးသူအကြောင်း စွဲလန်းသွားလျှင် ဘဝတိမ်းစောင်းသွားနိုင်ပေသည်။ ထိုသို့ အဖြစ်မခံနိုင်ပါ။ ထို့ကြောင့် ကြွမြဲကြွခြင်းသာ ဖြစ်ပါသည်။ ဆွမ်းဒါယိကာမကြီးမပါသောနေ့များတွင် နာယကဆရာတော်များက စတတ်သလို မဟာနာယကဆရာတော်များကလည်း ‘ဝိစိတ္တ- မင်းဒကာမကြီးမပါဘူး၊ နေမကောင်းဘူးလား မေးလိုက်ဦး’ဟု ချစ်စနိုးပြောတတ်ပါသည်။

နိုင်ငံရေးအယူအဆကြောင့် စာရေးသူကို မကြည်ဖြူသည့် ကျောင်းဒါယကာ ဒါယိကာမအသိုင်းအဝိုင်းကား မနည်းလှပါ။ အချို့က ခပ်ရှောင်ရှောင်နေကြသော်လည်း အချို့ကမူ မဟာနာယကဆရာတော်ကြီးများထံ လျှောက်ထားတိုင်ကြားပြီး သတိပေးခိုင်းတတ်ပါသည်။

လဆန်း(၃)ရက်နေ့တိုင်း နေ့ဆွမ်းလာကပ်သည့် ဆွမ်းဒါယိကာမကြီးက နိုင်ဝင်ဘာ(၂၁)ရက်နေ့ ဆွမ်းကပ်လာသည့်အခါ အခြားနေ့များထက် ထူးခြားပြင်းထန်လာပါသည်။ စာရေးသူကို မောင်(ဘယ်သူ)ဟု နာမည်တပ်ခေါ်လာပါသည်။

‘ရဟန်းမဟုတ်တော့ဘူး၊ ပါရာဇိကကျပြီးပြီ၊ လူနာမည်ပဲခေါ်မယ်’ဟု ပြောလာပါသည်။ စာရေးသူက အပြုံးမပျက်ဘဲ ဘာဖြစ်လို့လဲဗျ ဟု ပြန်မေးသည့်အခါ “ကိုနီသေတာ ဝမ်းသာတယ်ပြောတယ်ဆို´´ဟု ပြန်ပြောပါသည်။ ကြည်လင်းကို ကျေးဇူးတင်ရာမှ ကိုနီသေ၍ ဝမ်းသာခြင်းသို့ မည်သို့မည်ပုံ ပြောင်းရွေ့သွားသည်မသိရပါ။

‘စား စား၊ ထမင်းစား၊
လှူတာမဟုတ်ဘူး၊
ကျွေးတာ’ ဟု ပြောလာပြန်ပါသည်။

စာရေးသူ တုန့်ပြန်နိုင်စွမ်းမရှိတော့ပါ။ သူ့ကိုကြည့်ပြီး သနားနေမိပါသည်။ သမီးဖြစ်သူက ပြာပြာသလဲ ပြေးလာကာ မိခင်အိုကြီးကို တွဲခေါ်ဖို့ ပြင်ပါသည်။ ပြဿနာဖြစ်မည်စိုး၍ ပူပန်ခြင်းဖြစ်ပါမည်။ “နေပါစေဗျာ – အသက်ကြီးရှာပါပြီ”ဟု စာရေးသူကပြောလိုက်သဖြင့် စိတ်ချလက်ချ ဖြစ်သွားပုံရပါသည်။

သူ့သမီးသည်ပင် စာရေးသူ၏ အဒေါ်အရွယ်ခန့်ရှိပေပြီ။ စာရေးသူဆွမ်းစားနေသည့်အတောအတွင်း လူနာမည်ခေါ်လိုက်၊ ပါရာဇိကကျပြီပြောလိုက်၊ စား စား ဟု ကျွေးလိုက်ဖြင့် ဆယ်ကြိမ်ထက်နည်းမည်မဟုတ်ပေ။

ရေနွေးမြည်းချိန်တွင် မဟာနာယကဆွမ်းဝိုင်းသို့ ပြောင်းရွေ့လိုက်ပါသည်။ နာယကဆရာတော်များက သူ့ကို စလိုက်၊ စာရေးသူက သူ့ကို စလိုက်နှင့် ဆွမ်းစားကျောင်းဘုန်းကြီးက ကြားမှဘာသာပြန်ပေးနေရပါပေသည်။ ဆွမ်းဒါယိကာမကြီးမှာ အကြားအာရုံ အားမကောင်းတော့သောကြောင့် ဖြစ်၏။

စာရေးသူ အိုးဘိုမှာနေရစဉ်၌ ထောင်ဝင်စာရိက္ခာ အမြဲလှူကြောင်း သူ့သမီးက ပြောလာသည်တွင် “အချစ်ကြီး ချစ်ခဲ့ပြီးမှ အမုန်းကြီး မုန်းခဲ့ပြီပေါ့လေ”ဟု စာရေးသူလှမ်းပြောရာ သူက “အစတုန်းကလည်း မချစ်ဘူး၊ အခုလည်းမချစ်ဘူး၊ ဘယ်တုန်းကမှ မချစ်ခဲ့ဘူး”ဟု ချေပပါသည်။ ထိုအခါ တဝါးဝါး တဟားဟားနှင့် ပွဲကျသွားကြပြန်ပါသည်။

ဆွမ်းဒါယိကာမကြီး၏ သမီးဖြစ်သူအား စာရေးသူက “ဒကာမကြီးဆီ မဟုတ်မမှန်သတင်းတွေ ပေးပို့နေသူတွေရှိမယ်ထင်တယ်ဗျ”ဟု မေးလိုက်ရာ “ရှိတာပေါ့ ဦးဇင်းရဲ့”ဟု ဖြေကြားပါသည်။

ရဟန်းသံဃာတွေအပေါ် အထင်အမြင်လွဲမှားကာ အကြည်ညိုပျက်ရုံမက ပြစ်မှားစော်ကားသည့်အဆင့်ရောက်ခဲ့ခြင်း၌ သတင်းမှားပေးသူမှာ တာဝန်ရှိပါသည်။ ထိုအတွက် ပို၍ စိတ်မကောင်းနိုင်ခဲ့ပါ။

စာရေးသူသည် ပြီးခဲ့သည့် (25.10.2017)နေ့က မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ တွဲဖက်သာသနာပိုင် သူဌေးတန်းဆရာတော်ကြီးထံ ရောက်ခဲ့ပါသည်။ ဆရာတော်ကြီးကလည်း သက်တော် (၈၄)နှစ် အရွယ်ရှိပါပြီ။ ထိုအချိန်ကား စဥ့်ကိုင်မြို့နယ် ဘာသာပေါင်းစုံဆုတောင်းပွဲသတင်း ဓာတ်ပုံများ ပျံ့နှံ့နေချိန်ဖြစ်ပါသည်။ ဆရာတော်ကြီး စိတ်ထိခိုက်မည်စိုး၍ မလျှောက်ဝံ့ခဲ့ပါ။

သီလ သမာဓိ အားကြီးသည့် ဆရာတော်များသည် ဗုဒ္ဓသာသနာတော်ကို သာမန်ရဟန်းတော်တွေထက် ပို၍ ချစ်မြတ်နိုးတတ်ပါသည်။

စဥ့်ကိုင်သတင်း ကြားရလျှင် စိတ်ထိခိုက်ကာ ကျန်းမာရေးပါ ဆိုးဝါးစေနိုင်ပါသည်။ ထို့ကြောင့် သတင်းမှန်ပင်ဖြစ်သော်လည်း သက်တော်ရှည်ဆရာတော်ကြီးများအား အသိပေး လျှောက်ထားမှု မပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

အခြားတစ်ဖက်မှ အမြင်မတူသူများကမူ သေခါနီးအရွယ်ကြီးတွေကိုပင် မရှောင်နိုင်တော့ဘဲ သတင်းမှားတွေပေး၍ စိတ်ဆင်းရဲအောင် လုပ်နေပါသည်။

ဤသည်မှာ အမျိုးသားရေးနှင့် နိုင်ငံရေး ကွာခြားသွားခြင်း ဖြစ်ပါသည်။ အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား ကွာခြားသွားခြင်း ဖြစ်ပါသည်။ အမျိုးသားရေးသမားက သတင်းမှန်ကိုပင် ပြောသင့်သူကိုမှ ပြောပါသည်။ နိုင်ငံရေးသမားက သတင်းမှားကြီးကိုပင် မပြောသင့်သူကိုလည်း ပြောတတ်ပါသည်။

အမျိုးသားရေးသမားက အမျိုးသားအကျိုးစီးပွား အဓိက နိုင်ငံရေးသမားက ကိုယ်ကျိုးစီးပွား အဓိကသာ ဖြစ်ပါသည်။

ဝီရသူ (မစိုးရိမ်)
30.11.2017
10:14 AM